ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပစ်မှတ်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပစ်မှတ်
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သော PPST အစည်းအဝေးကို တွေ့ရစဉ် (Photo: NCA-SEAO Facebook Page)
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သော PPST အစည်းအဝေးကို တွေ့ရစဉ် (Photo: NCA-SEAO Facebook Page)
Published 20 October 2019
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုသည်မှာ ယခင်အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက် တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများထံ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာမှ အစပြုခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယန္တရားတစ်ခုဖြစ်သည်။

NCA စာချုပ်တွင် အခန်းပေါင်း ခုနစ်ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်၊  စစ်ဘက်ဆိုင်ရာ အချက်အလက် ၅၅ ချက်၊ နိုင်ငံရေးဆိုင်ရာ အချက်အလက် ၃၅ ချက်နှင့် လူမှုစီးပွားဘဝ နှင့် သက်ဆိုင်သော အချက်အလက် ၂၃ ချက် ပါဝင်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည် ဆောက်သွားရန်နှင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင် ရန်တို့ကို အခန်း (၁) အခြေခံမူများအခန်းတွင် အဓိကအချက်များအဖြစ် ထည့်သွင်း ရေးဆွဲထားသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန်၊ ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် တစ်ဖက်နှင့်တစ်ဖက် အခွင့်ကောင်း မယူဘဲ NCA စာချုပ်ပါ ကိစ္စ ရပ်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်တို့သည် NCA စာချုပ် အခန်း (၁) ၏အဓိကအချက်များ ဖြစ်ကြသည်။

NCA စာချုပ် အခန်း (၃) တွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ နှစ်ဖက်တပ်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းကမ်းချက်များ အဓိက ပြဋ္ဌာန်းထားပြီး နှစ်ဖက်တပ်များ ထိတွေ့မှု ဖြစ်ပွားနိုင်သော နေရာများတွင် ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေ ခြင်း၊ နှစ်ဖက်တပ်များသည် သတ်မှတ်နေ ရာများတွင်သာ တပ်စွဲရမည့် တပ်နေရာချထားရေးကို ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် အဓိက ပြဋ္ဌာန်းချက်များ ပါဝင်သည်။

NCA စာချုပ် အခန်း (၄) တွင် နှစ်ဖက် တပ်များအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားပြီး အဓိကအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ လုပ်ငန်းစဉ်များကို အဓိက ပြဋ္ဌာန်းထားသည်။

NCA စာချုပ် အခန်း (၅) တွင် နိုင်ငံရေး လမ်းပြမြေပုံခုနစ်ချက်အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များကို ထည့်သွင်းရေးဆွဲထားပြီး အခန်း (၆) တွင် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပတ်သက် ၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားကာ အခန်း (၇) တွင် NCA စာ ချုပ်မှ လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရေးဆွဲပြဋ္ဌာန်းထားသော အထွေထွေ အခန်းကဏ္ဍဖြစ်သည်။  

NCA စာချုပ် အခန်း (၁) အခြေခံမူများ အခန်းတွင် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိ သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ် ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများအကြား သဘောတူထားသည်။

NCA စာချုပ် အခန်း (၅) ပုဒ်မ ၂၂ (ဃ) တွင် ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ် နည်းနှင့်အညီပြုလုပ်ရန် သဘောတူညီ သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အဓိကကျသော ရည်ရွယ်ချက်သည် ရေ ရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ များမှ ရရှိလာသော သဘောတူညီချက်များဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ခြင်းနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းပင်ဖြစ်သည်။

ထိုသို့ ရည်ရွယ်ချက်ကောင်းများ ပါဝင်သည့် NCA စာချုပ်ပါ အချက်အလက်များကို အကောင်အထည်ဖော်ရန် တစိုက်မတ်မတ် ချီတက်လာခဲ့သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးခရီးသည် ယခုအခါ မည်သည့်အခြေအနေသို့ ရောက်ရှိနေပါ သနည်း။

ယေဘုယျအားဖြင့် NCA စာချုပ်၏ လုပ်ငန်းစဉ်သည် အသက်ဝင်နေဆဲဖြစ်ပြီး လိုလားချက်များ ရာနှုန်းပြည့် မရသော် လည်း NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း နှင့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်းများသည် ဆောင်ရွက်၍ရနေသေးသည့်အတွက် နိုင်ငံရေးလမ်းကြောင်း ပွင့်နေသေးသည်မှာ အားရစရာ အနေအထားဖြစ်သည်ဟု နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အားမရတဲ့အပိုင်းကို အတိုချုပ်ပြောရရင်တော့ နိုင်ငံရေးလမ်းကြောင်း ပွင့်နေတယ်။ NCA စာချုပ်ကိုလည်းပဲ ကျွန်တော် တို့က အခိုင်အမာထားတယ်။သို့သော် ပြည်ထောင်စုတစ်ခုလုံးအကျိုး၊ အမျိုးသား အား လုံးရဲ့အကျိုးနဲ့ တစ်ခါတလေ တစ်ဖွဲ့ချင်း၊ အဖွဲ့အစည်းတစ်ခုစီ၊ လူမျိုးတစ်ခုချင်းရဲ့ အကျိုးနဲ့ နှိုင်းယှဉ်တဲ့အခါ တစ်ခါတလေ ဘာပြဿနာ ပေါ်သလဲဆိုတော့ အကျိုးစီးပွား ပွတ်တိုက်မှု ဖြစ်တာပေါ့။ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း အကျိုး စီးပွား ပွတ်တိုက်မှုအပေါ်မှာ ရံဖန်ရံခါ နှောင့်နှေး တာရှိတာပေါ့။ နောက်ပြီးတော့ ပိတ်ဆို့တာ ရှိတယ်။ အဲဒီနှစ်ခုပဲ သုံးနှုန်းချင်တယ်။ နှောင့်နှေးတာ ရှိတယ်။ပိတ်ဆို့တာ ရှိတယ်။ပိတ်ဆို့တာကို ကျော်လို့ရတယ်။ နှောင့်နှေးတာကို မြန်လို့ရတယ်။ ဒါပေမဲ့ ပျက်စီးကျ ဆုံးတာတော့ မရှိဘူး။ အဲဒါကလည်း ကျွန်တော်တို့ အောင်မြင်မှု တစ်ခုပေါ့။အဲဒီနှောင့် နှေးတာတို့၊ ပိတ်ဆို့တာတို့ကလည်း လုပ်ငန်း စဉ်မှာပါတဲ့ အစုအဖွဲ့တိုင်းမှာ တာဝန်ရှိတယ်။ ဘယ်သူ့ ဘယ်သူမှ လက်ညှိုးထိုးလို့ တော့ မရဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဖက်ဒရယ်စနစ်နှင့် ဖက်ဒရယ်စနစ်၏ အခြေခံမူများကို လက်ကိုင်ထားပြီး ယုံယုံကြည်ကြည်ဖြင့် အလုပ်လုပ်ပါက နိုင်ငံရေး ဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ပြီး တစ်ပြည်ထောင်ပုံစံဖြစ်စေ၊ ဗဟိုချုပ်ကိုင်မှုဖြစ်စေ တစ်ခုခုကို လက်ကိုင်စွဲ ဆောင်ရွက်ခြင်းသည် တိုင်းပြည်ပျက်မည့်     ကိန်းဟု ၎င်းက ဆိုသည်။

“ဖက်ဒရယ်ထက်ကို လျှော့ပြီးတော့ တစ်ပြည်ထောင် ဗဟိုချုပ်ကိုင်မှုပုံစံနဲ့ ဆိုလည်း ကျွန်တော်တို့က နှစ်ပေါင်း ၆၀၊ ၇၀ ဘယ်သူမှ လက်မခံဘူး။ ဖက်ဒရယ်စနစ်ထက်ပိုပြီးတော့ ကွန်ဖက်ဒရေးရှင်းတို့၊ လွတ် လပ်ရေးတို့ဆိုလည်း ကျွန်တော်တို့က လက်မခံနိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ပျက်မယ့်ကိန်း အဲဒါက။ ဒါကြောင့် ကွန်ဖက်ဒရေးရှင်းတို့၊ လွတ်လပ်ရေးတို့ကို နိုင်ငံရေး လမ်းကြောင်းက ပြောတဲ့အဖွဲ့အစည်းတွေ ကလည်း လျှော့ရမယ်။ နောက်ဗဟိုချုပ်ကိုင် မှုများမယ်။ နိုင်ငံတော် လုံခြုံမှ နိုင်ငံတော် လုံခြုံရေး အဓိကဆိုပြီးတော့ ဒီဗဟိုချုပ်ကိုင် မှုများတဲ့ ဗဟိုမှာ အာဏာစုပုံထားတဲ့ ဖွဲ့ စည်းပုံ ပုံသဏ္ဌာန်ပေါ့။ ဒီ လုပ်နည်းလုပ်ဟန် ပုံသဏ္ဌာန်တွေကလည်း လျှော့ရမယ်။ ဒါ ကြောင့် ဗဟိုချုပ်ကိုင်မှု လုပ်နည်းလုပ်ဟန် ကလည်း တစ်ဖက်လျှော့၊ အစွန်းရောက် တယ်လို့ ယူဆရတဲ့ ကျွန်တော်တို့ အဖွဲ့အ စည်းတွေဘက်ကလည်း တစ်ဖက်လျှော့ပြီး အလယ်မှာ ဖက်ဒရယ်မူစစ် စစ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူကို Common Ground ယူလိုက်ရင် (နိုင်ငံရေးဆွေးနွေးပွဲတွေကနေ) ရလဒ်ကောင်းတွေ ထွက် မှာပါ” ဟု  ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အကျပ်အတည်းများကြားမှ ဆွေးနွေးညှိနှိုင်း အတည်ပြုခဲ့သော NCA စာချုပ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်က လေးနှစ် ပြည့်မြောက်ခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုး သားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင် လက်နက်ကိုင်အဖွဲ့ (DKBA)၊ ကရင်အမျိုး သားလွတ်မြောက်ရေးအဖွဲ့-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့သည် NCA စာချုပ်တွင် ပထမဦးဆုံး ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များဖြစ်ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရ လက်ထက်တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က NCA စာချုပ်တွင် ဒုတိယအသုတ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ဖြစ်ကြသည်။

NCA စာချုပ်ကို အခြေခံ၍ အကောင် အထည်ဖော်ခဲ့သည့် လေးနှစ်အတွင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အနိမ့်အမြင့်၊ အတက်အကျများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီး တချို့သော အခြေအနေမျိုးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြယ်မသွားစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေမျိုးအထိပင် မြင်တွေ့ခဲ့ရသည်။

သို့သော်လည်း NCA  စာချုပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် အကောင်းဆုံးလမ်းစဉ် တစ်ခုဖြစ်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“NCA စာချုပ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒါ အကောင်းဆုံးလမ်းစဉ်ပဲဆိုတာ ကျွန်တော်တို့ တွေ့ရမှာဖြစ်တယ်။ ဘာကြောင့်မို့လို့ ကျွန်တော်တို့ အကောင်းဆုံး လမ်းစဉ်လဲလို့ ပြောရသလဲဆိုတော့ လက်မှတ်ထိုးထားပြီးသား အဖွဲ့တွေနဲ့လည်း ဒီထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ လက်မှတ်မထိုးရသေးတဲ့ နယ်မြေအတွင်းမှာ ဖြစ်ပျက်နေတဲ့ နှိုင်းယှဉ်ရင် တွေ့နိုင်တယ်။ ကျွန်တော်တို့က လက်တွေ့ရလဒ်ကိုပဲ နှိုင်းယှဉ်ကြည့် တာ ကောင်းပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးပွဲများတွင် ကြုံတွေ့နေရသည့် အကျပ်အတည်းနှင့် မြေပြင်တွင် နှစ်ဖက်တပ်များ ရင်ဆိုင်နေရသည့် အကျပ် အတည်းဟု အကြမ်းဖျင်းအားဖြင့် အကျပ်အတည်းနှစ်ခု သတ်မှတ်နိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုက်ရိုက်ထိခိုက်နိုင်သည့် အဆိုပါ အကျပ်အတည်းများကို လက်ရှိအချိန်အထိ  ရင်ဆိုင်နေရဆဲဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း  ၁၀ ဖွဲ့အနက် KNU၊ RCSS တို့နှင့် တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခနှင့် စစ်ရေးတင်းမာမှုဖြစ်စဉ်များ ရှိနေသကဲ့သို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းအကြားတွင်လည်း လက်နက်ကိုင် ပဋိပက္ခများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည်။

အပစ်ရပ်နယ်မြေအတွင်း တပ်မတော်၏ ဆောင်ရွက်ချက်များ (ဒေသဖွံ့ဖြိုးရေး အတွက်ဟု တပ်မတော်က ယူဆသည်) နှင့် ပတ်သက်၍ တပ်မတော်နှင့် KNU တပ် မဟာအချို့အကြား သဘောထားမတိုက် ဆိုင်သည့်အတွက် မည်သည့်အခြေအနေတွင်မဆို တပ်မတော်နှင့် KNU အကြား စစ် ရေးပဋိပက္ခဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ထို့ပြင် နယ်မြေကျော်လွန်လှုပ်ရှားမှု၊ ဆက်ကြေးကောက်မှုနှင့် လူသစ်စုဆောင်းမှုများကို အကြောင်းပြု၍ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော RCSS အဖွဲ့ အကြားတွင်လည်း တစ်ခါတစ်ရံ စစ်ရေး တင်းမာမှုများနှင့် စစ်ရေးပဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြားတွင်လည်း နယ်မြေအုပ်ချုပ်မှု၊ NCA စာချုပ် အခန်း (၄) ပါ တပ်များ နေရာချထားမှု၊ ဒေသတစ်ခုအတွင်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုထက် ပိုရှိနေမှုများကြောင့် စစ်ရေးပဋိပက္ခများရှိနေဆဲပင်ဖြစ်ပြီး မကြာခဏပင် ပစ်ခတ်မှုများ ရှိနေသည်။  

ဥပမာအားဖြင့် ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်မြေ၊ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေချောင်းဖျားဒေသ၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့ တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များဖြစ်သည့် KNU နှင့် မွန်ပြည်သစ်ပါတီတို့ အကြား ပစ်ခတ်မှုများ ရှိခဲ့သည်။

အဓိကအားဖြင့် ဘုရားသုံးဆူနယ်မြေ တွင် KNU နှင့် မွန်ပြည်သစ်ပါတီအကြား ပစ်ခတ်မှုများ ရှိခဲ့သကဲ့သို့ မွန်ပြည်သစ်ပါတီ နှင့် NCA လက်မှတ်ထိုး  DKBA တို့ အကြားလည်း ပစ်ခတ်မှုများ ရှိခဲ့ဖူးသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်  နံနက်အစောပိုင်းတွင်ပင် ရေချောင်းဖျားနှင့် ဘုရားသုံးဆူဒေသတွင် မွန်ပြည်သစ်ပါတီ နှင့် KNU တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီဘက်မှ စစ် ဘက်အရာရှိတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ကိစ္စနှင့်ဆက်စပ်၍ အောက်တိုဘာ ၁၈ ရက်အထိ မွန်ပြည်သစ်ပါတီနှင့် KNU တို့ အကြား ပစ်ခတ်မှုများ ရှိနေခဲ့သည်။

ထို့အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင်  RCSS နှင့် PNLO တို့အကြား စစ်ရေးပဋိပက္ခများကြောင့် အဆိုပါဒေသတွင်းရှိ ဒေသခံများမှာ “၀” ဒေသအထိ နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး ၎င်းဒေသတွင် နှစ်ဖက်တပ်များ ရှိနေ သည်။

NCA စာချုပ်ပါ အချက်များကို လက်ရှိအချိန်အထိ ပြည့်စုံစွာ အကောင်အထည် မဖော်နိုင်သေးခြင်းကြောင့် အပစ်ရပ် နယ်မြေများတွင် ပဋိပက္ခများ ရှိနေသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ များတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကလည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ် အဟန့်အတားဖြစ်နေသည်။   

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်သဘော တူညီချက်များရရှိရန် နိုင်ငံရေးဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

သို့သော် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော NCA  စာချုပ် သုံးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် အစိုးရ၊ တပ်မတော်၊ NCA-SEAO ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် မပြေလည်မှုတချို့ ရှိခဲ့သည့်အတွက် အစိုးရ၊ တပ် မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရားဝင် အစည်းအဝေးများမှာ ၂၀၁၈ ခုနှစ်  အောက်တိုဘာ ၁၆ ရက် နောက်ဆုံးစုပေါင်းတွေ့ဆုံမှုမှ စတင်ရေတွက်ပါက တစ်နှစ်တင်းတင်း ရပ်တန့်နေခဲ့သည်။

အဓိကအားဖြင့် ကိုယ်စီလက်နက်ကိုင်ထားကြသည့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်ခုတည်းသော တပ်မတော် တည်ဆောက်ရေးနှင့် ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲမထွက်ရေးဟူသော အချက်များက ပုံမှန်လှုပ်ရှားနေသည့် နိုင်ငံရေးဆွေးနွေးပွဲများကို ရပ်တန့်စေခဲ့သည်။

ထိုသို့ ရပ်တန့်သွားသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်သော အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များ အကြား စုပေါင်း၍ဖြစ်စေ၊ တစ်ဖွဲ့ချင်း အလိုက်ဖြစ်စေ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရင်းဖြင့်သာ အရှိန်ယူနေခဲ့ ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့သည် နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ လေ့လာရေးခရီးနှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ရန် သွားရောက်ခဲ့သည်။

အဆိုပါ ကာလအတွင်း နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးမှ အစိုးရဝန်ကြီးဌာနများသို့ ပေးပို့ခဲ့သော လုံခြုံရေးဆိုင်ရာ အထူးဂရုပြုဆောင်ရွက်ရန် အကြောင်းကြားစာသည် လူမှုကွန်ရက်အင် တာနက်တွင် ပြန့်နှံ့လာခဲ့သည်။

နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီး၏ လုံခြုံရေးဆိုင်ရာ အထူးဂရုပြုဆောင်ရွက်ရန် အကြောင်းကြားစာတွင် နေပြည်တော်ကောင်စီနယ်မြေ၌ ဖောက်ခွဲမှုတစ်ခု ပြုလုပ်မည့်အကြောင်းအရာဖြစ်ပြီး ထိုသို့ ဖောက်ခွဲ မှုပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် NCA  လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် KNU နှင့် CNF တို့ ပါဝင်လာခဲ့သည်။

လူမှုကွန်ရက်အင်တာနက်တွင်  ပေါက် ကြားလာသော အဆိုပါစာနှင့် ပတ်သက်၍ စက်တင်ဘာ ၂၇ ရက်တွင် KNU က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး KNU သည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်ပျက် စီးစေရန် လုပ်ဆောင်မည့် မူဝါဒမရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။ 

သတင်းအချက်အလက် လုံခြုံရေး ကျိုးပေါက်မှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုကို ထိခိုက်လာနိုင်သည့် အတွက် စိုးရိမ်စရာအခြေအနေရှိခဲ့သော်လည်း KNU ၏သတင်းထုတ်ပြန်ချက်က ယင်း စိုးရိမ်မှုများကို လျော့ကျစေခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့်၊ တရားမျှတပြီး ငြိမ်းချမ်းသော နည်း လမ်းဖြင့် ဖြေရှင်းမည်ဟု မူဝါဒချမှတ်ထားသည့်အတိုင်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအ တွက်အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။     

လူမျိုးတစ်ခုချင်းရဲ့ အကျိုးနဲ့ နှိုင်းယှဉ်တဲ့အခါ တစ်ခါတလေ ဘာပြဿနာ ပေါ်သလဲဆိုတော့ အကျိုးစီးပွား ပွတ်တိုက်မှု ဖြစ်တာပေါ့။ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း အကျိုးစီးပွား ပွတ်တိုက်မှုအပေါ်မှာ ရံဖန်ရံခါ နှောင့်နှေးတာရှိတာပေါ့။ နောက်ပြီးတော့ ပိတ်ဆို့တာ . . .

အစိုးရကိုယ်စားလှယ်များနှင့် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့ ပါဝင်သည့်  UPDJC အတွင်းရေးမှူးများ ၏ နော်ဝေနှင့် ဆွစ်ဇာလန် ခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁၀ ရက် PPST အစည်းအဝေး ပထမနေ့တွင် PPST အဖွဲ့၏ ယာယီခေါင်းဆောင်ဖြစ်သူ  ျွဃှှ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ 

“၂၀၂၀ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့အတွက် ရွေးကောက်ပွဲ  မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ (၂၁) ရာစုပင်လုံမှာ ချမှတ်အတည်ပြုထားဖို့ လို အပ်ပါတယ်။ ဒါမှသာ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်အ တွက်လမ်းဖြောင့်ဖြူးသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အနည်းနှင့်အများ ရိုက်ခတ်သက်ရောက်နိုင်သည့်အတွက် အဆိုပါကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက်ရန် ၎င်းက သတိပေး ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပနေချိန် တစ်ဖက်တွင်လည်း ဗုံးသံသေနတ်သံများ တိတ်ဆိတ် အောင် ဆောင်ရွက်ရမည်ဖြစ်ကာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မဖြစ်ရန် အရေးကြီးသည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်သော PPST အစည်းအဝေး နောက်ဆုံးနေ့တွင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကပင် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ရာ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်တို့သည် လာမည့် ၂၁ ရာစုပင်လုံ၏အဓိကကျသော သဘောတူညီချက်တစ်ခု ဖြစ်လာစေရေးအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားရမည်ဟု ၎င်းက ဆိုသည်။

တစ်နှစ်နီးပါးခန့် ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အ စည်းအဝေးများ ပြန်လည်ကျင်းပရန် မူအားဖြင့် သဘောတူကြောင်း သုံးရက်ကြာပြု လုပ်ခဲ့သည့် PPST အစည်းအဝေးက ဆုံး ဖြတ်ခဲ့သည်။

ထို့ပြင် ၂၀၂၀ ခုနှစ်အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးက ချမှတ်ရန် လိုအပ်ကြောင်း PPST အစည်းအဝေး၏ အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေး တစ်ခုဖြစ်သည့်  JICM အစည်းအဝေးကျင်းပရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံ အဆိုပြုထားပြီး PPST အစည်းအဝေးက အစိုးရအဆိုပြုသည့်  JICM အစည်းအဝေးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးရန် ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။

PPST အစည်းအဝေးက ဖွဲ့စည်းပေးခဲ့ သည့် ညှိနှိုင်းရေးအဖွဲ့က အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲမှ ရရှိလာ သောရလဒ်များအပေါ် မူတည်၍  JICM အစည်းအဝေး ကျင်းပသွားရန် PPST က ဆုံးဖြတ် ချက်ချမှတ်သွားမည်ဖြစ်သည်။

JICM အစည်းအဝေး ကျင်းပရန် ညှိ နှိုင်းဆွေးနွေးကြမည့် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ အောက်တိုဘာ ၂၅ ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်။

JICM အစည်းအဝေးသည် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ထိပ်သီး ခေါင်းဆောင်များသာ တက်ရောက်ရသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၏ တရားဝင် ထိပ်သီးအ စည်းအဝေးတစ်ခုဖြစ်ပြီး ယင်းအစည်းအဝေးတွင် NCA စာချုပ်က လွှမ်းခြုံခြင်း မရှိ သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံ တွေ့ရသည့် စိန်ခေါ်မှုများကို ခေါင်းဆောင် များအကြား ဆွေးနွေးဆုံးဖြတ်ပေးရသည်။

၂၀၂၀ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့အတွက် ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ (၂၁) ရာစုပင်လုံမှာ ချမှတ်အတည်ပြုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ . . .

ထို့ပြင် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်ခဲ့သော NCA စာချုပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်နေ့ ကို တိုင်းပြည်၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အ ရေးကြီးသော သမိုင်းမှတ်တိုင်အဖြစ် လေး နက်စွာ အသိအမှတ်ပြု ကြိုဆိုပြီး နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် NCA ကို တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေးက ကြေညာခဲ့သည်။

NCA စာချုပ် လေးနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် PPST အစည်းအဝေးက အလုပ်အဖွဲ့တစ်ခု ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် တွင် ပြုလုပ်မည်ဖြစ်ကာ အဆိုပါ အခမ်းအနားသို့  PPST အဖွဲ့၏ ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တက်ရောက်ရန် အစိုးရဘက်က ဖိတ်မန္တက ပြုထားသည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း) တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းသောနည်း ဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းစေလိုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ တွင် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာရေးကို NCA-S EAO များက ဦးတည်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လည်း  PPST အစည်းအဝေးက ကြေညာခဲ့ သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ လုံခြုံရေး အထူးဂရုပြုရန် ညွှန်ကြားစာတွင် ပါဝင်သော NCA  လက်မှတ်ရေးထိုးထားသည့် KNU နှင့် CNF တို့အပေါ် ပြည်သူလူထုက အမြင်လွဲမှားမှု များ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် နိုင်ငံရေးဆွေး နွေးဖက်နှစ်ဖက်အကြား ယုံကြည်မှု တည် ဆောက်ရေးကို ထိခိုက်မှုရှိနိုင်ခြင်းကြောင့် အဆိုပါ ညွှန်ကြားစာကို PPST အစည်းအ ဝေးက ကန့်ကွက်ခဲ့သည်။

NCA-S EAO များအနေဖြင့် NCA လုပ်ငန်းစဉ်များအတိုင်း ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အ တွက် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်ဆောင်သွားရန် ခိုင်မာသည့် နိုင်ငံရေး စိတ်ဆန္ဒကို တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPST အစည်းအဝေးက ကြေညာခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးတည်သည့် နောက်ဆုံးဖြစ်ပေါ်လာမှု အခြေအနေများအရ အစိုးရသည် အချိန်ကာလအားဖြင့် တစ်နှစ်ခန့် ရပ်တန့်နေခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်ရန် အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်လာသည်။

PPST အစည်းအဝေးတွင် ပြောကြားခဲ့သော အဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်များနှင့် ထွက်ပေါ်လာခဲ့သော ဆုံးဖြတ်ချက် များအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများက ၂၀၂၀ ရွေးကောက်ပွဲ ကာလ အတွင်းနှင့် ရွေးကောက်ပွဲအလွန်ကာလ တွင် ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေး အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်နိုင်ရန် လိုလားသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် မူဝါဒများ၊ အခြေခံအုတ်မြစ် များကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်းများအကြား သဘောတူညီမှုရယူရန် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများက လိုလားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ လိုလားသည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်များကို လာမည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆို မည့်ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းများတွင် ထည့်သွင်းချုပ်ဆို နိုင်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းရ မည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိဆောင်ရွက်နေမှု အနေအထားများအရ ယင်းအချက်သည်ပင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ပစ်မှတ်ဖြစ်ရာ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ပစ်မှတ်ကို မည်မျှအထိ တိကျမှန်ကန်အောင် ပစ်နိုင်မည်နည်း။

NCA စာချုပ်ကို အခြေခံပြီး တည်ဆောက်လာသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လျင်မြန်စွာ ပြီးမြောက်စေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လိုလားချက်ကို အစိုးရနှင့် တပ်မတော်က သဘောထားကြီးပေးပြီး အလျှော့အတင်း ပြု လုပ်ရန် ဆန္ဒရှိ၊ မရှိကလည်း အရေးကြီးသည်။

ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ကျင်းပထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများမှ ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက်သာ ရှိသေးခြင်းသည် နည်းပါးလွန်းသည်ဟု ဗိုလ်မှှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“ နည်းတာပေါ့။ ဘာကြောင့်နည်းသလဲဆိုတော့ ပါဝင်ပတ်သက်နေတဲ့သူတွေက များသွားမှာ ကြောက်လို့ပေါ့ဗျာ။ များသွားရင် ပြန်ထိန်းနိုင်ပါ့မလား စိုးရိမ်တာပေါ့။အဲဒီလို များသွားမှာကြောက်တဲ့သူတွေ ဘက်က ထောက်ပြတာကလည်း မမှန်တာတော့ မဟုတ်ဘူး။တချို့အပိုင်းတွေက မှန် တယ်။ အခု အဖွဲ့အစည်းတွေက လက်နက်လည်း ကိုယ့်လက်ထဲမှာ ကိုင်နေတယ်။ နယ်မြေထဲမှာလည်း ထိုင်နေကြတယ်။ သို့သော် နောက်ထပ် နိုင်ငံရေးအခွင့်အရေးတွေ တစ်ပုံကြီး အောပေးလိုက်ရင် ဗဟိုက ချုပ် ကိုင်လို့ ရပါတော့မလား။ ကိုယ့်လမ်း ကိုယ်သွားပြီးတော့ ပြည်ထောင်စု ပုံပျက်ပန်းပျက် ဖြစ်သွားမှာ ကြောက်ကြတဲ့အပိုင်း ရှိနေတယ်။ တစ်ဖက်ကကြည့်ရင် အဲဒီလို ကြောက်တာလည်း မှန်တယ်။ မမှားဘူး။ အဲဒါကြောင့် နည်းတာပါ။ အခုလို နည်းနည်းလေးပဲ ရတယ်ဆိုတာ အားလုံးမှာ တာဝန်ရှိပါတယ်။ သူက ပိတ်လို့၊ ငါက ပိတ်လို့ မဟုတ်ဘူး။ များ များပေးလိုက်ရင် အဲဒီများများရတဲ့လူက ပြည်ထောင်စုအတွက် လုပ်မလားဆိုတဲ့ မေးခွန်းက ရှိတယ်။ အဲဒါ ညှိရမှာပေါ့”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက် ရာတွင် အချိန်ယူသင့်သလောက် ယူရမည် မှန်သော်လည်း လိုအပ်သည်ထက်ပို၍ အချိန်ဆွဲပါက ဘေးပယောဂများ ဝင်လာနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည် ပြောကြားသည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့က သဘောတူညီချက်တွေ လျော့နည်းသွားတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ကြောင့် လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပစ်မှတ်ဖြစ် သည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်များ မည်မျှပါဝင်လာနိုင်ဖွယ်ရှိသနည်း။

ထို့အတူ ပြည်ထောင်စုသဘောတူ စာချုပ်တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး  လျင် မြန်စွာဆောင်ရွက်နိုင်ရန် သဘောတူညီချက် အရေအတွက်မည်မျှကို ပါဝင်ထည့် သွင်း ချုပ်ဆိုကြမည်နည်း။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်ကမူ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ် ပေါ်လာရန် သဘောတူညီချက် ၂၀ ခန့်သာ ရရှိရန် လိုအပ်သည်ဟု သုံးသပ်ထားသည်။

သေချာသည်မှာ လက်ရှိ ရရှိထားသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း၏ အချက်ပေါင်း ၅၁ ချက်ဖြင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူ ထုအားလုံး လိုလားသည့် ငြိမ်းချမ်းရေးနှင့်  ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည် မဟုတ်ပေ။

 

 

 

 

 

 

 

 

 

Most Read

Most Recent