အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှု အသိုက်အမြုံကောင်စီ အစည်းအဝေး (APSC) တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ဆွေးနွေး

အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှု အသိုက်အမြုံကောင်စီ အစည်းအဝေး (APSC) တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ဆွေးနွေး
ပုံစာ - အာဆီယံ နိုင်ငံရေးနှင့်လုံခြုံမှု အသိုက်အမြုံကောင်စီ အစည်းအဝေး (APSC) သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း)
ပုံစာ - အာဆီယံ နိုင်ငံရေးနှင့်လုံခြုံမှု အသိုက်အမြုံကောင်စီ အစည်းအဝေး (APSC) သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း)
Published 2 November 2019

အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှုအသိုက်အမြုံကောင်စီအစည်းအဝေး(APSC)ကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂ ရက် က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင်တက်ရောက်ဆွေးနွေးခဲ့သည်။

အကြိမ် ၂၀ မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှုအသိုက်အမြုံကောင်စီအစည်းအဝေး(APSC)ကို ၃၅ ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများပြုလုပ်နေသော  IMPACT ARENA ရှိ IMPACT FOURM SAPPHIRE 203 တွင် နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

APSC အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး  ဒွန်ပရာမွဒ်ဝီနိုင်းက အဖွင့်အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

“ဒေသတွင်း နိုင်ငံရေးနဲ့လုံခြုံရေးရည်မှန်းချက်များ ရေရှည်တည်တံ့ခိုင်မြဲ အောင်မြင်စေဖို့အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေကိုတိုးတက်စေရေးမှာ APSC ဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ပထဝီနိုင်ငံရေး ရှုထောင့်အမြင်တွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားက စိုးရိမ်ပူပန်စရာအခြေအနေတွေ၊  နည်းပညာတိုးတက်နေမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြားက အခြေအနေတွေဟာ အလေးဂရုပြုစရာဖြစ်နေပါတယ်။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့လုံခြုံရေးဆိုင်ရာ ကြိုးပမ်းမှုတွေကိုလက်မှတ်ရေးထိုးအတည်ပြုနိုင်ဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေအတွက် APSCရဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေက အရေးပါနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေးအတွက်ဆိုရင် နိုင်ငံအချင်းချင်းအကြား ပူးပေါင်းဆက်သွယ်လုပ်ဆောင်သင့်တယ်ဆိုတဲ့ အခြေအနေကြောင့်ပါပဲ။  APSC နဲ့ ၎င်းကို အကောင်အထည်ဖော်နေတဲ့ ကဏ္ဍအသီးအသီးအနေနဲ့ ဂုဏ်ယူဖွယ်ကောင်းအောင်ပဲ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။ အာဆီယံရဲ့ ၂၀၂၅ မျှော်မှန်းချက် မတိုင်မီ ဆွေးနွေးမှုတွေရဲ့ ၉၄ရာခိုင်နှုန်း လုပ်ဆောင်နိုင်ပါလိမ့်မယ််” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊ လူကုန်ကူးခြင်း၊ အစွန်းရောက်အကြမ်းဖက်အရေးနှင့် ဆိုက်ဘာလုံခြုံရေးအပါအဝင် ပုံမှန်မဟုတ်သော ရာဇဝတ်မှုများကဲ့သို့သောနိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြေရှင်းရန်အတွက်ဒေသတွင်း အပြန်အလှန်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းများက အားလုံးကို အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

အာဆီယံနယ်စပ်ဖြတ်ကျော်အရေးကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဖြင့် အာဆီယံဒေသတွင်းအပြန်အလှန် ဆက်သွယ်မှုကိုမြှင့်တင်ရာရောက်မည်ဖြစ်ကြောင်းနှင့် ယင်းမှတစ်ဆင့် ယုံကြည်မှုတည်ဆောက်ကာ အာဆီယံ၏စံချိန်စံညွှန်းနှင့် ဒေသတွင်းတိုးတက်မှုကို ရယူတည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှရှိချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ကိုဘာရိန်းနှင့်ဂျာမနီနိုင်ငံတို့မှ  ယနေ့တွင်ပင် လက်ခံလိုက်ခြင်းသည် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းကို ထင်ဟပ်စေပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်နေသော ဒေသတွင်းနိုင်ငံများအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သည်။ စဉ်ဆက်မပြတ်တိုးတက်လာမှုမှ ဒေသတွင်း ပြည်သူဗဟိုပြုသည့် အသိုက်အမြုံကောင်းတစ်ခုဖြစ်ထွန်းရေးအတွက် မျှော်မှန်းထားကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ APSC သို့ မြန်မာနိုင်ငံကိုယ်စားပြု အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်တက်ရောက်ခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်နှင့် အခြားဒေသတွင်းအာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အဓိကတက်ရောက်ခဲ့သည်။

အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှုအသိုက်အမြုံကောင်စီအစည်းအဝေး(APSC)သည် ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခြင်းဖြစ်ပြီး ယခုပြုလုပ်သည့် APSC အစည်းအဝေးသည် နိုဝင်ဘာ ၁ ရက်ကပြုလုပ်သော ဒေသတွင်းနိုင်ငံများမှ အကြီးတန်းအရာရှိများ၏ PREP-SOM ဆွေးနွေးပွဲကို အခြေခံကာ ပြုလုပ်ခြင်းလည်းဖြစ်သည်။

 

 

Most Read

Most Recent