နိစ်အသင်းမှ ကစားသမားကို မန်ယူအသင်းထံ ရောင်းချခွင့်မရခြင်းအတွက် ဆာဂျင်ရက်ကလစ်ဖ် ညည်းတွား

နိစ်အသင်းမှ ကစားသမားကို မန်ယူအသင်းထံ ရောင်းချခွင့်မရခြင်းအတွက် ဆာဂျင်ရက်ကလစ်ဖ် ညည်းတွား
Photo: X
Photo: X
Published 22 June 2024

 

မန်ယူအသင်း ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် ၎င်းပိုင်ဆိုင်သည့် လီဂူး-၁ ကလပ် နိစ်အသင်း မှ ကစားသမားကို မန်ယူအသင်းထံ ရောင်းချခွင့်မရခြင်းအတွက် ညည်းတွားပြောဆိုခဲ့ကြောင်း သိရသည်။

ဆာဂျင်ရက်ကလစ်ဖ်ပိုင်ဆိုင်သည့် INEOS လုပ်ငန်းစုသည် ၂၀၁၉ ခုနှစ်တွင် နိစ်အသင်းကို ဝယ်ယူခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် မန်ယူအသင်း၏ရှယ်ယာ လေးပုံတစ်ပုံကျော်ကို ထပ်မံဝယ်ယူနိုင်ခဲ့သည်။ 

မန်ယူနှင့် နိစ်အသင်းတို့သည် လာမည့် ၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိထားပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ စည်း မျဉ်းအရ တူညီသောပြိုင်ပွဲတစ်ခုတွင် အသင်းပိုင်ရှင်တစ်ဦးတည်းက ပိုင်ဆိုင်သည့် ကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်မရှိသောကြောင့် ၎င်းတို့ နှစ်သင်းအကြား ကစားသမားရောင်းချခွင့် တားမြစ်ခံထားရခြင်းဖြစ်သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ အမေရိကန်အခြေစိုက် Bloomberg ရုပ်သံနှင့်တွေ့ဆုံစဉ် ဆာဂျင်ရက်ကလစ်ဖ်က "ကျွန်တော်တို့အနေနဲ့ တခြားပရီးမီးယားလိဂ်ကလပ်ဆီ ရောင်းချလို့ရတယ်ဆိုပြီး သူတို့ (UEFA) က ပြောတယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ကိုတော့ ကျွန်တော်တို့ ရောင်းလို့မရဘူး။ အဲဒါက ကစားသမားအတွက် မျှတမှုမရှိပါဘူး။ ဒါက အောင်မြင်မှုလို့လည်း ကျွန်တော်မမြင်ဘူး" ဟု ပြောကြားခဲ့သည်။

ဆာဂျင်ရက်ကလစ်ဖ်က နိစ်အသင်းမှ မန်ယူအသင်းထံ ရောင်းချလိုသည့် ကစားသမားအမည်ကို ပြောကြားခြင်းမရှိသော်လည်း ပြင်သစ်ခံစစ်အတွင်းလူ တိုဒီဘို (၂၄ နှစ်) ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

Most Read

Most Recent