■ ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်

■ ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 August 2024

မန်စီးတီး - မန်ယူ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၀ ရက် ည ၈:၃၀ နာရီ)

    

၂၀၂၄-၂၅ ရာသီကြိုကာလမှာ ပရိသတ်တွေရှေ့ကို  ရောက်လာမယ့်ပွဲက ကွန်မြူနတီဒိုင်းပွဲစဉ်ဖြစ်ပြီး ဒီပွဲပြီးရင်တော့ ပရီးမီးယားလိဂ် ရာသီသစ်ကို မြင်တွေ့ရတော့မှာပါ။ ပြီးခဲ့တဲ့ ရာသီက ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို အနိုင်ရဗိုလ်စွဲသွားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကိုတော့ မန်စီးတီးအသင်းက ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီရဲ့ အင်္ဂလိပ်ဘောလုံးလောက နောက်ဆုံး ရာသီပိတ်ပွဲစဉ်လို့ ဆိုရမယ့် FA ဖလား ဗိုလ်လုပွဲမှာလည်း မန်စီးတီးအသင်းက မန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပြန်တယ်။ မန်စီးတီးအသင်းဟာ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရာသီကြိုဖလားတစ်လုံးကိုရော ရာသီပိတ်ဖလားတစ်လုံးကိုပါ လက်လွှတ်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်တယ်။ 

    

အဲရစ်တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ရာသီ FA ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအတွက် အပြတ်အသတ် ရေပန်းစားခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းရဲ့ အလဲထိုးခြင်းကိုခံခဲ့ရတယ်။ တကယ်တော့ မန်စီးတီးအသင်းဟာ ဝင်ဘလေကွင်းမှာ အာဆင်နယ် အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အခုတကြိမ်ကတော့ ဒီအရှုံးတွေကနေ ရုန်းထွက်ဖို့ ပြန်လာရတော့မှာဖြစ်တယ်။

    

မန်စီးတီးအသင်းက ဒီနွေရာသီမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေသိပ်မလုပ်ထားပါဘူး။ အသင်းက ထွက်ဖို့များတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ကီဗင်ဒီဘရိုင်းနား၊ ဂိုးသမား အီဒါဆန်တို့ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ဟူလီယန်အယ်လ်ဗာရက်ဇ်ကိုတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရောင်းဖို့ သဘောတူပြီးတာ တွေ့ရတယ်။ ဒီပွဲမှာ အီဒါဆန်ထက် အော်တေဂါကို ဂိုးပေါက်မှာ တွေ့ရဖို့များပြီး ဒီဘရိုင်းနားကိုလည်း ပွဲထွက်လူစာရင်းမှာ အနားပေးထားဖို့ များပါတယ်။ ပြီးခဲ့တဲ့ ယူရိုဗိုလ်လုပွဲကတည်းက ဒဏ်ရာရနေတဲ့ ကိုင်းလ်ဝေါ်လ်ကာက ရာသီကြို ခြေစမ်းပွဲတွေမှာ မကစားသွားခဲ့သလို ဒီပွဲလည်း ကစားဖို့ မသေချာဘူး။ ရီကိုလူးဝစ်ပဲ ကစားလိမ့်မယ်။ ကယ်လ်ဗင်ဖီးလစ်ကို ကွင်းလယ်မှာ ကိုဗာချစ်နဲ့ တွေ့ရဖို့ရှိပြီး ရိုဒရီကို အနားပေးထားဖို့ များပါတယ်။ အငှားကနေ ပြန်လာတဲ့ မက်အတီးကို မြင်ရဖို့ ရှိသလို၊ ဖိုဒန်ကိုလည်း အနားပေးထားပြီး ဂရီးလစ်ရှ်၊ အော်စကာဘော့ပ်တို့လို ကစားသမားတွေနဲ့ ဟော်လန်းကို တွဲပြီး မြင်ရဖို့ ရှိတယ်။

    

မန်ယူနိုက်တက်အသင်းကလည်း ရာသီကြိုမှာကတည်း က ဒဏ်ရာပြဿနာရိုက်ခတ်မှုကို ခံနေရတာ တွေ့ရတယ်။ ဂိုးသမားနေရာမှာ အိုနာနာကို မြင်တွေ့ရနိုင်ပေမယ့် ခံစစ်ပိုင်းမှာတော့ လီဗာပူးလ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရသွားတဲ့ ဝမ်ဘစ်ဆာကာ မကစားနိုင်သလို၊ ကစားသမားသစ် ယိုဟိုလည်း ဒဏ်ရာ ကြောင့် (၃) လနားရမှာဖြစ်လို့ မကစားနိုင်လောက်ဘူး။ မက်ဂွိုင်းရားလည်း ယူရိုကိုလွဲခဲ့တဲ့ ဒဏ်ရာကနေ ပြန်မလာနိုင်သေးလို့ ခံစစ်မှာ ဒါလော့၊ အီဗန်စ်၊ မာတီနက်ဇ်၊ အေမက်စ်တို့ကို မြင်ရနိုင်တယ်။ ကွင်းလယ်မှာ ဘရူနိုကို ဆက်အနားပေးထားဖို့များပြီး မေဆန်မောင့်ကို  ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ တွဲပေးနိုင်ပြီး အဲရစ်ဆင်-ကက်စီမီရိုအတွဲကို မြင်ရဖို့ရှိတယ်။ စီးတီးက ပိုအားကောင်းတာမှန်ပေမယ့် မန်ယူနိုက်တက်လည်း အခွင့်အရေးရှိပါတယ်။ လက်ရှိ အခြေအနေအရ တန်ဟက်ဂ်အတွက် ဖလားတစ်လုံးဆို တစ်လုံးကလည်း အရေးပါတယ်။ ဒါပေမဲ့ စီးတီး ဒီတစ်ခါ ဝင်ဘလေမှာတော့ ကပ်နိုင်သွားမယ်ထင်တယ်။

Most Read

Most Recent