ဘိုင်ယန်မြူးနစ် ယာယီနည်းပြ ဟန်ဆီဖလစ် တရားဝင်ခန့်အပ်ခံရဖွယ်ရှိ

ဘိုင်ယန်မြူးနစ် ယာယီနည်းပြ ဟန်ဆီဖလစ် တရားဝင်ခန့်အပ်ခံရဖွယ်ရှိ
Published 12 November 2019

ဘိုင်ယန်မြူးနစ်အသင်း ယာယီနည်းပြ ဟန်ဆီဖလစ်အနေဖြင့် အမြဲတမ်းနည်းပြအဖြစ် တရားဝင်ခန့်အပ်ခံရဖွယ်ရှိကြောင်း ဥက္ကဋ္ဌရာထူးမှ အနားယူတော့မည့် အူလီဟိုးနက်စ်က ထုတ်ဖော်ပြောကြားသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် နည်းပြ နီကိုကိုဗက်အား ရာထူးမှထုတ်ပယ်ပြီးနောက် လက်ထောက်နည်းပြ ဟန်ဆီဖလစ်ကို ယာယီကိုင်တွယ်ရန် တာဝန်ပေးအပ်ထားပြီး နည်းပြသစ်အမည်ကို သုံးပတ်အတွင်း ကြေညာနိုင်ဖွယ်ရှိကြောင်း အူလီဟိုးနက်စ်က ပြောကြားထားသည်။

ဟန်ဆီဖလစ်သည် အိုလံပီယာကော့စ်၊ ဒေါ့ မွန်အသင်းတို့နှင့် နှစ်ပွဲစလုံးကို ပေးဂိုးမရှိဘဲ အနိုင်ရစေရန် စွမ်းဆောင်ပေးခဲ့သောကြောင့် အူလီဟိုးနက်စ်က ယခုလိုထောက်ခံပြောကြားခြင်းဖြစ်သည်။

လာမည့်သောကြာနေ့တွင် ဥက္ကဋ္ဌရာထူးမှ အနားယူမည့် အူလီဟိုးနက်စ်က ''ဘုတ်အဖွဲ့အနေနဲ့ ဟန်ဆီဖလစ်နဲ့ အရင်ဆုံး ညှိနှိုင်းသင့်ပါတယ်။ လာမယ့်ရက်ပိုင်းမှာ သူတို့ဆွေးနွေးဖို့စီစဉ်နေတာကိုလည်း ကြားရပါတယ်။ ကိုယ်လိုချင်တာ ဘာလဲဆိုတာ ရှင်း ရှင်းလင်းလင်းဖြစ်နေဖို့ လိုပါတယ်။ ပြီးတော့ ရေရှည်အဆင်ပြေမယ့်အဖြေဖြစ်ဖို့လည်း လိုပါတယ်''ဟု ပြောကြားသည်။

နည်းပြသစ်ခန့်အပ်မှုကို ဥက္ကဋ္ဌသစ် ဟားဘတ်ဟိုင်နာ၊ အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ရူမင်နစ်ဂီနှင့် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့က ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သည်။

လောင်းကစားဒိုင်များ၏ အလေးပေးမှုစာရင်းတွင်လည်း ဟန်ဆီဖလစ်က ၅/၆ ဖြင့် ရေပန်းအစားဆုံးဖြစ်လာပြီး အာစင်ဝင်းဂါးက ၉/၂၊ မော်ရင်ဟိုက ၅/၁ ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

Most Read

Most Recent