မန္တလေးမြို့ရှိ အမည်နှင့် လမ်းများကို လမ်းနံပါတ်များသတ်မှတ်၍ ပြောင်းလဲတပ်ဆင်ခြင်းဆောင်ရွက်မည်

မန္တလေးမြို့ရှိ အမည်နှင့် လမ်းများကို လမ်းနံပါတ်များသတ်မှတ်၍ ပြောင်းလဲတပ်ဆင်ခြင်းဆောင်ရွက်မည်
Published 16 November 2019
လဲ့လဲ့အောင်

မန္တလေးမြို့ရှိ အမည်နှင့်ရှိနေသော အဓိကလမ်းမကြီးများအပါအဝင် လမ်းသွယ်များကို လမ်းနံပါတ်များ ပြင်ဆင်သတ်မှတ်ထားကာ ပြောင်းလဲတပ်ဆင်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လမ်းနံပါတ်ပြင်ဆင်သတ်မှတ်ခြင်းကို အဓိကလမ်းမကြီးဖြစ်သော သိပ္ပံလမ်းမှစတင်ကာ ပြည်ကြီးတံခွန်၊ အမရပူရ စသည့်မြို့နယ်များရှိ အမည်နှင့်လမ်းများအားလုံး လမ်းနံပါတ် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းနံပါတ်များ ပြောင်းလဲတပ်ဆင်အသုံးပြုရာတွင် မန္တလေးမြို့ရှိ ယခင်လမ်းနံပါတ်များနှင့် တူညီမှုမရှိစေရန် သိပ္ပံလမ်းအားလမ်းနံပါတ် ၁၀၁ အဖြစ် စတင်သတ်မှတ်၍ နံပါတ်စဉ်အလိုက် သတ်မှတ်သွားမည်ဖြစ်ကာ ရပ်ကွက်အတွင်း လမ်းသွယ်များကို လမ်းနံပါတ်နှင့်တကွ အေ၊ ဘီ စသည့်အက္ခရာများနှင့် သတ်မှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

“မန္တလေးက အရှေ့အနောက်နဲ့ တောင်မြောက်အပြိုင်လမ်းတွေကို နံပါတ်စဉ်ပြောင်းတပ်ထားတယ်။ တဖြောင့်တည်းမရှိတဲ့ လမ်းမကြီးတွေကတော့ အမည်အတိုင်းပဲ ကျန်ခဲ့မယ်။ အခုပြောင်းလဲထားမှုအရ နံပါတ်နဲ့ လမ်းအရေအတွက်က ၂၀၀၀ ကျော်ရှိပြီး အမည်နဲ့က လမ်း ၇၀ ကျော်ကျန်နေမယ်။ နောက်တစ်ခုက ပြောင်းလဲတပ်ဆင်တဲ့အခါမှာ ရက်ကွက်အလိုက်သိရှိနိုင်မယ်။ Zip Code တွေပါ ထည့်သွင်း‌ပေးသွားမယ်။ Zip Code ရေးဆွဲထားမှုက ရပ်ကွက်လမ်းတွေနဲ့ အကွက်တွေအလိုက် သတ်မှတ်ထားတာဖြစ်တာကြောင့် လိပ်စာရှာတဲ့အခါ အရမ်းလွယ်ကူသွားမယ်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

ယင်းကဲ့သို့ လမ်းနံပါတ်များပြောင်းလဲသတ်မှတ်ခြင်းမှာ မန္တလေးမြို့ရှိ အမည်နှင့် လမ်းများသည် လမ်းအမည်ထပ်နေမှုများစွာရှိပြီး အချို့လမ်းများမှာ လမ်းတစ်ခုတွင် အမည်နှစ်မျိုးဖြစ်နေခြင်းများ ရှိသည့်အတွက် သွားလာရာတွင် ခက်ခဲမှုများရှိခြင်းကြောင့် သွားလာရေးလွယ်ကူစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြောင်းလဲတပ်ဆင်မည့် လမ်းဆိုင်းဘုတ်များတွင် ရပ်ကွက်၊ မြို့နယ်အလိုက် Zip Code ဖြစ်သည့် ဂဏန်းရှစ်လုံးပါဝင်မည်ဖြစ်ပြီး ပြောင်းလဲသတ်မှတ်ထားသည့် လမ်းနံပါတ်များအား အဓိကထားကာ မူလရှိသည့် လမ်းအမည်နှင့် ယှဉ်တွဲဖော်ပြပေးမည်ဖြစ်ကြောင်း လမ်းဆိုင်းဘုတ်များကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ပြုလုပ်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းနံပါတ်များ ပြောင်းလဲတပ်ဆင်ခြင်းကို ယခုနှစ်မကုန်ခင် စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ကနဦးအနေဖြင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သိပ္ပံလမ်းမှစတင်ကာ အမည်နှင့်ရှိနေသော လမ်းများကို နံပါတ်များ ပြောင်းလဲတပ်ဆင်မည်ဖြစ်ကြောင်း၊ လမ်းညွှန်ဆိုင်းဘုတ်များတပ်ဆင်ရန် စည်ပင်သာယာရေးကော်မတီမှ ဘတ်ဂျက်လျာထားခြင်းမရှိဘဲ အလှူရှင်များ၏လှူဒါန်းမှုများကိုလက်ခံကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းဆိုင်းဘုတ်တစ်ခုလျှင် အကြမ်းအားဖြင့် ငွေကျပ် ၆၀၀၀၀ ကျော်ကုန်ကျမည်ဖြစ်ကာ မည်သူမဆို လာရောက်လှူဒါန်းနိုင်ပြီး လှူဒါန်းသည့်သူများအား အကျိုးခံစားခွင့်အဖြစ် လမ်းဆိုင်းဘုတ်များအောက်တွင် လှူဒါန်းသည့်ကုမ္ပဏီအမည်များ ရေးထိုးကြော်ငြာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent