AA အဖွဲ့က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု

AA အဖွဲ့က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 19 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

AA အဖွဲ့က အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်ထားသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ဝန်ထမ်းများနှင့် အရပ်သားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးမှုများပြုလုပ်ပြီးနောက် မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၇၆ ဦးအနက် ထောက်ခံမဲ ၃၇၆မဲ၊ ကန့်ကွက်မဲ ခုနစ်မဲ၊ ကြားနေမဲ ၃ မဲ၊ဆန္ဒမဲအရေအတွက် ၃၈၆ မဲရှိခဲ့သည့်အတွက် အဆိုအား အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ယင်းအရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အများသူငှာ ပုံမှန်သွားလာနေသော ခရီးလမ်းများအတွင်း ဦးဝှေ့တင်းကဲ့သို့ ဥပဒေမဲ့အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရသည့် အရပ်သားများ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ အမြောက်အမြားလည်း ရှိခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးခံရသူများအား လုံခြုံရေးအရ စစ်ဆေးခဲ့သည်ဆိုသည့် အကြောင်းပြချက်သည် တရားမျှတမှုကင်းမဲ့ခဲ့သည့်အပြင် ယုတ္တိတန်ခြင်းလည်း မရှိကြောင်း၊ ယခုကဲ့သို့ AA အဖွဲ့၏ ဥပဒေမဲ့ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ လက်တွေ့ဆောင်ရွက်ချက်များနှင့် အနာဂတ် ဦးတည်မျှော်မှန်းချက်များ အပါအဝင် နိုင်ငံသူနိုင်ငံသားများနှင့် မည်သည့်အဖွဲ့အစည်းအတွက်မဆို ကောင်းကျိုးတစ်စုံတစ်ရာမျှ ဖြစ်ပေါ်စေနိုင်မည်မဟုတ်ကြောင်း အဆိုရှင် ဒေါက်တာလှမိုးက အဆိုတင်သွင်းစဉ်ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအနေဖြင့် ပြည်သူများက ရွေးကောက်တင်မြှောက်ထားပြီး လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေများအရ မိမိထံပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများဖြစ်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊ နိုင်ငံတော်နှင့် မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခြင်း၊ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံ ပြန်လည်ရှင်းလင်းတင်ပြခြင်းနှင့် မဲဆန္ဒရှင်များ၏ တင်ပြချက်များနှင့် စပ်လျဉ်းပြီး လွှတ်တော်သို့တင်ပြခြင်း စသည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နေစဉ် ရခိုင်လက်နက်ကိုင် AA အဖွဲ့က ယခုကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၂၈ ဦးခန့် အမည်စာရင်းပေးသွင်းခဲ့သော်လည်း ရှစ်ဦးသာ ဆွေးနွေးခဲ့သည်။

Most Read

Most Recent