ရခိုင်ပြည်သူများ တိုက်ပွဲအတွင်းနှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ပုံစံတစ်မျိုးမျိုးဖြင့် ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းအပေါ် စာနာထောက်ထားကြောင်းနှင့် ပါဝင်ပတ်သက်သူအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြုလုပ်ရန် လွှတ်တော်ကပျက်ကွက်နေဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ဆွေးနွေး

ရခိုင်ပြည်သူများ တိုက်ပွဲအတွင်းနှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ပုံစံတစ်မျိုးမျိုးဖြင့် ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းအပေါ် စာနာထောက်ထားကြောင်းနှင့် ပါဝင်ပတ်သက်သူအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြုလုပ်ရန် လွှတ်တော်ကပျက်ကွက်နေဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ဆွေးနွေး
နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ဆွေးနွေးနေစဉ်
နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ဆွေးနွေးနေစဉ်
Published 19 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

ရခိုင်ပြည်သူများ တိုက်ပွဲအတွင်းနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ပုံစံတစ်မျိုးမျိုးဖြင့် ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းအပေါ် စာနာထောက်ထားကြောင်း၊ အလေးအနက်ထားကြောင်းနှင့် ပါဝင်ပတ်သက်သူအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြုလုပ်ရန် အရေးကြီးအဆို တင်သွင်းချိန်အထိ လွှတ်တော်က ပျက်ကွက်နေကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းသည့် အရေးကြီးအဆိုနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ဒေါ်ထုမေက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တစ်ကျော့ပြန်တိုက်ပွဲများ ရပ်တန့်ရေး၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ညှိနှိုင်းအဖြေရှာရန်အတွက် ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သော်လည်း ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ တောင်းဆိုချက်သည် ရလဒ်မထင်ခဲ့ကြောင်း၊ ရခိုင်ပြည်သူများ၏ အသံကိုယ်စားပြုပြီး အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ရခိုင်ပြည်နယ်ပါဝင်လာနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် မည်မျှထိရောက်မှု ရှိသနည်းနှင့် မည်မျှအလေးပေး အကောင်အထည်ဖော်ခဲ့သနည်း ဆိုသည်ကို ယနေ့ရခိုင်ပြည်နယ်၏ အခြေအနေကိုကြည့်ပါက မြင်သာကြောင်း ဒေါ်ထုမေက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်းကြောင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရပြီး ဒေသခံ ရခိုင်ပြည်သူများ ရာနှင့်ချီပြီး ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ တိုက်ပွဲများအကြား လက်နက်သင့်ပြီး သေကျေပျက်စီးခဲ့သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အပြစ်မဲ့ပြည်သူများစွာ ရှိနေကြောင်း၊  ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ အရပ်သား ထိခိုက်သေဆုံးမှု ၈၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိသည်ဟု သိရှိရပြီး ဒေသအာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံရပြီးနောက် သေဆုံးခဲ့ရသည့် ရခိုင်ပြည်သူများလည်းရှိနေကြောင်း ဒေါ်ထုမေက ပြောကြားသည်။ 

“ပုံမှန်သွားလာလျက်ရှိတဲ့ လမ်းခရီးစဉ်မှာ စစ်ဆေးခံရရင် ရပ်တန့်ခြင်းမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူများလည်း မကြာသေးမီအထိ ရှိနေသေးကြောင်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ လွှတ်တော်အနေနဲ့ ရခိုင်ပြည်သူများ တိုက်ပွဲအတွင်းသော်လည်းကောင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲနဲ့ ပုံစံတစ်မျိုးမျိုးနဲ့ နည်းလမ်းအသွယ်သွယ် ဖမ်းဆီးခံရခြင်းကြောင့်လည်းကောင်း သတ်ဖြတ်ခံခြင်းအပေါ် စာနာထောက်ထားကြောင်း၊ အလေးအနက်ထားကြောင်း ပါဝင်ပတ်သက်သူအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြုလုပ်ရန် ယနေ့အရေးကြီးအဆို တင်သွင်းချိန်အထိ ပျက်ကွက်နေကြောင်း လေးစားစွာနဲ့ ထောက်ပြဆွေးနွေးလိုပါတယ်” ဟု ဒေါ်ထုမေက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်နေသည်ဟု အတိအလင်းဖော်ပြထားပြီး နိုင်ငံသားများ၊ တိုင်းရင်းသားပြည်သူများမရှိပါက ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်လည်း ရှိလာမည် မဟုတ်သည်ကို သတိပြုသင့်ကြောင်း ဒေါ်ထုမေက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

တိုက်ပွဲကြားတွင် အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးမှုအပေါ် တိတ်ဆိတ်နေခြင်းသည် တရားမျှတမှုမရှိသလို လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ပြည်သူများက မေးခွန်းထုတ်နေကြပြီး လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင် မေးခွန်းထုတ်လာခြင်းသည် မိမိတို့၏ ဒီမိုကရေစီ အရည်အသွေးကို မေးခွန်းထုတ်ခြင်းနှင့် အတူတူဖြစ်ကြောင်း၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်မှုများသည်လည်း ဥပဒေပြင်ပဖြစ်သည့် အတွက်ကြောင့် မည်သူမျှမလုပ်ထိုက်ကြောင်း လွှတ်တော်က အလယ်မှတည့်မတ်စွာ ရပ်တည်ပြီး တရားမျှတခြင်းကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူများအပေါ်တွင် တရားမျှတမှု ကင်းမဲ့စွာဆက်ဆံမှု၊ တရားဥပဒေဘောင်ပြင်ပမှ ဆောင်ရွက်မှု၊ အပြစ်မဲ့ပြည်သူများကို မခိုင်လုံတဲ့ သံသယများနှင့် ဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်သေစေမှု အားလုံးကို မည်သူက ဆောင်ရွက်သည်ဖြစ်စေ လွှတ်တော်အနေဖြင့် ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည် အကာအကွယ်ပေးသင့်ပြီး လွှတ်တော်ကိုယ်စားလှယ်၊ သာမန်ပြည်သူဟူ၍ ခွဲခြားမှုမပြုသင့်ကြောင်း ဒေါ်ထုမေက လွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့သည်။