အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃) ပွဲပြီးသုံးသပ်ချက်

အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃) ပွဲပြီးသုံးသပ်ချက်
Photos: Getty Images & Twitter
Photos: Getty Images & Twitter
Published 23 October 2019

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) ပထမနေ့မှာတော့ ဥရောပထိပ်တန်းအသင်းကြီးတွေ အားလုံး နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပါတယ်။ 

အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ စပါးအသင်းတို့ဟာ အိမ်ကွင်းတွေမှာ အတ္တလန်တာနဲ့ ဇဗက်ဒါအသင်းတွေကို ဂိုးပြတ်တွေ အနိုင်ရရှိခဲ့ပါတယ်။ 

မန်စီးတီးနဲ့ အတ္တလန်တာတို့ပွဲမှာ မန်စီးတီးအသင်းဟာ ဧည့်သည် အတ္တလန်တာအသင်းကို အဖွင့်ဂိုးပေးခဲ့ပေမယ့် (၅)ဂိုးပြန်သွင်းကာ (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ 

အတ္တလန်တာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၂၈)မိနစ်မှာ မီလင်နော့ဗ်စကီးက ပယ်နယ်တီက သွင်းယူခဲ့တာပါ။ ဦးဆောင်ပေးလိုက်ရပြီးနောက်မှာ မန်စီးတီးဟာ အတ္တလန်တာအသင်းကို တစ်ဖက်သတ်နီးပါး ဖိကစားပြီး ပထမပိုင်းမှာတင် အဂွဲရိုးရဲ့ သွင်းဂိုး (၂)ဂိုး (၃၄ မိနစ်နဲ့ ၃၈ မိနစ် ပယ်နယ်တီ)နဲ့ (၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲက မန်စီးတီးပွဲ ဖြစ်သွားခဲ့ပြီး ပွဲချိန် (၅၈)၊ (၆၄)နဲ့ (၆၉) မိနစ်တွေမှာ စတာလင်က ဟက်ထရစ်သွင်းခဲ့တာကြောင့် ပွဲအပြီးမှာ မန်စီးတီးတအသင်းက (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် (၃)အပြီးမှာ ရာနှုန်းပြည့်နိုင်ထားတဲ့ မန်စီးတီးအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားပြီလို့လည်း ဆိုနိုင်ပါတယ်။ 

 

ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းကတော့ အိမ်ကွင်းမှာ ဇဗက်ဒါအသင်းကို (၅-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ 

စပါးအသင်းတိုက်စစ်မှာ ပွဲထွက်လာတဲ့ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ လာမယ်လာတို့ ခြေစွမ်းပြခဲ့ကြပြီး သူတို့ရဲ့ ဂိုးတွေကြောင့် စပါးအသင်း အခုလို ဂိုးပြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စပါးအသင်းအတွက် ဂိုးတွေကို ပွဲချိန် (၉)မိနစ်နဲ့ (၇၂)မိနစ်မှာ ဟာရီကိန်းက (၂)ဂိုး၊ ပွဲချိန် (၁၆)မိနစ်နဲ့ (၄၄)မိနစ်နဲ့ ဆွန်ဟောင်မင်က (၂)ဂိုး၊ ပွဲချိန် (၅၇)မိနစ်မှာ လာမယ်လာက (၁)ဂိုးသွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲဟာ စပါးအတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

 

ပြင်သစ်ထိပ်သီး PSG အသင်းကလည်း အဝေးကွင်းမှာ ကလပ်ဘရုဂေးကို အီကာဒီ၊ ဘာပေတို့ရဲ့ သွင်းဂိုးတွေနဲ့ (၅-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

PSG အသင်းအတွက် ဂိုးတွေကို အီကာဒီက (၂)ဂိုး (၇ မိနစ်နဲ့၊ ၆၃ မိနစ်)၊ ဘာပေက (၃)ဂိုး (၆၁ မိနစ်၊ ၆၃ မိနစ်နဲ့ ၈၃ မိနစ်)သွင်းယူခဲ့တာ ဖြစ်ပါတယ်။  

 



အုပ်စု (A) ရဲ့ တခြားပွဲစဉ်တစ်ပွဲမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက ဂါလာတာစာရေးအသင်းကို အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ရီးယဲလ်မက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၁၈) မိနစ်မှာကတည်းက ကွင်းလယ်လူ တိုနီကရို့စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

ပွဲစဉ်အပြီးမှာတော့ အုပ်စု (A) မှာ PSG အသင်းက ရမှတ် (၉)မှတ်နဲ့ ဦးဆောင်နေပြီး ရီးယဲလ်မက်ဒရစ်ကတော့ ရမှတ် (၄) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ 

 



ဂျူဗင်တပ်စ်အသင်းကတော့ အိမ်ကွင်းမှာ အနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒီဘားလားရဲ့ ဂိုးတွေကြောင့်သာ လိုကိုမိုးတစ်မော်စကိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

လိုကိုမိုးတစ်မော်စကိုအသင်းဟာ ပွဲချိန် (၃၀)မိနစ်မှာ ရရှိခဲ့တဲ့ မီရန်ချူးရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ဂျူဗင်တပ်စ်အသင်းကို အဝေးကွင်းမှာ ပွဲချိန် မိနစ်(၇၀) ကျော် ဦးဆောင်နိုင်ခဲ့တာပါ။ 

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်ကို တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ပွဲချိန် (၇၇)မိနစ်နဲ့ (၇၉)မိနစ်တွေမှာ ဒီဘားလားရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ဂျူဗင်တပ်စ်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စု (D)မှာ ရမှတ် (၇)မှတ်နဲ့ အက်သလက်တီကိုအသင်းနဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

အိုလံပီယာကော့စ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်မှာတော့ ဧည့်သည် ဘိုင်ယန်မြူးနစ်အသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

အိမ်ရှင် အိုလံပီယာကော့စ်အသင်းအတွက် ပွဲချိန် (၂၃)မိနစ်မှာ အယ်လ်အာရာဘီ အဖွင့်ဂိုး စသွင်းခဲ့ပေမယ့် ပွဲချိန် (၃၄)မိနစ်မှာ လီဝန်ဒေါစကီး ချေပဂိုး သွင်းယူခဲ့လို့ ပထမပိုင်းမှာ (၁-၁) ဖြစ်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်အတွက် ပွဲချိန် (၆၂)မိနစ်မှာ လီဝန်ဒေါစကီးက ဒုတိယဂိုး ထပ်သွင်းခဲ့ပြီး ပွဲချိန် (၇၅)မိနစ်မှာ တိုလစ်ဆိုက တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

အိုလံပီယာကော့စ်အသင်းအတွက် ပွဲချိန် (၇၉)မိနစ်မှာ ဂွီမာဟီ ချေပဂိုးတစ်ဂိုး သွင်းခဲ့ပေမယ့် ကျန်ပွဲချိန်တွေမှာ ဘိုင်ယန်မြူးနစ်အသင်းက ထိန်းကစားပြီး (၃-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဘိုင်ယန်မြူးနစ်မှာ အုပ်စု (B)မှာ (၃)ပွဲကစား (၃)ပွဲနိုင်၊ ရမှတ် (၉)မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆေင်နိုင်ခဲ့ပါတယ်။ 

 

■ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များ ရလဒ်

ရှက်တာဒိုးနက် ၂-၂ ဒိုင်နမိုဇာဂရက်

အက်သလက်တီကို ၁-၀ လေဗာကူဆင်

ကလပ်ဘရုဂေး ၀-၅ PSG

ဂါလာတာစာရေး ၀-၁ ရီးယဲလ်မက်ဒရစ်

စပါး ၅-၀ ဇဗက်ဒါ

အိုလံပီယာကော့စ် ၂-၃ ဘိုင်ယန်မြူးနစ်

မန်စီးတီး ၅-၁ အတ္တလန်တာ

ဂျူဗင်တပ်စ် ၂-၁ လိုကိုမိုးတစ်မော်စကို

 

Most Read

Most Recent