မိမိတို့ ကာကွယ်စောင့်ရှောက်ပေးရမည့် သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မြန်မာအစိုးရအနေဖြင့် ရှောင်လွှဲမည် မဟုတ်ကြောင်း ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အာဆီယံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မိမိတို့ ကာကွယ်စောင့်ရှောက်ပေးရမည့် သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မြန်မာအစိုးရအနေဖြင့် ရှောင်လွှဲမည် မဟုတ်ကြောင်း ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အာဆီယံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 4 November 2019
ကျော်ဇော်လင်း၊ ကျော်ဇင်ဝင်း၊ ကြွယ်ဝဓနထွန်း

မိမိတို့ ကာကွယ်စောင့်ရှောက်ပေးရမည့်သူများ အားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မြန်မာအစိုးရ အနေဖြင့် ရှောင်လွှဲမည် မဟုတ်ကြောင်း ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အာဆီယံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံနှင့် ကုလထိပ်သီး အစည်းအဝေး တစ်ရပ်တွင် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရခိုင်အရေး ကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရေးနှင့် နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရ၏ တာဝန်ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ၁၀ ကြိမ်မြောက် အာဆီယံ-ကုလ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာအပေါ် ပြောကြားမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စမှာ အလွန်သိမ်မွေ့ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မိမိတို့လက်ရှိ အစိုးရသက်တမ်းထက် ဆယ်ဆမက ကာလရှည်လျားစွာ ယင်းဒေသကို ရောက်ရှိနေခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းငယ်မျှ သိထားဖို့ လိုအပ်ပါတယ်၊ မိမိတို့ ကာကွယ်စောင့်ရှောက် ပေးရမယ့်သူများ အားလုံးရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ကို မိမိတို့ အစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR UNDP နဲ့ လက်မှတ်ရေးထိုးထားတဲ့ သုံးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့အညီ စိစစ်အတည်ပြုပြီးဖြစ်တဲ့ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံဖို့ အပြည့်အဝ ကတိပြုထားပါတယ်။ နေရပ်စွန့်ခွာ သွားကြသူတွေ မိမိဆန္ဒအလျောက် အေးချမ်းလုံခြုံစွာ ပြန်လာနိုင်ဖို့ အသင့်တော်ဆုံး ပတ်ဝန်းကျင်ဖြစ်ဖို့အတွက် မိမိတို့  ကြိုးပမ်းဆောင်ရွက်နေမှုကို ကူညီပံ့ပိုးပေးကြတဲ့ အာဆီယံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့အပေါ် ကျေးဇူးတင်ရှိပါတယ်။ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတတဲ့ ချဉ်းကပ်မှုနဲ့ အကူအညီ ပေးနေကြတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမယ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်း ခေါင်းဆောင်များနှင့် ဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကုလအတွင်းရေးးမှူးချုပ်က နေရပ်စွန့်ခွါ သွားကြရသော ဘင်္ဂါလီများ လုံခြုံ၍ သိက္ခာရှိစွာဖြင့် မိမိဆန္ဒအလေျာက် နေရပ်ပြန်လည် အခြေချနိုင်ရေးနှင့် လူ့အသိုက်အဝန်း နှစ်ရပ်အကြား ပြန်လည် သင့်မြတ်ရေးအတွက် မြန်မာအနေဖြင့် တက်တက်ကြွကြွ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းကိုလည်း အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ ဆိုးရွားလာမှုနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂအနေနဲ့ များစွာပူပန် စိုးရိမ်မိပါတယ်။ နိုင်ငံတကာ ဥပဒေတွေအရ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရေး အစီအစဉ်တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့အတွက် လုံခြုံပြီး စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရမယ့် တာဝန်ကတော့ မြန်မာရဲ့ တာဝန်ပဲ ဖြစ်ပါတယ်ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတင်းထောက်တစ်ဦး၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့အပြင် နေရပ်စွန့်ခွာသွားရသူများ အနေဖြင့် ၄င်းတို့၏ ဆန္ဒအလျောက် သိက္ခာရှိစွာ ပြန်လည် အခြေချနိုင်ရေးအတွက် လုပ်ဆောင်ရမှာဖြစ်ပြီးး ယင်းလုပ်ဆောင်မှုမှာလည်း ရေရှည်တည်မြဲဲသည့် ပြန်လည်လက်ခံ နေရာချထားရေး ဆောင်ရွက်မှုဖြစ်ရန် လိုအပ်ကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့သေးသည်။

ကုလအတွင်းရေးမှူးချုပ်၏ အာဆီယံခရီးစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအပေါ် အနာဂတ် လုပ်ဆောင်ချက်များနှင့် ရခိုင်အရေး၊ ဘဂင်္ါလီများ နေရပ်ပြန်နိုင်ရေးနှင့် ကောင်းမွန်စွာ ပြန်လည်နေရာချထားရေး ကိစ္စတို့သည် အဓိက အကြောင်းအရာများ ဖြစ်ခဲ့သည်။ အာဆီယံနှင့် ကုလအတွင်းရေးမှူးချုပ်တို့၏ ဆွေးနွေးပွဲ မတိုင်မီ နိုင်ငံတကာမှ ဘင်္ဂါလီ အဖွဲ့အစည်း အချို့ကလည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားသော ထိုင်းနိုင်ငံအပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ တိုက်တွန်းတောင်းဆိုမှုများ ရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည်များထဲမှ ဘင်္ဂါလီ ၄၆ ဦးသည် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်တွင် ပြန်လည်ဝင်ရောက်လာရာ တောင်ပြိုလက်ဝဲရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွင် ၎င်းတို့အား လက်ခံခဲ့သည်။

နေရပ်စွန့်ခွာသွားသော ဘင်္ဂါလီဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရေးအတွက် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး စိစစ်မှုများပြုလုပ်ကာ တရားဝင် ပြန်လည်လက်ခံ ခဲ့သော်လည်း အစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ချိန်တွင် ပြန်လည်ဝင်ရောက်မည့်သူ မရှိပေ။

ထိုသို့ ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်ခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် ဖြစ်ကြောင်း သိရှိရသည်ဟု မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

သို့ရာတွင် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများကြားမှပင် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁ ရက်အထိ မိမိအစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာသည့် ဘင်္ဂါလီဒုက္ခသည် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

 

Most Read

Most Recent