စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပူးပေါင်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရန် ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြမည်

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပူးပေါင်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရန် ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြမည်
Published 15 November 2019
အောင်မင်းသိန်း

စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများကို ပူးပေါင်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဉ် (လျာထားချက်) အရ သိရသည်။

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်၊ ညောင်တုန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က အဓိကကတော့ နိုင်ငံပိုင် စက်ရုံတွေပေါ့၊ နိုင်ငံပိုင်စက်ရုံတွေက အရှုံးပေါ်နေတဲ့ကိစ္စတွေပေါ့။ အဲဒါကို ကျွန်တော်တို့က ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတော့ PPP ပေါ့။ Public Private Partnership ပုံစံနဲ့ သွားရမှာဖြစ်တဲ့အတွက် ဒီစက်ရုံတွေရဲ့ ပိုင်ဆိုင်ခွင့်တို့၊ အစုရှယ်ယာ ထည့်ဝင်နိုင်မှုတို့ဟာ အဓိက စီမံ/ဘဏ္ဍာက သွားရမယ့်ဟာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က စက်မှုဝန်ကြီးဌာနက စီမံ/ဘဏ္ဍာနဲ့ပေါင်းမှ အဆင်ပြေမှာဖြစ်တဲ့အတွက် ပေါင်းစည်းခြင်း ဖြစ်ပေါ်လာတယ်ပေါ့” ဟု ပြောကြားသည်။

စက်မှုဝန်ကြီးဌာနနှင့် ပတ်သက်သည့် စက်ရုံများသည် များသောအားဖြင့် ဘတ်ဂျက်တင်တောင်းသော်လည်း လုပ်ငန်းလည်ပတ်မှုများတွင် အရှုံးများနေကြောင်း၊ ယင်း အခြေအနေများအား မည်သည့်စနစ်ဖြစ် သွားမည်ဆိုသည်ကို ပြောင်းလဲမှရတော့မည် ဖြစ်၍ နိုင်ငံပိုင်စက်ရုံများ အရှုံးပေါ်နေခြင်း များကြောင့် ယခုလုပ်ငန်းစဉ် ပေါ်လာခြင်း ဖြစ်ကြောင်း ဦးအုန်းလွင်က ပြောကြားသည်။

“ဝန်ကြီးဌာနတစ်ခုလုံးကို ဖျက်သိမ်း မှာတော့ မဟုတ်ဘူး။ ဒါကတော့ အထင်လွဲတာဖြစ်ပါလိမ့်မယ်။ ဒီစက်မှုဝန်ကြီးဌာနနဲ့ စီမံ/ဘဏ္ဍာနဲ့ပေါင်းလိုက်တာပါ။ ပိုပြီးကျစ်လျစ်သွားပါမယ်။ (စက်မှုဝန်ကြီးဌာနက ဝန်ထမ်းအချို့ကို ပင်စင်ပေးမယ်ဆိုတာမျိုးကြားနေတာကရော) ဒါကတော့ PPP လုပ် လိုက်တဲ့ ပုံစံမျိုးမှာတော့ ကျွန်တော်တို့ Private နဲ့ ပေါင်းမယ့် ဝန်ထမ်းတွေကတော့  သက်ဆိုင်ရာ အစုရှယ်ယာပုံစံမျိုးနဲ့ ဝင်တာ ဖြစ်တဲ့ အခါကျတော့ ဒီဝန်ထမ်းတွေကတော့ တစ်ဖက်ကို ကူးဝင်မလား။ ဒါမှမဟုတ် ဒီဘက်မှာပဲ ဝန်ထမ်းဘဝနဲ့ ပင်စင်ယူမလား။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ လက်ရှိလည်း ဒါမျိုးတွေ အထည်ချုပ်စက်ရုံတွေ ဘာတွေမှာ ဒါမျိုးသွားနေတာတွေ ရှိပါတယ်”ဟု ဦးအုန်းလွင်က ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၎င်းနှင့်သက်ဆိုင်သည့် ဥပမာ အစုရှယ်ယာနှင့် သက်ဆိုင်သည့် အပိုင်းကိုသာ မှတ်တမ်းတင်ခြင်း၊ ဘတ်ဂျက်ခွဲဝေခြင်း လုပ်ရမည်ဖြစ်ပြီး ကျန်ရှိသည့် စက်မှုဝန်ကြီးဌာန နှင့် သက်ဆိုင်သည့် အပိုင်းများကို စက်မှုဝန် ကြီးဌာန၏ လက်ရှိ ဖွဲ့စည်းပုံအရသာ ဆက်လုပ်သွားရမည် ဖြစ်ကြောင်း ဦးအုန်းလွင်က ပြောကြားသည်။

စက်မှုဝန်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်ငန်းများပေးရာတွင်လည်း အမြတ်မရနိုင်ခြင်းကြောင့် လုပ်ငန်းရှင်များက မယူချင်ကြကြောင်း၊ ချည်မျှင်နှင့် အထည် စက်ရုံများကို စိတ်ဝင်စားမှုများ ရှိသော်လည်း  နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးသည် သိပ်မကောင်းခြင်းကြောင့် မယူချင်ကြကြောင်း နှင့်  အစိုးရအသစ် တက်လာသည့်အခါတွင် တန်ရာတန်ကြေးဖြင့်သာပေးပြီး လျှော့စျေးနှင့် မပေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များက မယူချင်ကြကြောင်း မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက The Daily Eleven  သတင်းစာကို ပြောကြားသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား တာဝန်မှ အနားပေးပြီး နောက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပူးတွဲကိုင်တွယ်နေခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတစ်ဦးလည်း ထပ်မံခန့်အပ်ထားသည်။

 

Most Read

Most Recent