ဘက်ပေါင်းစုံက ကျရိပ်ပြနေတဲ့ မြန်မာ့ဘောလုံးနဲ့ အားကစားလောကအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ

ဘက်ပေါင်းစုံက ကျရိပ်ပြနေတဲ့ မြန်မာ့ဘောလုံးနဲ့ အားကစားလောကအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ
မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအဖြစ် အိန္ဒိယအသင်းကို ရှုံးနိမ့်သည့်ပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအဖြစ် အိန္ဒိယအသင်းကို ရှုံးနိမ့်သည့်ပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 20 October 2019
အောင်မင်းသန့်

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အခြေအနေ၊ ဖွံ့ဖြိုးတိုးတက်မှု စတဲ့အချက်အလက်တွေက အားကစား လောကကိုပါ သက်ရောက်မှု အများကြီးရှိပါတယ်။ အိုလံပစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ စတဲ့အားကစား ပွဲတော်ကြီးတွေမှာ ကမ္ဘာ့စီးပွားရေး လောကရဲ့ ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နိုင်ငံတွေကပဲ ထိပ်ဆုံးနေရာမှာ အမြဲရပ်တည် နေနိုင်ကြတာ ထင်ရှားတဲ့ သာဓကတွေပါပဲ။ မြန်မာနိုင်ငံပါဝင်တဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွေမှာလည်း စီးပွားရေးအင်အား တောင့်တင်းတဲ့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံ တို့ကပဲ ထိပ်ဆုံးနေရာကို အလှည့်ကျ ရယူနေကြတာပါ။ ဒေသတွင်းနိုင်ငံက စီးပွားရေးအရရော အားကစားလောကမှာပါ ထိပ်ဆုံးနေရာရောက်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ မြန်မာနိုင်ငံကတော့ သူတို့ကို ပြိုင်ဆိုင်နိုင်ဖို့ထက် အလယ်အလတ်အဆင့်ကနေ ထပ်မကျသွားရေး အတွက်ကိုတောင် ရုန်းကန်နေရတဲ့ အခြေအနေ ရောက်နေပါတယ်။ မြန်မာ့အားကစား လောကရဲ့ လက်ရှိ အခြေအနေက ဘက်ပေါင်းစုံကနေ ကျရိပ်ပြနေတာကြောင့် ဘယ်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုလုပ်ဖို့ လိုအပ်နေလဲဆိုတာ အဖြေထုတ်ကြည့်ဖို့တော့ လိုနေပါပြီ။

အစိုးရမှာ တာဝန်ရှိတာလား

အစိုးရဆိုတာ နိုင်ငံတစ်ခုလုံးရဲ့ တာဝန်ကို ယူထားရတာဖြစ်လို့ အားကစားလောကရဲ့ အနိမ့်အမြင့် အတက်အကျတွေ အားလုံးကလည်း အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိပါတယ်။ စစ်အစိုးရခေတ်လွန် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အခုလက်ရှိ NLD အစိုးရလက်ထက်ကိုပဲ အနီးစပ်ဆုံး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာအားကစားလောကရဲ့ မျက်မှောက်အခြေအနေကို အားလုံး မျက်ဝါးထင်ထင် မြင်တွေ့ကြမှာပါ။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ ၄၄ နှစ်ကြာ ဝေးကွာနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တစ်ကျော့ပြန် ကျင်းပခွင့်ရခဲ့ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းမှာ ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားက (တရုတ်နိုင်ငံရဲ့ အကူအညီနဲ့) ဒေသတွင်း နိုင်ငံတွေကို ပခုံးချင်း ယှဉ်နိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ အိမ်ရှင်မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် ၈၄ ခု၊ ငွေတံဆိပ် ၆၃ ခု၊ ကြေးတံဆိပ် ၈၄ ခုနဲ့ နိုင်ငံအလိုက် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်နဲ့ ဆုတံဆိပ် အများဆုံး ရယူနိုင်တဲ့ ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒေသတွင်းပြိုင်ပွဲတွေမှာ အိမ်ရှင်နိုင်ငံတွေက ရွှေတံဆိပ်များများ ရရှိဖို့အတွက် ကိုယ်အားသာတဲ့ အားကစားနည်း အများစု ထည့်သွင်းကျင်းပကြလို့ ဆုတံဆိပ်အရေအတွက် အဲဒီလောက်အထိ ရခဲ့တာကို ထူးခြားပြီး ဂုဏ်ယူနေစရာ မရှိပေမဲ့ ဖွင့်ပွဲအခမ်းအနားနဲ့ ပြိုင်ပွဲတစ်ခုလုံးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာကတော့ အသိအမှတ်ပြုရမှာပါ။ ဒါ့အပြင် ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲနဲ့ ၂၀၁၅ စင်ကာပူဆီးဂိမ်းစ် ပြိုင်ပွဲတွေမှာလည်း နိုင်ငံအလိုက်အဆင့် (၇) နေရာပဲ ရပ်တည်နိုင်ခဲ့ပေမဲ့ ၂၀၁၁ ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၃၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၈၀၊ ၂၀၁၅ ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၉ ခုစီ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပတဲ့ အာရှအားကစား ပြိုင်ပွဲမှာလည်း မြန်မာအားကစား အဖွဲ့က ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ် တစ်ခုစီ ရယူပေးနိုင်ခဲ့လို့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဦးသိန်းစိန် အစိုးရလက်ထက် အားကစား ဝန်ကြီးဌာနအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုငွေပမာဏကို လေ့လာကြည့်ရင်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ သာမန်သုံးငွေ ကျပ် ၆၅၇၀ ဒသမ ၆၅၇ သန်း၊ ဖြည့်စွက်ငွေ ကျပ် ၈၈၅ ဒသမ ၀၀၀ သန်း၊ ထောက်ပံ့ငွေ ကျပ် ၉၃ ဒသမ ၆၀၀ သန်း၊ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၀၆၆၉၇ ဒသမ ၅၀၃ သန်းနဲ့ စုစုပေါင်း ကျပ် ၃၁၄၂၄၆ ဒသမ ၇၆ သန်းအထိ သုံးစွဲခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ပမာဏလျော့ကျသွားပေမဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၁၃၆၈၃၂ ဒသမ ၃၄၂ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာ ကျပ် ၂၅၀၆၁ ဒသမ ၆၈၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ် ၂၃၆၅၆ ဒသမ ၈၁၉ သန်း ခွင့်ပြုပေးခဲ့တာ တွေ့ရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တစ်ခဲနက် မဲပေးမှုနဲ့ အနိုင်ရလာတဲ့ NLD အစိုးရ လက်ထက်မှာတော့ ဝန်ကြီးဌာနတွေ စတင်ဖွဲ့စည်းစဉ် အချိန်မှာပဲ အားကစားဝန်ကြီးဌာန ပါဝင်လာခြင်းမရှိလို့ မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှု ခံခဲ့ရပြီး နောက်ပိုင်းမှသာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တွဲဖက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဖြစ် ပူးတွဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ NLD အစိုးရက အားကစားကဏ္ဍအပေါ် အာရုံစူးစိုက်မှု ရှိရဲ့လားဆိုတာ သံသယဖြစ်စေတဲ့ အချက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်မှာ ဦးစီးဌာန ခြောက်ခုရှိပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနက အောက်ဆုံးအဆင့် (၆) နေရာမှာပဲ ရှိနေပါတယ်။ ဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းထားတာဖြစ်လို့ အားကစားကဏ္ဍ သီးသန့်အတွက် အသုံးပြုနေတဲ့ ဘတ်ဂျက်ကို အတိအကျ သိရနိုင်ဖို့ အခက်အခဲရှိသလို အားကစားနဲ့ယှဉ်ရင် ကျန်းမာရေးက ပိုအရေးကြီးလို့ ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုမှာလည်း လျော့နည်းမယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ NLD အစိုးရ တာဝန်ယူပြီးနောက်ပိုင်း အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ခက်ခဲလာတာ၊ ဆုတံဆိပ်ရရှိမှု လျော့နည်းလာတာကတော့ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါ ဘူး။ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ် ၁၀ ခုနဲ့ ကြေးတံဆိပ် ၂၀၊ စုစုပေါင်း ဆုတံဆိပ် ၃၇ ခုပဲရရှိတဲ့အထိ ကျဆင်းသွားပြီး ၂၀၁၅ ပြိုင်ပွဲနဲ့ယှဉ်ရင်ပဲ ဆုတံဆိပ် ထက်ဝက်လောက် လျော့ကျသွားတာပါ။ ဒါ့အပြင် ၂၀၁၈ အာရှအားကစား ပြိုင်ပွဲမှာလည်း ပိုက်ကျော်ခြင်းနဲ့ ဝူရှူးပြိုင်ပွဲကနေ ကြေးတံဆိပ်တစ်ခုစီပဲ ရယူနိုင်ခဲ့သလို မကြာခင် ကျင်းပတော့မယ့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲမှာလည်း မြန်မာအားကစား အဖွဲ့တွေရဲ့ ဆုတံဆိပ်ရရှိမှု အခြေအနေက ရင်တမမနဲ့ စောင့်ကြည့်ရမယ့်ပုံစံ ရှိပါတယ်။ ဒါတွေက ဒီဘက်နှစ်ပိုင်းမှာ မြန်မာအားကစားလောက ပိုပြီးတိုးတက် လာသလား၊ ဆုတ်ယုတ်သွားသလား ဆိုတာ မြင်သာတဲ့ ဥပမာတွေပဲ ဖြစ်ပါတယ်။

အား/ကာနဲ့ အားကစားအဖွဲ့ချုပ်တွေရဲ့ အခြေအနေ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနပြီးရင် အားကစားနဲ့ ပတ်သက်လို့ တာဝန်အရှိဆုံးလို့ ပြောရမှာက အားကစားနှင့် ကာယပညာ ဦးစီးဌာန (အား/ကာ) နဲ့ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တွေပဲ ဖြစ်ပါတယ်။ အားကစား အဖွဲ့ချုပ်တွေနဲ့ အား/ကာတို့ အချင်းချင်းကြားမှာ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတာ၊ စီမံခန့်ခွဲမှု အားနည်းတာတွေကလည်း ဝေဖန်မှုတွေ ဖြစ်စေပါတယ်။ အရင်ကာလတွေမှာ အားကစားအဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌအဖြစ် လုပ်ငန်းရှင် သူဌေးကြီးတွေက တာဝန်ယူခဲ့ကြပြီး သူတို့ရဲ့စိုက်ထုတ်ငွေနဲ့ လည်ပတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အစိုးရ အကူးအပြောင်း မဖြစ်ခင် ၂၀၁၄၊ ၂၀၁၅ ခုနှစ်ဝန်းကျင်ကစလို့ အဲဒီလုပ်ငန်းရှင်ကြီးတွေက အသီးသီး နုတ်ထွက်သွားကြသလို လက်လွှဲတာဝန်ယူသူ တွေကလည်း အစပိုင်းလောက်မှာပဲ ပံ့ပိုးမှု ကောင်းကောင်းလုပ်နိုင်ခဲ့ကြပြီး စီးပွားရေး မကောင်းခြင်းရဲ့ အကျိုးဆက်ကြောင့် ကစားသမားတွေအပေါ် ထားရှိတဲ့ ကတိတွေတောင် ပျက်ကွက်တဲ့ အခြေအနေမျိုးတွေ ကြုံလာရပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အပါအဝင် အားကစားအဖွဲ့ချုပ်တွေကိုလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့ပါတယ်။ အမျိုးသား အိုလံပစ်ကောင်စီရဲ့ လမ်းညွှန်မှုအတိုင်း ရွေးကောက်ပွဲ လုပ်ခဲ့ကြပေမဲ့ တချို့အားကစား အဖွဲ့ချုပ်တွေမှာ နှစ်ခြမ်းကွဲတဲ့ပြဿနာ ရင်ဆိုင်လာရတာပါပဲ။ ဥပမာပြောရရင် နှစ်ကာလရှည်ကြာစွာ ရပ်တည်လာတဲ့ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ရှိနေပေမဲ့ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဆိုပြီး ထပ်ပေါ်လာတာကို အား/ကာက အသိအမှတ်ပြု လက်ခံခဲ့တာပါ။ ဝူရှူးအဖွဲ့ချုပ် ဆိုရင်လည်း ဥက္ကဋ္ဌသစ် ပါဝင်တဲ့အဖွဲ့က တစ်ဖက်နဲ့ ကစားသမားဟောင်းတွေ ပါဝင်တဲ့အဖွဲ့က တစ်ဖက် ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒါတွေက အား/ကာဟာ အားကစား အဖွဲ့ချုပ်တွေအပေါ် ခိုင်မာတဲ့မူဝါဒနဲ့ လမ်းညွှန်ချက်တွေနဲ့ မချမှတ်နိုင်တာကြောင့်လို့ ဆိုရမှာပါ။ အားကစား အဖွဲ့ချုပ်တွေဘက်ကို ကြည့်ရင်လည်း အများစုက ကိုယ်ပိုင်ငွေကြေးနဲ့ လည်ပတ်နေရတာကြောင့် အခုလို စီးပွားရေး အခက်အခဲ ရင်ဆိုင်နေရချိန်မှာ ကစားသမားတွေအပေါ် ပံ့ပိုးမှုကောင်းကောင်း မလုပ်ပေးနိုင်တာကို အပြစ်ပြောရမှာ မလွယ်ပါဘူး။ ကစားသမားတွေအတွက် လစာထောက်ပံ့မှု၊ ပြိုင်ပွဲကျင်းပမှုအတွက် ကုန်ကျစရိတ်တွေကို အား/ကာ ဆီက ထောက်ပံ့မှုရပေမဲ့ နည်းပါးလွန်းတဲ့ ပမာဏဖြစ်လို့ လုံလောက်မှု မရှိပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အား/ကာမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့က ဘတ်ဂျက်ရတဲ့အပေါ် မူတည်ပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အား/ကာဦးစီးဌာနမှာ ဌာနခွဲတွေ၊ လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ရှိပါတယ်။ အားကစားပစ္စည်းဝယ်တာ၊ အားကစားအဖွဲ့ချုပ်တွေကို ပံ့ပိုးတာ၊ နိုင်ငံခြားသားနည်းပြ ခန့်တာ စတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဘတ်ဂျက်ရတဲ့ အပေါ်မှာ မူတည်ပြီး ကဏ္ဍအလိုက် သတ်မှတ်ရတာပါ။ ကစားသမားတွေကိုပေးတဲ့ ထောက်ပံ့ကြေးနည်းတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီနှစ်အတွက် ဘတ်ဂျက်အရ ဒီလောက်ပဲ ပေးလို့ရပါတယ်။ နောင်နှစ်တွေမှာ တိုးပေးဖို့ လုပ်ဆောင်နေပါပြီ။ ဆီးဂိမ်းစ်ပြိုင်ပွဲ နီးလာတဲ့အတွက် ကစားသမားတွေကို ကျွေးမွေးတာ၊ အင်အားဖြည့် အစားအစာတွေအတွက် စားစရိတ် တိုးပေးထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေဆုရရင်လည်း ပေးမယ့်ဆုကြေး တိုးပေးထားပါတယ်။ ရွှေတစ်ခု ကျပ်သိန်း ၃၀၀၊ ငွေတစ်ခု ကျပ်သိန်း ၂၀၀၊ ကြေးတစ်ခု ကျပ်သိန်း ၁၀၀ ပေးမှာပါ။ နည်းပြအဖွဲ့ကိုလည်း ရွှေတစ်ခုကို ကျပ်သိန်း ၁၀၀ ပေးမှာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားကစားနည်း ၃၀ ကျော်နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲထက် ရွှေဆုအရေအတွက် မလျော့အောင် လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

အမျိုးသားအားကစား ဘောလုံးကရော မျှော်လင့်ချက်မဲ့နေပြီလား

ဘောလုံးဆိုတာ မြန်မာအားကစားပရိသတ် အားလုံးရဲ့ အားပေးမှု အများဆုံး၊ စိတ်ဝင်စားမှု အမြင့်ဆုံး အမျိုးသား အားကစားနည်း ဆိုပေမဲ့ လက်ရှိအချိန်မှာတော့ မျှော်လင့်ချက် မဲ့နေပြီလားလို့တောင် မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။ ဘောလုံးအဖွဲ့ချုပ်က သီးခြားလွတ်လပ်စွာ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်က ဆယ်စုနှစ် တစ်ခုကျော်ကြာ တာဝန်ယူ ဆောင်ရွက်နေတာပါ။ ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌအဖြစ် ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဆောင်ရွက်ခဲ့ပြီး သူတာဝန်ယူတဲ့ ၁၄ နှစ်အတွင်းမှာ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းဟာ လက်ဆုပ်လက်ကိုင် ပြလောက်စရာ အောင်မြင်မှု တစ်ခုမှ မရခဲ့ပါဘူး။ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အုပ်စုပွဲတွေကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၁၆ ခုနှစ် တစ်ကြိမ်ပဲ အုပ်စုအဆင့် ကျော်လွန်ကာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး ကျန်ပြိုင်ပွဲ ခြောက်ကြိမ်စလုံး အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။ ချန်ပီယံ အောင်မြင်မှုဆိုလို့ ၂၀၀၆ မာဒေးကားဖလားနဲ့ ၂၀၁၄ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ နှစ်ကြိမ်ပဲ ရှိပါတယ်။ သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာလည်း အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့လို့ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခြင်းက အမြင့်ဆုံး အောင်မြင်မှုဖြစ်ပြီး ဆီးဂိမ်းစ် (ယူ-၂၃) ပြိုင်ပွဲမှာလည်း ငွေတံဆိပ်နှစ်ကြိမ် (၂၀၀၇၊ ၂၀၁၅) နဲ့ ကြေးတံဆိပ် တစ်ကြိမ် (၂၀၁၁) ပဲ ရခဲ့ဖူးပါတယ်။ အာရှအဆင့်အတန်းမီပြီး အာဆီယံမှာ ထိပ်တန်းအဆင့်ရှိတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကလည်း ၂၀၀၇ ခုနှစ်က အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း အောင်မြင်မှုနဲ့ ဝေးကွာနေတာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်နေပြီး ဒုတိယနဲ့ တတိယနေရာတွေပဲ ထပ်ရနေသလို ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် တစ်ကြိမ်မှ မရဖူးသေးပါဘူး။

ယခုနှစ် ဇန်နဝါရီမှာ ပြုလုပ်ခဲ့တဲ့ စပွန်ဆာ လက်မှတ်ရေးထိုးပွဲတစ်ခုမှာ MFF အမှုဆောင်ချုပ် ဦးဘုန်းနိုင်ဇော် (ယခုအနားယူသွား) က MFF ရဲ့ တစ်နှစ်အသုံးစရိတ်က ဒေါ်လာငါးသန်းအထက် ရှိတယ်လို့ တရားဝင် ပြောကြားဖူးပြီး နှစ်စဉ်လိုငွေပြပေမဲ့ FIFA ရဲ့ ထောက်ပံ့မှု၊ စပွန်ဆာဝင်ငွေ အပါအဝင် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်မှုနဲ့ အဓိက လည်ပတ်နေတာပါ။ ဒီ ၁၄ နှစ်တာ ကာလအတွင်းမှာ မြန်မာဘောလုံး လောကရဲ့ အခြေအနေက တဖြည်းဖြည်းနဲ့ အကျပိုင်းကို ရောက်လာပေမဲ့ ဦးဇော်ဇော်ကတော့ တစ်ကိုယ်ရေ ကျော်ကြားမှု အရှိန်အဝါ ပိုမြင့်လာပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ဒုတိယ ဥက္ကဋ္ဌ၊ အဲဒီကမှတစ်ဆင့် ပိုမြင့်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဒုတိယဥက္ကဋ္ဌ ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဦးဇော်ဇော်အနေနဲ့ မြန်မာဘောလုံး လောကအတွက် ငွေကြေးရော အချိန်တွေပါ ရင်းနှီးစိုက်ထုတ်ခဲ့ပေမဲ့ အောင်မြင်မှုရဖို့ ပိုဝေးလာတဲ့အပြင် တိုးတက်မှုမရှိဘဲ ကျဆင်းလာတဲ့ အခြေအနေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေပြီး အပြောင်းအလဲ တစ်ခုကို မဖြစ်မနေ လုပ်ရတော့မှာပါ။ ဦးဇော်ဇော်ရဲ့ လိုအပ်ချက်တွေထဲမှာ စီမံခန့်ခွဲမှု လွဲချော်တာက အဓိကဖြစ်နေပြီး အဲဒီအမှားတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့လည်း လိုပါတယ်။

“မြန်မာ့ဘောလုံး ဘာလို့တိုးတက်သင့်သလောက် မတိုးတက်သလဲ၊ အောင်မြင်သင့်သလောက် မအောင်မြင်သလဲဆိုတာ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ စီမံခန့်ခွဲမှုတွေ၊ လုပ်ဆောင်မှုတွေ၊ လူနေရာ တာဝန်ပေးမှုတွေ လွဲချော်တာပါ။ ဒါက ပထမအချက်ပါ။ စီမံခန့်ခွဲမှု ဘာကြောင့်လွဲချော်သလဲဆိုရင် တာဝန်အရှိဆုံးက ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်ပါတယ်။ အောက်တိုဘာ ၁၇ ရက်က ပြုလုပ်တဲ့ ၀ါကျွတ်ကန်တော့ပွဲမှာ သူ့အနေနဲ့ တစ်နှစ်ဝန်းကျင်လောက် ဘောလုံးလောကကို ဂရုမစိုက်နိုင်ခဲ့ဘူး၊ စီအီးအိုနဲ့ ကျန်တဲ့သူတွေကို တာဝန်ပေးပြီး သူ့ရဲ့ဝန်ထမ်း ၂၀၀၀၀ ကျော်အတွက် အလုပ်လုပ်နေရတယ်ဆိုပြီး ပြောခဲ့တာ ကြားရပါတယ်။ အမှန်ဆိုရင် သူတာဝန်ပေးတဲ့ သူကရော ဘောလုံးအားကစားနည်းအပေါ် တကယ်ပဲ စီမံခန့်ခွဲမှု မတတ်တာလား။ သူလုပ်သမျှကိုရော ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး ဘာမှမသိဘူးလား။ သူ့ကိုရော ဘာမှအသိမပေးဘဲ လုပ်ချင်တာ လုပ်ခဲ့တာလား။ မအောင်မြင်တော့မှ၊ ဝေဖန်မှုတွေ မြင့်တက်လာတော့မှ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဒီလိုမျိုး စကားပြောပြီး အပြစ်ပေါ့အောင် လုပ်တာလားဆိုတာ တွေးချင်စရာပါပဲ။ ပြီးတော့ သူ့ရဲ့ဝန်ထမ်းခန့်အပ်မှုနဲ့ လုပ်ဆောင်မှုတွေပါ။ လက်ရှိဘောလုံးအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင် နေတဲ့သူ အများစုက ဥက္ကဋ္ဌ စိတ်ကြိုက်လုပ်ပြီး နေရာယူနေတဲ့သူတွေ များပါတယ်။ အကုန်လုံး ဆိုလိုတာ မဟုတ်ဘဲ အများစုက အဲဒီလို ဖြစ်နေတာပါ။ နေရာယူတယ်။ ဥက္ကဋ္ဌစိတ်ကြိုက်လုပ်တယ်။ အခမ်းအနားတစ်ခု၊ ဘောလုံးပွဲ တစ်ပွဲကို ဥက္ကဋ္ဌလာမယ်ဆိုရင် လူစုံတယ်၊ ဥက္ကဋ္ဌမလာဘူးဆိုရင် အဲဒီလူ ဘယ်ရောက်နေမှန်း မသိဘူး။ ကိုယ်တာဝန် ယူထားတဲ့ အပိုင်းကို တာဝန်မကျေဘူး။ နာမည်ယူတဲ့သူကများပြီး ကိုယ့်အလုပ် ကိုယ်မလုပ်တဲ့သူက များပါတယ်။ အဲဒီလိုလူတွေများနေတဲ့ ဘောလုံးအဖွဲ့ချုပ်က တိုးတက်မှုမရှိတာ မဆန်းပါဘူး။ ပြီးတော့ နောက်ထပ်ပြောချင်တာက နည်းစနစ်ဒါရိုက်တာ အဲရစ်ကို လစာငွေအများကြီး ပေးပြီးခန့်တယ်။ လေးနှစ်စီမံကိန်းဆိုပြီး လုပ်ပိုင်ခွင့် အပြည့်ပေးတယ်။ သူမကြိုက်တဲ့ နည်းပြတွေလဲတယ်။ ၄-၃-၃ ကစားကွက် အသင်းတိုင်းမှာ ပြောင်းသုံးတယ်။ အဆင်ပြေတဲ့အသင်း ရှိသလို အဆင်မပြေတဲ့ အသင်းလည်း ရှိပါတယ်။ ကစားကွက်တစ်ခု၊ ကစားပုံတစ်ခု ပြောင်းချင်တယ်ဆိုရင် လူငယ်အသင်းတွေကစပြီး လုပ်သင့်ပေမဲ့ ဖြစ်သင့်တာကိုမလုပ်ဘဲ ဖြစ်ချင်တာကို ဦးစားပေးတယ်။ အသင်းတွေ မအောင်မြင်ဘူး။ ဝေဖန်မှုတွေ မြင့်တက်လာမှ နည်းစနစ်ဒါရိုက်တာ အဲရစ်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်တယ်။ ၁၆ နှစ်အောက် အသင်းတွေနဲ့ အကယ်ဒမီတွေကိုပဲ ကိုင်ရမယ်ဆိုပြီး ပြောင်းတယ်။ အပြောင်းအလဲတွေကြားမှာ အဲရစ်ရဲ့ လေးနှစ်စီမံကိန်းလည်း ဘယ်ရောက်သွားမှန်း မသိဘူး။ အဲရစ်ကို စခန့်တုန်းက သူပြောခဲ့ဖူးတာရှိတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကို တစ်လတစ်ခါ မဟုတ်ရင်တောင် မကြာခဏ မီဒီယာတွေကို ရှင်းပြချင်တယ် ဆိုတာ။ အခုတော့ ဒီစကားက ဘယ်ရောက်သွားမှန်း မသိသလို အဲရစ်ရဲ့ လုပ်ပိုင်ခွင့်က ဘာမှန်းမသိ တော့ပါဘူး။ အဲရစ်ကို လုပ်ပိုင်ခွင့် အပြည့်ပေးခဲ့တဲ့အပြင် MFF ရဲ့ လုပ်ဆောင်ချက် တော်တော်များများကို အဓိက လုပ်ဆောင်ခဲ့တဲ့ စီအီးအိုလည်း ရာထူးကနားပြီး ဦးဇော်ဇော်ပိုင်တဲ့ ကုမ္ပဏီဘက် ပြန်ရောက်သွားပါပြီ။ MFF က အပြောင်းအလဲများပြီး တိကျတဲ့ မူဝါဒ မရှိတာကြောင့် မတိုးတက်လာတာလို့ ကျွန်တော် ရဲရဲကြီး ပြောချင်ပါတယ်။ နောက်တစ်ခုက အဲရစ်ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချင်တဲ့အတွက် နည်းစနစ်ကော်မတီဆိုပြီး ဖွဲ့စည်းပါတယ်။ ဦးသန်းတိုးအောင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး အဖွဲ့ဝင်တွေခန့်ပေမဲ့ MFF တာဝန်ရှိသူတွေရဲ့ အမျိုးတွေ၊ AFC ‘A’ လိုင်စင်တောင် မရဖူးတဲ့သူတွေ ပါနေတယ်။ ပါသင့်ပါထိုက်တဲ့သူတွေ မပါဘဲ လုပ်ဆောင်ချက်တွေက လွဲနေတယ်လို့ ထင်ပါတယ်” လို့ လက်ရွေးစင်ဟောင်း ဘောလုံးသမား တစ်ဦးက သုံးသပ်ထားပါတယ်။

ဥက္ကဋ္ဌ ဦးဇော်ဇော်ကတော့ အောက်တိုဘာ ၁၇ ရက်ကပြုလုပ်တဲ့ ဥက္ကဋ္ဌဟောင်းများ၊ လက်ရွေးစင်ဟောင်းများ ၀ါကျွတ်ကန်တော့ပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မယ့်သူရှိရင် သူမပြိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။

“MFF ရွေးကောက်ပွဲကို လာမယ့်နှစ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ရက်ပေါင်း ၆၀ ကြိုတင်ကြေညာမှာ ဖြစ်ပါတယ်။ ဘောလုံးလောကကို ဦးဆောင်နိုင်မယ့်သူတွေ ထွက်ပေါ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူရှိလာရင် ဝင်ရောက် ရွေးချယ်ခံတော့မှာ မဟုတ်ပါဘူး။ ကျွန်တော် ဥက္ကဋ္ဌလုပ်လာတဲ့ သက်တမ်းကလည်း ၁၄ နှစ်ကျော်လာပါပြီ။ ဖြစ်နိုင်မယ်ဆိုရင် အနားယူချင်ပါပြီ။ တကယ်လို့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ရှိမယ်ဆိုရင် ကျွန်တော့်အနေနဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးမှာပါ” လို့ ဦးဇော်ဇော်က ဆိုပါတယ်။

စီးပွားရေးမကောင်း၊ ဝင်ငွေမရှိလို့ အချိန်မရွေး ပျက်သွားနိုင်တဲ့ MNL

လက်ရွေးစင် ဘောလုံးအသင်းက အောင်မြင်မှုမရသလို မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကလည်း အချိန်မရွေး ပျက်သွားနိုင်တဲ့ အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်။ မြန်မာ့ဘောလုံးကို ၂၀၀၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် စနစ်အဖြစ် စတင်ပြောင်းလဲပြီး MNL ပြိုင်ပွဲကျင်းပခဲ့ပါတယ်။ အခုဆိုရင် MNL ပြိုင်ပွဲကျင်းပလာတာ ၁၁ ရာသီ ပြီးဆုံးသွားပြီ ဖြစ်ပေမဲ့ လက်ရွေးစင်အသင်း အောင်မြင်မှုရအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိတဲ့အပြင် လိဂ်ပြိုင်ပွဲကိုပါ ပုံမှန်အတိုင်း ဆက်ကျင်းပနိုင်ဖို့ ရုန်းကန်နေရတဲ့အထိ အခြေအနေ ဆိုးနေပါတယ်။ စီးပွားရေး မကောင်းလို့ အသင်းပိုင်ရှင်တွေက ငွေကြေးစိုက်ထုတ်ဖို့ လက်တွန့်နေကြပြီး ရတနာပုံလို ထိပ်တန်း အသင်းကတောင် ပြန်အပ်နှံဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အသင်းတစ်သင်းရဲ့ တစ်ရာသီ အသုံးစရိတ်က သိန်း ၅၀၀၀ ကနေ သိန်း ၁၀၀၀၀ ဝန်းကျင် အထိရှိပေမဲ့ ကွင်းထဲလာကြည့်တဲ့သူက ဒီရာသီ နယ်ပွဲစဉ်တချို့ကလွဲလို့ ကြည့်ရှုသူနည်းပါးလို့ ကွင်းဝင်ကြေးကရတဲ့ဝင်ငွေနဲ့ MFF ဆီကရတဲ့ ထောက်ပံ့ကြေး၊ ဆုကြေးတွေကလည်း အသုံးစရိတ် ကာမိဖို့တောင် မလွယ်ပါဘူး။ အဲဒါကြောင့် ၂၀၁၉ ရာသီ MNL ပြိုင်ပွဲမှာ အသင်းအများစုက အသုံးစရိတ် လျှော့ချခဲ့ကြပြီး ရတနာပုံ၊ မကွေးနဲ့ Southern အသင်းတို့က နိုင်ငံခြားသားမခေါ်ဘဲ ပြည်တွင်း ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အရင်က အမှတ်ပေးပွဲ တစ်ပွဲနိုင်ရင် သိန်းရာဂဏန်းနဲ့ချီပြီး ဆုကြေးပေးခဲ့တယ်ဆိုတာ အခုအချိန်မှာတော့ အိပ်မက်ဆန်ဆန် ဖြစ်သွားပါပြီ။ ဒါတွေက နိုင်ငံစီးပွားရေး အခြေအနေ မကောင်းခြင်းရဲ့ အကျိုးဆက်တွေဖြစ်ပြီး အပြန်အလှန်အနေနဲ့ အသင်းတွေအတွက် အထောက်အကူ ဖြစ်နိုင်တဲ့ စပွန်ဆာ ရရှိဖို့လည်း အလှမ်းပိုဝေး သွားစေပါတယ်။

“မြန်မာနိုင်ငံရဲ့ ပရိုလိဂ်က ချောက်ကမ်းပါး ရောက်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ အချိန်မရွေး ပျက်သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ အသင်းတော်တော်များများက ပြန်အပ်ချင်တယ်ဆိုပြီး အသံတွေ ထွက်နေပါတယ်။ အသင်းပြန်အပ်ချင်တဲ့ သူဌေးတွေကိုလည်း အပြစ်ပြောလို့မရပါဘူး။ တစ်နှစ်ကို သိန်းပေါင်း ၁၀၀၀၀ လောက် သုံးနေရတာကြောင့် ရေရှည်မှာ အဆင်မပြေနိုင်တော့ပါဘူး။ ငွေမသုံးဘူးဆိုတဲ့ အသင်းတောင် တစ်နှစ်ကို သိန်း ၅၀၀၀ အထက် အသုံးစရိတ် ရှိပါတယ်။ ဝင်ငွေမရှိ၊ စပွန်ဆာမရှိ၊ ရုပ်သံဝင်ငွေ မရှိတဲ့ အသင်းတွေရဲ့ အနေအထားက ပိုင်ရှင်တစ်ဦးတည်းကိုပဲ မှီခိုနေရတဲ့ အနေအထား ဖြစ်ပါတယ်။ ရတနာပုံလို အသင်းမျိုးတောင် ပြန်အပ်ဖို့ အသံတွေ ထွက်နေတော့ ကျန်တဲ့အသင်းတွေ ပြန်အပ်ချင်တာ မဆန်းပါဘူး။ မြန်မာဘောလုံးအသင်းတွေ ဆက်တိုက်ရှုံးလာတဲ့အချိန် ပြည်တွင်းလိဂ်သာ ပျက်သွားခဲ့ရင် မြန်မာ့ဘောလုံးက အဆိုးရွားဆုံး အနေအထားတစ်ခု ရောက်သွားနိုင်ပါတယ်။ ငွေရေးကြေးရေး ကျပ်တည်းလာတဲ့ အနေအထားက ဘောလုံးလောကကိုပါ ရိုက်ခတ်လာတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုက ပရော်ဖက်ရှင်နယ်လိဂ် ပျက်မသွားဖို့ ဆုတောင်းနေရတာပါ” လို့ MNL ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ကလပ်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဘဝအာမခံချက်မရှိလို့ ကစားသမားကောင်း ရှားတာလား

အားကစားလောကမှာ ကျင်လည်နေကြသူ အများစုက တကယ်ကို ၀ါသနာပါလို့ ကိုယ့်ရဲ့နုနယ်ပျိုမြစ်တဲ့ အချိန်တွေနဲ့ ဘဝကိုပါ ရင်းနှီးမြှုပ်နှံပြီး ပေးဆပ်နေကြတာပါ။ ဒါပေမဲ့ ကစားသမားဘဝက အနားယူရင် အနာဂတ်အတွက် စိတ်ချရမယ့် အာမခံချက်မျိုး ရှိဖို့တော့ လိုအပ်ပါတယ်။ မြန်မာ့အားကစားလောကမှာ ဘောလုံးတစ်ခုတည်း ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နေပြီး ကျန်အားကစားနည်း တွေကတော့ အပျော်တမ်းအဆင့်ပဲ ရှိနေသေးလို့ ကစားသမားတွေအတွက် ဘဝအာမခံချက်လည်း မသေချာပါဘူး။ လက်ရွေးစင်အဆင့် ဘောလုံးသမား တစ်ယောက်ရဲ့ အခြေခံလစာက ကလပ်အသင်းတွေမှာ တစ်လကို ကျပ် ၁၀ သိန်းအထက်ရှိပေမဲ့ တခြားအားကစားသမားတွေကတော့ အား/ကာဆီကနေ ထောက်ပံ့ကြေး တစ်လကို ကျပ်တစ်သိန်းပဲ ရတာကြောင့် ဒီဝင်ငွေကိုမှီပြီး ဘဝရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရင် ဆုကြေးပေးတဲ့ အစဉ်အလာရှိပေမဲ့ ၁၀ နိုင်ငံအထက် ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရင် ကျပ်သိန်း ၃၀၊ ငွေတံဆိပ်ရရင် ကျပ်သိန်း ၂၀၊ ကြေးတံဆိပ်ရရင် ကျပ် ၁၀ သိန်း၊ ငါးနိုင်ငံအောက် ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရင် ကျပ် ၁၀ သိန်း၊ ငွေတံဆိပ်ရရင် ကျပ်ငါးသိန်း၊ ကြေးတံဆိပ်ရရင် ကျပ်သုံးသိန်းချီးမြှင့်တာ ဖြစ်လို့ ပြောပလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒါကြောင့် အားကစားကို ၀ါသနာပါတဲ့ သူတွေထဲမှာ အနည်းစုကပဲ ၀ါသနာအရင်းခံပြီး ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ရင်းနှီးမြှုပ်နှံပြီးတော့ အားကစားသမားအဖြစ် ဆက်ကစားနေကြပေမဲ့ ဒီဒဏ်ကို အန်မတုနိုင်လို့ ပြိုင်ပွဲတွေကို ကျောခိုင်းသွားကြ သူတွေလည်း မနည်းပါဘူး။ ရွေးချယ်စရာများများ မရှိတာကြောင့် ကစားသမားကောင်းရရှိဖို့ အခွင့်အရေး နည်းလာတာကလည်း တိုက်ရိုက်အချိုးကျ နေပါတယ်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမားအဖြစ် ဆယ်စုနှစ် တစ်ခုနီးပါး ကစားလာတဲ့ အောင်ပြည့်ထွန်းကတော့ “မြန်မာနိုင်ငံမှာရှိတဲ့ အားကစားသမား တော်တော်များများက အားကစားအပေါ် ချစ်မြတ်နိုးလို့ ကစားနေတဲ့သူ များပါတယ်။ ၂၀၁၀ ဝန်းကျင်မှာ လက်ရွေးစင်စဖြစ်ပြီး အား/ကာဆီကနေ ထောက်ပံ့ကြေးရတာ ၂၀၁၃၊ ၂၀၁၄ ဝန်းကျင်လောက်မှပါ။ လက်ရှိမှာ ရတဲ့ထောက်ပံ့ကြေးက ကျပ်တစ်သိန်းပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲလို အဓိက ပြိုင်ပွဲမှာ ရွှေရဖူးတဲ့သူ အမြင့်ဆုံးရတဲ့ ထောက်ပံ့ကြေးက ကျပ်တစ်သိန်း ဖြစ်ပါတယ်။ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ကတော့ ဒီနှစ် သြဂုတ်လကစပြီး ထောက်ပံ့ကြေး ပေးပါတယ်။ မြန်မာနိုင်ငံက အားကစားသမား တော်တော်များများက ကစားသမားဘဝက နားသွားရင် အာမခံချက် မရှိပါဘူး။ ဒါတောင် အခုနောက်ပိုင်း အား/ကာက ကစားသမားတွေ နားသွားရင် ဝန်ထမ်းပြန်ခန့်ပေးလို့ အဆင်ပြေတာပါ။ ကျွန်တော်တို့ဆိုရင် အား/ကာကပေးတဲ့ ထောက်ပံ့ကြေးရယ်၊ မိခင်ဝန်ကြီးဌာနကရတဲ့ လစာရယ်၊ အဖွဲ့ချုပ်ကပေးတဲ့ ထောက်ပံ့ကြေးနဲ့ တစ်လကို လေးသိန်းကျော်လောက်ပဲ ရပါတယ်။ မိခင်ဝန်ကြီးဌာန မရှိတဲ့သူ၊ အဖွဲ့ချုပ် ထောက်ပံ့ကြေး မပေးတဲ့ ကစားသမားဆိုရင် အား/ကာကပေးတဲ့ ထောက်ပံ့ကြေး တစ်ခုပဲ ရှိပါတယ်။ ဒီလိုအနေအထားမျိုးက ကစားသမားတစ်ဦး ရေရည်ရပ်တည်နိုင်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး။ မိဘဆွေမျိုးကို ထောက်ပံ့ပေးရတဲ့သူ၊ ကိုယ့်မိသားစုရှိတဲ့သူဆိုရင် အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်တို့ ပိုက်ကျော်ခြင်း အသိုင်းအဝိုင်းမှာလည်း ဒါမျိုးတွေ တွေ့ဖူးပါတယ်။ မိသားစုကို ထောက်ပံ့ပေးဖို့ အဆင်မပြေတော့လို့ ကစားသမားဘဝက အနားယူသွားတဲ့သူတွေ ရှိပါတယ်။ တချို့ဆိုရင် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရမှာတောင် ကြောက်နေတဲ့သူတွေ ရှိပါတယ်။ အပြင်ပွဲတွေ လိုက်ကစားရင် တစ်ပွဲကို ၁၀ သိန်း၊ ၁၅ သိန်းလောက်ရပါတယ်။ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရရင် တစ်လလုံးနေမှ တစ်သိန်းကျော်လောက်ပဲ ရတယ်ဆိုတော့ လက်ရွေးစင် အရွေးခံရမှာ ကြောက်လာကြတာပါ။ ဆုကြေး ဆိုတာကလည်း ဆီးဂိမ်းစ်ပြိုင်ပွဲလိုမျိုးမှာ ရွှေဆုရမှ ဆုကြေးများများရတာပါ။ ကျွန်တော့် လက်ရွေးစင်သက်တမ်း ကိုးနှစ်ကျော်မှာ ဆုကြေးငွေ ကျပ်သိန်း ၂၀၀ ကျော်လောက်ပဲ ရဖူးပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေ ရှားပါးလာတာ၊ ထိုက်သင့်တဲ့ ထောက်ပံ့မှု မရှိတာကြောင့် ဘဝရပ်တည်မှုအတွက် အားကစားလောကကို စွန့်ခွာသွားကြတဲ့သူတွေ အများကြီးပါ။ အားကစားလောကအတွက် ဆုံးရှုံးမှုတွေပါပဲ” လို့ သုံးသပ်ပြောကြားပါတယ်။

အောင်မြင်မှုနောက် လိုက်နေရသူတွေ

ဘောလုံးမှ မဟုတ်ဘဲ ဘယ်အားကစားနည်းရဲ့ ပရိသတ်မဆို၊ မြန်မာနိုင်ငံမှ မဟုတ်ဘဲ နိုင်ငံအားလုံးက ဘယ်ပရိသတ်မဆို ကိုယ်အားပေးတဲ့သူ၊ ကိုယ်အားပေးတဲ့အသင်း၊ ကိုယ်အားပေးတဲ့နိုင်ငံကို အနိုင်ရစေချင်ကြမှာပါ။ မြန်မာအားကစား ပရိသတ်တွေ အတွက်တော့ ဂုဏ်ယူဝင့်ကြွား အောင်ပွဲခံလို့ရမယ့် အားကစားနည်းက တဖြည်းဖြည်းနည်းလာလို့ ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိတဲ့ အားကစားနည်းတွေကိုပါ ပြောင်းလဲပြီးတော့ အားပေးနေကြရပါတယ်။ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွေမှာ တစ်ဦးချင်း အောင်မြင်မှုတွေရလာတဲ့ သက်ထားသူဇာက ဒီဘက်နှစ်တွေမှာ ပရိသတ်တွေနှုတ်ဖျား ရေပန်းစားလာပြီး စက်တင်ဘာလတုန်းက ရန်ကုန်မြို့မှာ ကျင်းပတဲ့ Myanmar International Series ပြိုင်ပွဲမှာ ပရိသတ် ရုံပြည့်တဲ့အထိ လာရောက်အားပေး ခဲ့ကြပါတယ်။ အရင်က ကြက်တောင်ပြိုင်ပွဲတွေအပေါ် ပရိသတ် စိတ်ပါဝင်စားမှုက မရှိသလောက် နည်းပေမဲ့ သက်ထားသူဇာရဲ့ ကျော်ကြားမှုက ရုံပြည့်ရုံလျှံ ဖြစ်စေခဲ့ပါတယ်။ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုပြီး တိုက်ခိုက်ရတဲ့ MMA ပြိုင်ပွဲတွေ ဆိုတာလည်း အောင်လအန်ဆန်နဲ့ ONE Championship တို့ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတဲ့ ၂၀၁၆ ခုနှစ်အထိ ကြည့်ဖူးတဲ့သူတောင် တော်တော်ရှားဦးမှာပါ။ ဒါပေမဲ့ သုံးနှစ်ကျော် အကြာမှာတော့ MMA ဆိုတာ မြန်မာနိုင်ငံရဲ့ အားပေးမှု အများဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာပြီး ONE မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကလည်း တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူစရာ အားကစားသမားတစ်ယောက် ဖြစ်နေပါပြီ။

“အောင်လပွဲရှိတဲ့နေ့က မနက်နိုးလာတော့ ပွဲတွေစထိုးနေတာတွေ့တယ်။ သူ့ပွဲ ဘယ်အချိန်လာမလဲဆိုတာ ကိုယ်ကလည်း မသိဘူးလေ။ အောင်လကို မကြည့်လိုက်ရမှာစိုးလို့ အလုပ်မသွားတော့ဘဲ တစ်ချိန်လုံး ထိုင်ကြည့်နေတာ ညကျမှပဲ အမောပြေတော့တယ်။ အောင်လနိုင်သွားတော့ ကျွန်တော်တို့ တစ်အိမ်လုံး ဝမ်းသာအားရ ထခုန်မိတာပဲ။ တချို့နေရာတွေမှာဆို သူအနိုင်ရလို့ဆိုပြီး နောက်ရက်မှာ စတုဒိသာ ကျွေးတာတောင် အွန်လိုင်းမှာ တွေ့လိုက်သေးတယ်” လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း ကိုအောင်မျိုးက ပြောပါတယ်။

ဒါဟာ မြန်မာပရိသတ်တွေ အောင်မြင်မှုကို ဘယ်လောက်အထိ တမ်းတနေသလဲဆိုတဲ့ အကောင်းဆုံး သက်သေပါပဲ။ လာမယ့် နိုဝင်ဘာဆိုရင် ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပတော့မှာပါ။ ပြိုင်ပွဲကျင်းပဖို့ တစ်လဝန်းကျင်ပဲ လိုတော့တဲ့ အချိန်မှာ ဘောလုံးအပါအဝင် အားကစားလောက တစ်ခုလုံးနီးပါး ကျရိပ်ပြတဲ့ အခြေအနေ ရောက်နေလို့ ရလဒ်တွေ ထွက်လာတဲ့အခါ တာဝန်ရှိတဲ့သူတွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ဖို့တော့ လိုအပ်ပါတယ်။