ဘင်္ဂါလီမွတ်စလင်တို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် အာဂျင်တီးနားတွင် တရားစွဲဆို ခံထားရသူများစာရင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နာမည် ပါဝင်

ဘင်္ဂါလီမွတ်စလင်တို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် အာဂျင်တီးနားတွင် တရားစွဲဆို ခံထားရသူများစာရင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နာမည် ပါဝင်
နိုဝင်ဘာ ၄ ရက်က ဘန်ကောက်တွင် ကျင်းပသော အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ၂၀၁၈ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Photo: AFP)
နိုဝင်ဘာ ၄ ရက်က ဘန်ကောက်တွင် ကျင်းပသော အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ၂၀၁၈ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Photo: AFP)
Published 15 November 2019
Ref: AFP

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အာဂျင်တီးနားနိုင်ငံတွင်  တရားစွဲဆိုထားမှု၌ အမည်စာရင်းများကို နိုဝင်ဘာ ၁၃ ရက်က ဖော်ပြရာ ဒီမိုကရေစီ အိုင်ကွန်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမည်သည် မြန်မာထိပ်တန်း အရာရှိများစွာတို့၏ အမည်စာရင်းနှင့်အတူ ပါဝင်လာကြောင်း သိရသည်။ ယင်းသည် ရခိုင်အရေးနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ပစ်မှတ်ထားခံရမှု၌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၏ အမည် ပထမဆုံးအဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ဘင်္ဂါလီနှင့် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံပေါင်းများစွာတို့၏ ဥပဒေ၌ ထည့်သွင်းထားသည့် ဥပဒေ သဘောတရားအရ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး စည်းမျဉ်းအောက်၌ အာဂျင်တီးနားနိုင်ငံတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေ သဘောတရားအရ စစ်ရာဇဝတ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတစ်နိုင်ငံတည်းအတွက်သာ အကျုံးမဝင်တော့လောက်အောင် အလွန်ကြောက်မက်ဖွယ် ကောင်းသော ရာဇဝတ်မှုများကို မည်သည့်နေရာ၌မဆို တရားစွဲဆိုနိုင်သည်ဟူသည့် အချက်ပါဝင်သည်။

“လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ကြိုးကိုင်သူတွေ၊ ပူးပေါင်း ပါဝင်သူတွေနဲ့ ဖုံးကွယ်ထားသူတွေကို ရာဇဝတ်ကြောင်းအရ ပိတ်ဆို့မှုပြုလုပ်ရေး ကြိုးပမ်းတဲ့အနေနဲ့ ဒီအမှုကို တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို အာဂျင်တီးနားကနေတစ်ဆင့် လုပ်ရတာကတော့ သူတို့အနေနဲ့ တခြားဘယ်နေရာမှာမှ ရာဇဝတ်ကြောင်းအရ အမှုဖွင့်ဖို့ တခြားဖြစ်နိုင်ခြေတွေ မရှိလို့ပါပဲ”ဟု ရှေ့နေတစ်ဦး ဖြစ်သည့် တိုမက်အိုဂျီယာက ပြောကြားခဲ့သည်။

ယခု တရားစွဲဆိုမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် စစ်ဘက်နှင့် နိုင်ငံရေးဘက်တို့မှ ထိပ်တန်းခေါင်းဆောင်များအား ဘင်္ဂါလီမွတ်စလင် လူနည်းစု ရင်ဆိုင်ခဲ့ရသည့် ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ တရားစီရင်ရေးကို ရင်ဆိုင်ရန် တောင်းဆိုထားသည်။

အာဂျင်တီးနား တရားရုံးများသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ အမှုများကို လက်ခံခဲ့ဖူးရာ အာဏာရှင်ဟောင်း ဖရန်စစ္စကိုဖရန်ကို စပိန်၌ အုပ်စိုးစဉ်ကာလနှင့် တရုတ်နိုင်ငံ ဖာလန်ဂေါင် လှုပ်ရှားမှုတို့နှင့် ပတ်သက်သော အမှုများလည်း ပါဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်၌ ဘင်္ဂါလီမွတ်စလင်များကို မောင်းထုတ်ခဲ့မှုအတွက် မြန်မာနိုင်ငံသည် ကမ္ဘာတစ်လွှားရှိ တရားရုံးများ၌ ဥပဒေကြောင်းအရ ဖိအားပေးမှုများ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။

နိုဝင်ဘာ ၁၁ ရက်ကလည်း ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးဖြစ်သော သည်ဟိဂ်မြို့ရှိ ICJ ၌ မြန်မာနိုင်ငံအား အမှုဖွင့်ခဲ့သည်။

တတိယမြောက် တရားစွဲဆိုမှုမှာ ပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဘင်္ဂါလီများ ဒုက္ခသည်အဖြစ် ခိုလှုံနေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့်နှစ်တွင် အကြိုစုံစမ်းစစ်ဆေးမှုများကို စတင်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုမှု၏ ရလဒ်တစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းများ ထုတ်ပေးလိမ့်မည်ဟု မျှော်လင့်မိကြောင်း အိုဂျီယာက ပြောကြားခဲ့သည်။ သို့သော် လူမျိုးတုံးသတ်ဖြတ်မှုကို အာဂျင်တီးနားနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ၌ ထည့်သွင်းထားခြင်း မရှိသောကြောင့် ယင်းနှင့်ပတ်သက်၍ သတ်သတ်မှတ်မှတ် ဖော်ပြထားချက်များ မရှိပေ။

Most Read

Most Recent