လီဗာပူးလ်အသင်းနှင့်ပွဲမှ VAR ၏ ဆုံးဖြတ်ချက်များအတွက် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုမလုပ်ရန် မန်စီးတီးကစားသမားများအား ဂွါဒီယိုလာ ညွှန်ကြားထား

လီဗာပူးလ်အသင်းနှင့်ပွဲမှ VAR ၏ ဆုံးဖြတ်ချက်များအတွက် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုမလုပ်ရန် မန်စီးတီးကစားသမားများအား ဂွါဒီယိုလာ ညွှန်ကြားထား
Published 12 November 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် လီဗာပူးလ်အသင်းအား ရှုံးနိမ့်သည့်ပွဲမှ VAR ၏ ဆုံးဖြတ်ချက်များအတွက် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုမလုပ်ရန် ကစားသမားများအား ညွှန်ကြားထားကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက်က အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အိမ်ရှင်လီဗာပူးလ်အသင်းက မန်စီးတီးအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ် (၁၂) အပြီးမှာပင် ၎င်းတို့နှစ်သင်းအကြား ကိုးမှတ်အထိကွာဟသွားပြီဖြစ်သည်။

လီဗာပူးလ်အသင်း အဖွင့်ဂိုးမသွင်းယူမီ နောက်ခံလူ အာနိုးလ် ပယ်နယ်တီဧရိယာအတွင်း လက်ထိခဲ့သောကြောင့် မန်စီးတီးကစားသမားများက စောဒကတက်ခဲ့သော်လည်း ရုပ်သံမှတ်တမ်းများအရ အာနိုးလ်မတိုင်မီ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား၏လက်နှင့် ဦးစွာထိခဲ့သဖြင့် ပယ်နယ်တီမပေးသည့်ဆုံးဖြတ်ချက် မှန်ကန်ခဲ့သည်။

သို့သော် (၃-၁) ဂိုးရလဒ်ဖြစ်နေစဉ် မိနစ် ၈၀ ဝန်းကျင်တွင် အာနိုးလ် ဒုတိယအကြိမ် လက်ဖြင့်ထိခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာနှင့် VAR ဒိုင်တို့က ပြန်လည်ကြည့်ရှုစစ်ဆေးခြင်းမပြုသဖြင့် မန်စီးတီးအသင်း နစ်နာခဲ့ရသည်။

ဂွါဒီယိုလာသည် ယင်းဆုံးဖြတ်ချက်ကြောင့် ကွင်းဘေးစည်းရှိ စတုတ္ထဒိုင် မိုက်ဒင်းကို ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့သော်လည်း ပွဲအပြီးတွင်မူ ဒိုင်လူကြီးအားလုံးကို လက်ဆွဲ နှုတ်ဆက်ခဲ့သလို ကစားသမားများကိုလည်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုမလုပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

''မဟုတ်ပါဘူး။ လက်ဆွဲနှုတ်ဆက်တာ က ကျွန်တော် အရွဲ့တိုက်တာမဟုတ်ပါဘူး။ ဒါက ကျေးဇူးအရမ်းတင်တယ်ဆိုတဲ့သဘောပါ။ ဒိုင်လူကြီးတွေကိုရော လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကျေးဇူးတင်ပါတယ်၊ ကံကောင်းပါစေလို့ အမြဲတမ်းပြောပါတယ်။ ဒီဖြစ်ရပ်တွေ နဲ့ပတ်သက်လို့တော့ ကျေးဇူးပြုပြီး ဒိုင်တွေနဲ့ တာဝန်ရှိသူတွေကိုပဲ သွားမေးပေးပါ။ ကျွန်တော့်ကို မမေးကြပါနဲ့။ မိုက်ရီလေး (ဒိုင်အဖွဲ့အကြီးအကဲ) နဲ့ VAR အခန်းထဲကလူတွေကိုပဲ မေးကြပါ။ ကစားသမားတွေကိုတော့ စိတ်ဓာတ်မကျဘဲ ခေါင်းကိုမာ့ ထားဖို့ မှာထားပါတယ်။ တချို့ကိစ္စတွေအကြောင်း ကိုယ့်ရဲ့ အတွေးကို လူမှုကွန်ရက်တွေမှာမရေးကြဖို့၊ ဘောလုံးပွဲ ဘယ်လောက်ကောင်းကြောင်းကိုပဲ ပြောကြဖို့ ပြောထားပါတယ်''ဟု ဂွါဒီ ယိုလာက ဆိုသည်။

 

 

 

 

Most Read

Most Recent