မူးယစ်သတင်းပေး အမှားတွေကြောင့် နစ်နာခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိနေပြီလား

မူးယစ်သတင်းပေး အမှားတွေကြောင့် နစ်နာခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိနေပြီလား
မူးယစ်ဆေး သတင်းပေး တိုင်ကြားမှုကြောင့် မှားယွင်းဖမ်းဆီးခံခဲ့ရသူ အဆိုတော်ဖြိုးပြည့်စုံတို့၏ အဖမ်းခံရစဉ်က ရုံးထုတ်ကို တွေ့ရစဉ်
မူးယစ်ဆေး သတင်းပေး တိုင်ကြားမှုကြောင့် မှားယွင်းဖမ်းဆီးခံခဲ့ရသူ အဆိုတော်ဖြိုးပြည့်စုံတို့၏ အဖမ်းခံရစဉ်က ရုံးထုတ်ကို တွေ့ရစဉ်
Published 13 October 2019
နေဝန်းထက်

၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်ဟာ မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနကို စတင်ဖွင့်လှစ်ခဲ့တဲ့ နေ့ရက်ဖြစ်ပြီး မူးယစ်ဆေးဝါး သတင်းတိုင်ကြားမယ့် ပြည်သူတွေအတွက် လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အာမခံချက်တစ်ခု ပေးထားတဲ့ ဌာနတစ်ခုကို ပြည်သူတွေ ရရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိဆိုရင် မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနဟာ သက်တမ်းအားဖြင့် တစ်နှစ်ခွဲနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကာလအတွင်းမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၇၈၂ မှုအထိ အမှုဖွင့်လှစ် အရေးယူနိုင်ခဲ့တယ်လို့ သိရပြီး အရေးယူဖမ်းဆီးခဲ့တဲ့ အရေအတွက်ကတော့ အမျိုးသား ၁၀၃၂ ဦး၊ အမျိုးသမီး ၁၈၉ ဦး စုစုပေါင်း ၁၂၂၁ ဦးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန် ထားမှုတွေအရ သိရပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး ဖမ်းဆီးမှုတွေဟာ အမှန်တကယ်ရော နိုင်ငံအတွင်းမှာ ပျံ့နှံ့နေတဲ့ မြောက်မြားလှစွာသော ပုံစံမျိုးစုံနဲ့ မူးယစ်ဆေးဝါးတွေကို ထိန်းချုပ်လာနိုင်ရဲ့လား။ ဖမ်းဆီးခံခဲ့ရသူတွေကရော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အဓိက တာဝန်ခံရမယ့် သူတွေရော ဖြစ်ပါရဲ့လား။ သတင်းပေး မှားယွင်းမှုတွေကြောင့်ရော နစ်နာသူတွေ ရှိနေပြီလား ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

အစိုးရက မူးယစ်ဆေးတိုက်ဖျက်ရန် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုနေလဲ

မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် လက်ရှိအစိုးရက နည်းလမ်းကိုးခုကို အသုံးပြုပြီး ဆောင်ရွက်နေပါတယ်။ အစိုးရ သတင်းထုတ်ပြန်ချက်တွေအရ အဲဒီအချက် ကိုးချက်ထဲမှာ မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနဆီကို တိုင်ကြားလာမယ့် ပြည်သူတွေအကြောင်း မပေါက်ကြားစေရေးအတွက် လုံခြုံရေး အဆင့်အတန်း သတ်မှတ်ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

ဒါတွေအပြင် တိုင်ကြားမှုကနေ ရရှိလာမယ့် အချက်အလက်တွေကို အခြေခံအသုံးပြုပြီး ‘မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့’ က ဗဟိုအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲကြီးကြပ်မှုနဲ့အတူ အတိုဆုံးသော အမိန့်ပေးကွပ်ကဲမှု လမ်းကြောင်းကို အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါတွေအပြင် မူးယစ်ဆေးအန္တရာယ်ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့အတွက် ပြည်တွင်းမီဒီယာတွေ၊ အစိုးရရဲ့ ပညာရေး၊ ပြန်ကြားရေး ကဲ့သို့သော ဝန်ကြီးဌာနတွေကနေတစ်ဆင့် လုပ်ဆောင်သွားဖို့အတွက် အစီအစဉ်တွေကို အစိုးရက ချမှတ်ထားခဲ့ပါတယ်။ အလားတူပါပဲ မူးယစ်တိုက်ဖျက်ရေးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို အောက်ခြေပိုင်းအထိ အဆင့်ဆင့်သော အဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေ၊ ထိရောက်မှုတွေ၊ လိုအပ်ချက်တွေကို သုံးသပ်ပြီး ပိုမိုထိရောက်တဲ့ ခိုင်မာတဲ့ အပြောင်းအလဲတွေနဲ့ ဆောင်ရွက်သွားမယ်လို့ လက်ရှိ အစိုးရက ကြွေးကြော်ထားတာကို တွေ့ရပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာန စတင်မွေးဖွားခြင်း

နိုင်ငံတော် သမ္မတရုံးက မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက် နေ့စွဲ ရုံးအမိန့်အမှတ် (၁၈၇/၂၀၁၈) ဖြင့် စတင်အသက်သွင်း ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းခဲ့ရာမှာတော့ ဌာနကို တိုင်ကြားလာမယ့် ပြည်သူတွေအတွက် လုံခြုံမှုအာမခံချက် ပေးတယ်လို့ ယုံကြည်ရတဲ့ အချက်တွေကိုလည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒါတွေကတော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးအန္တရာယ်တွေကို ကာကွယ်တားဆီးဖို့ အတွက် မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနသို့ ပြည်သူတွေက သတင်းပေးတိုင်ကြားရန် သီးသန့်တယ်လီဖုန်း၊ သီးသန့်ဖက်စ်ဖုန်း၊ သီးသန့်အီးမေးလ်လိပ်စာများ ဖွင့်လှစ်ပြီးတော့ တိုင်ကြားမှုတွေကို လက်ခံပေးမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်ကြားမှုတွေရဲ့ အခြေအနေကို ဗဟိုကနေ တိုက်ရိုက်ကွပ်ကဲမှာဖြစ်ပြီး အမိန့်ပေးမှု အခြေအနေတွေကို အတိုဆုံး လမ်းကြောင်းအဖြစ် ဖန်တီးထားတယ်လို့ သိရပါတယ်။ ဒါတွေအပြင် သတင်းပေး တိုင်ကြားမယ့် ပြည်သူတွေရဲ့ အကြောင်းကိုလည်း လုံးဝဖော်ထုတ် ပြောကြားမှာ မဟုတ်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မူးယစ်ဆေးသတင်းကို တိုင်ကြားလာမယ့် ပြည်သူတွေအတွက် အစိုးရရဲ့မက်လုံး

အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နည်းလမ်းမူဝါဒ ကိုးချက်ထဲမှာ ပြည်သူတွေကို မူးယစ်ဆေး သတင်းပေး တိုင်ကြားမှုတွေ ပိုမိုပြုလုပ်လာနိုင်ရန်အတွက် မက်လုံးပေးထားတဲ့ အချက်တစ်ချက် ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီအချက်ကတော့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကား သူများရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရ ဖမ်းဆီးသူတို့ကို သင့်တင့်တဲ့ အချိုးအစားနဲ့ ခွဲဝေပေးသွားမှာဖြစ်ပြီး ဒီထဲကမှ အချို့ကိုတော့ နိုင်ငံတော်အစိုးရက သင့်တော်တဲ့ အချိုးအစားကို ရယူသွားမှာလည်း ဖြစ်ပါတယ်။

ဒါတွေအပြင် သတင်းပေး တိုင်ကြားသူတွေရဲ့ လုံခြုံရေးအတွက် သတင်းပေး တိုင်ကြားသူ အကြောင်းကို သတင်းပေး ထုတ်ပြန်တာတွေ ပြုလုပ်မည် မဟုတ်ကြောင်း အစိုးရ ကတိပေးထားပြီး တိုင်ကြားသူတွေကို ချီးမြှင့်မယ့် ဆုငွေဟာ ဆိုရင်လည်း နိုင်ငံတော် ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် ရရှိမယ်လို့ အစိုးရက ကတိကဝတ်တစ်ခု ထပ်မံပြုလုပ်ထားတာကို တွေ့ရပါတယ်။

အလားတူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဇော်ဌေးက သမ္မတရုံးက ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနကို သတင်းပေးလာမယ့် သူတွေအတွက် အနည်းဆုံး ကျပ်သိန်း ၁၃၀ ဆုကြေး ငွေထုတ်ပေးဖို့ စီစဉ်တွက်ချက် ထားတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် သတင်းပေးမှုတွေက ရလာတဲ့ သတင်းအချက်အလက်တွေကို ရယူပြီး သွားရောက်ဖမ်းဆီးမယ့် ရဲတပ်ဖွဲ့ဝင်တွေ အတွက်လည်း ဆုကြေးငွေများ ပေးနိုင်ရန် စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး ချိီးမြှင့်မယ့် ဆုကြေးငွေတွေကိုတော့ ဖမ်းဆီးရမိလာမယ့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းပြီး အထက်မှာ ရေးသားခဲ့တဲ့အတိုင်း အချိုးကျ သတ်မှတ်ခွဲဝေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရရဲ့ မူးယစ်ဆေးတိုက်ဖျက်မှု အစီအစဉ်ကို အချက်အလက်များဖြင့် နှို်င်းယှဉ်ကြည့်ခြင်း

မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာန ဖွဲ့စည်းပြီး နောက်ပိုင်းမှာ သတင်းပေး တိုင်ကြားမှုတွေကနေ ဖမ်းဆီးရရမိခဲ့မှုတွေကို နိုင်ငံတော်သမ္မတရုံးက စဉ်ဆက်မပြတ် သတင်းထုတ်ပြန် ထားခဲ့ပါတယ်။ အဲဒီလို သတင်းထုတ်ပြန် ထားမှုတွေအရ ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၅ ရက်အထိ သတင်းပေး တိုင်ကြားမှုတွေကနေ ဖမ်းဆီးနိုင်ခဲ့တာတွေကတော့ အမှုပေါင်း ၇၈၂ မှုနဲ့အတူ အမျိုးသား ၁၀၃၂ ဦးနဲ့ အမျိုးသမီး ၁၈၉ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနရဲ့ တစ်နှစ်ခွဲနီးပါးရှိ သက်တမ်းကာလမှာ ဖမ်းဆီးရမိမှုတွေက ဒီဌာနကို မဖွဲ့စည်းခင်အချိန်က မူးယစ်ဆေး ဖမ်းဆီးရမိမှုတွေနဲ့ ယှဉ်ရင်တော့ အတော်ကို နည်းပါးနေတာကို တွေ့ရပါတယ်။

လက်ရှိအစိုးရရဲ့ ပထမတစ်နှစ် သက်တမ်းဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာဆိုရင် မူးယစ်ဆေးဝါး အမှုပေါင်း ၈၈၀၀ ရှိခဲ့ပြီး အဲဒီအမှုတွေကနေ အမျိုးသား ၁၁၉၆၅ ဦးနဲ့ အမျိုးသမီး ၁၆၂၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အလားတူပါပဲ ၂၀၁၇ ခုနှစ်မှာဆိုရင် ဇန်နဝါရီလ တစ်လတည်းမှာတင် မူးယစ်ဆေးဝါး အမှုပေါင်း ၈၀၈ မှုကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအမှုတွေကနေ အမျိုးသား ၁၀၂၀ နဲ့ အမျိုးသမီး ၁၄၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး ဖမ်းဆီးရမိမှုတွေက အခြေအနေချင်းတော့ မတူညီပါဘူး။ ဘာကြောင့်လဲဆိုရင် ယခင်နှစ်တွေက ဖမ်းဆီးရမိမှုတွေက သတင်းပေး တိုင်ကြားလာမှုတွေအပြင် သက်ဆိုင်ရာရဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေ ပါဝင်မှာဖြစ်ပြီး မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနရဲ့ တစ်နှစ်ကျော် သက်တမ်းအတွင်း ဖမ်းဆီးရမိမှု သတင်းထုတ်ပြန်ချက်ကတော့ ဒီဌာနသက်သက်ကို တိုင်ကြားလာတဲ့ ဖြစ်စဉ်တွေကနေ ဖော်ထုတ်ဖမ်းဆီး အရေးယူထားတာတွေ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်း ပေးတိုင်ကြားရေးဌာနက သူတို့ဆီကို သတင်းပေးလာတဲ့ တိုင်ကြားမှုတွေကတစ်ဆင့် ဖမ်းဆီးရမိခဲ့တဲ့ မျိုးစုံသော မူးယစ်ဆေး အရေအတွက်ကတော့ စိတ်ကြွဆေးပြား သုံးသိန်းလေးသောင်းကျော်၊ ဘိန်းဖြူ ဂရမ် ၇၀၀၀ ကျော်၊ ICE ဂရမ် ၁၃၀၀ ကျော်အပါအဝင် အခြားသော မူးယစ်ဆေးဝါး များစွာကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

တိုင်တဲ့သူကတိုင်တော့ ဖမ်းတဲ့သူက မတတ်သာလို့ ဖမ်းဆီးရတဲ့အဖြစ်တွေ ရှိနေလား

မူးယစ်ဆေးဝါး သတင်းပေး တိုင်ကြားမှုတွေမှာ အချို့သော တိုင်ကြားမှုတွေကြောင့် သွားရောက်ဖမ်းဆီးရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မတတ်သာလို့ ဖမ်းဆီးလိုက်ရတဲ့ အခြေအနေတွေကို ကြုံတွေ့နေရသလို ဖမ်းဆီးခံခဲ့ရ သူတွေမှာလည်း ပမာဏ အလွန်နည်းတဲ့ မူးယစ်ဆေးတွေ့ရှိမှုနဲ့အတူ ဖမ်းဆီးခံခဲ့ရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သမ္မတရုံးက ညွှန်ကြားထားတဲ့ မူးယစ်ဆေး တိုင်ကြားမှုတွေအပေါ် အရေးယူ ဖော်ထုတ်မှုတွေမှာ ပမာဏ ကြီးမားတဲ့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေ အတွက်တော့ မူးယစ်အထူးရဲတပ်ဖွဲ့တွေက စနစ်တကျ ထောက်လှမ်းပြီးမှ ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်နေပေမဲ့ ပမာဏ အနည်းငယ်သာရှိတဲ့ မူးယစ်ဆေးဝါး မှုတွေကိုတော့ မြို့နယ်ရဲတပ်ဖွဲ့က အငယ်တန်း ရဲအရာရှိတွေက တာဝန်ယူ ဖမ်းဆီးရတယ်လို့ သိရပါတယ်။

ဒီနေရာမှာ ဘယ်လိုမျိုးကိစ္စတွေကို ကြုံတွေ့လာရသလဲဆိုရင် တိုင်ကြားမှုကြောင့် သွားရောက်စောင့်ဆိုင်း ဖမ်းဆီးရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပမာဏ အနည်းငယ်သာရှိတဲ့ မူးယစ်ဆေးပမာဏ တွေ့ရှိမှု လောက်ကြောင့် လူတစ်ဦး တစ်ယောက်ကို ဖမ်းဆီးအရေးယူ လိုက်ရတာမျိုးကို မတတ်သာဘဲ ပြုလုပ်နေရတယ်လို့ သိရပါတယ်။

ဥပမာအားဖြင့် ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ် တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တင်ပြပါရစေ။ အဲဒီမြို့နယ်အတွင်းမှာ မူးယစ်ဆေး တိုင်ကြားမှုကြောင့် ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက တာဝန်ယူ စောင့်ဆိုင်းဖမ်းဆီးရမယ့် အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

တာဝန်ယူရတဲ့ ရဲအရာရှိကလည်း တာဝန်ပေးမှုအတိုင်း သတင်းပေး တိုင်ကြားမှုကို ဖော်ထုတ်ဖမ်းဆီးရန် သွားရောက် စောင့်ဆိုင်းနေခဲ့ပါတယ်။ တကယ်တမ်း လက်တွေ့ ဖမ်းဆီးတဲ့ အခါမှာတော့ သတင်းပေး တိုင်ကြားခြင်း ခံရသူဆီမှာ တွေ့ရတဲ့ မူးယစ်ဆေး ပမာဏဟာ ပြောပလောက်တဲ့ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီရဲအရာရှိ အနေနဲ့ သူတာဝန် ယူထားရတဲ့ တာဝန်အရ ဖမ်းဆီးလိုက်ရ ပါတော့တယ်။

“ကျွန်တော်တို့ မြို့နယ်ရဲစခန်းတွေအနေနဲ့က မူးယစ်ဆေးဖမ်းတာနဲ့ ပတ်သက်ပြီး သတင်းပေးလို့ပဲဖြစ်ဖြစ်၊ ရှာဖွေတွေ့ရှိလို့ပဲဖြစ်ဖြစ်၊ ဖမ်းဆီးလို့ရတယ်။ အဲဒီအခါ တစ်ခါတလေ သတင်းပေးလို့ သွားရောက် ဖမ်းဆီးရတဲ့အခါ ပမာဏ နည်းနည်းလေးတွေ့လည်း ဖမ်းရပါတယ်။ ဟိုတစ်လောကဆို သတင်းပေးမှုတစ်ခုကို ကျွန်တော် ဦးဆောင်ပြီးတော့ သွားဖမ်းပါတယ်။ ကျွန်တော်တို့က ကြိုပြီးစောင့်နေတာပေါ့။ တရားခံကတော့ စက်ဘီးနဲ့လာတယ်။ အဲဒီမှာ ကျွန်တော်တို့က သူ့ကို စက်ဘီးရပ်ခိုင်းပြီး လက်ကို ဖြန့်ခိုင်းတဲ့အခါမှာ သူ့ဆီမှာ တွေ့ရတာက ဆေးလိပ် နှစ်လိပ်စာလောက်ရှိတဲ့ ဆေးခြောက် ပမာဏ နည်းနည်းလေးရယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က သူ့ကိုဖမ်းဆီးဖို့ တာဝန်ရှိတဲ့အတွက် ဖမ်းဆီးလိုက်ရပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဒီလိုမျိုး သတင်းပေး တိုင်ကြားမှုတွေအရ ဖမ်းဆီးရမိပေမဲ့ ပမာဏ အနည်းငယ်လောက်သာ တွေ့ရှိရတဲ့ မူးယစ်းဆေး အမှုတွေအတွက် တရားစွဲဆို ရတာတွေကို မဖြစ်မနေ ပြုလုပ်ရတဲ့အတွက် ဖမ်းဆီးခံရသူအတွက် နစ်နာနေရတယ်လို့ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ရှုမြင်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း သတင်းပေး တိုင်ကြားမှုတွေကို ဖမ်းဆီးရမယ့်တာဝန် ရှိတဲ့အပြင် ဖမ်းဆီးရမိမှုတွေကိုလည်း နိုင်ငံတော်သမ္မတရုံးကို တင်ပြရမယ်လို့ ညွှန်ကြားချက် ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက မတတ်သာဘဲ ဖမ်းဆီးလိုက်ရတဲ့ မူးယစ်ဆေး အမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါတွေအပြင် သတင်းပေး အမှားတွေကြောင့် ရဲတပ်ဖွဲ့ အနေနဲ့လည်း အခက်အခဲတွေ ရှိနေရတယ်လို့ သိရပါတယ်။

“သတင်းပေးအရ ဖမ်းတာပေါ့ဗျာ။ ကျွန်တော်တို့လည်း အထက်က ညွှန်ကြားထားတဲ့အတိုင်း သတင်းပေးရင် သွားကိုဖမ်းရတယ်။ ဖမ်းလို့ရတာတွေကိုလည်း သမ္မတရုံးကို သတင်းပြန်ပေးရတယ်လေ။ နောက်ပြီး မသင်္ကာလို့ ဖမ်းရတာတွေ၊ ယာဉ်စစ်ကနေ ဖမ်းမိတာတွေ ရှိတာပေါ့။ မူးယစ်ရဲကတော့ ပမာဏများတဲ့ အမှုတွေဆို သေသေချာချာ စနစ်တကျ အချိန်ယူ စုံစမ်းပြီးမှ ဖမ်းတယ်။ တစ်ခါတလေမှာ သတင်းပေး အမှားတွေကြောင့် ရဲတပ်ဖွဲ့အနေနဲ့ အခက်အခဲတွေ ရှိနေရတယ်။ ပမာဏ အများကြီးဆိုပြီး နည်းနည်းလေး မိတာမျိုးတွေ၊ ဥပမာ ဘိုကလေးမှာ ဖြစ်ခဲ့တဲ့ သူ့ဘာသာ ပုံမှန်စီးပွားရေးလုပ်နေတဲ့ မိသားစုအိမ်ကို သတင်းပေးမှုကြောင့် မှားယွင်းရှာဖွေရတာ မျိုးတွေပေါ့။ နောက် ဒီရက်ပိုင်း ဖြစ်သွားခဲ့တဲ့ ဖြိုးပြည့်စုံတို့ ဖြစ်စဉ်လိုမျိုးပေါ့” လို့ အမည်မဖော်လိုသူ ဒုရဲအုပ်တစ်ဦးက ပြောကြားပါတယ်။

သတင်းပေး အမှားတွေကြောင့် နစ်နာရတဲ့ ဖြစ်စဉ်တွေ ရှိနေလား

မူးယစ်ဆေး သတင်းပေးမှုတွေမှာ သတင်းအမှားပေးမှုတွေကြောင့် နစ်နာရသူတွေ ရှိနေသလားဆိုရင် ရှိနေပါတယ် ဆိုတာက ငြင်းမရတဲ့ အခြေအနေပါ။ ဥပမာအနေနဲ့ရော ထင်ရှားလူသိများတဲ့ ဖြစ်ရပ်တစ်ခုဆိုရင် မြန်မာပလာဇာမှာ သတင်းပေး အမှားကြောင့် နာမည်ရ အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော်ဖြိုးပြည့်စုံနဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ဦးတို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ပါ။

ဒီဖြစ်စဉ်မှာဆိုရင် အဆိုတော် ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းတွေဟာ မြန်မာပလာဇာမှာရှိတဲ့ ကော်ဖီဆိုင် တစ်ခုမှာ ထိုင်နေစဉ် အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းပေးမှုကြောင့် ဟုဆိုပြီး သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးတဲ့ အခါမှာလည်း မျက်မြင်တွေ့ရှိသူ တစ်ဦးရဲ့ ပြောကြားမှုအရ ဖမ်းဆီးတဲ့ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေက အဆိုတော်ဖြိုးပြည့်စုံတို့ ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ရာမှာ ဖမ်းဆီးခံခဲ့ရသူတွေက ခုခံခြင်း မရှိပါဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“အစ်ကိုက မြန်မာပလာဇာအောက်က ကော်ဖီဆိုင်မှာ ထိုင်နေတာ။ ထိုင်နေတုန်း အရပ်ဝတ်နဲ့ လူတွေက လူငယ်သုံးယောက်ကို ဝင်ရှာတာကို တွေ့ရတယ်။ အစက ဖြိုးပြည့်စုံမှန်း မသိဘူး။ နောက်မှ ဖြိုးပြည့်စုံ ဖြစ်နေတာ တွေ့တော့ မေးကြည့်တော့ မူးယစ်ဆေး သတင်းပေးမှုကြောင့် ရဲတွေလာဖမ်းတာတဲ့။ ဖမ်းတော့လည်း တရားခံလို့လည်း သတ်မှတ်လို့ မရသေးဘူး။ ရှာဖွေနေဆဲ အဆင့်မှာကို ရဲတွေက ကောင်လေးတစ်ယောက်ကို ပါးတွေရိုက် နာရင်းတွေ ရိုက်နေတာကို တွေ့ရတယ်။ ဒါနဲ့ အစ်ကိုလည်း ဗီဒီယို ထုတ်ရိုက်လိုက်တယ်” လို့ အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ကိုဝေလင်းက ဆိုပါတယ်။

ဓာတုဗေဒဝန်ရုံး၏ စစ်ချက်အရ ပြစ်မှုမမြောက်သဖြင့် ဖမ်းဆီးခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသူ ရော်နီစန်းလွင်က “ဖမ်းဆီးခံရတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ရှိ မရှိကတော့ အစ်ကိုတို့လည်း ဗီဒီယိုဖိုင်တွေ တွေ့မှာပေါ့။ အဲဒီထဲက မြင်ရတဲ့ အတိုင်းပဲပေါ့။ ကျန်တဲ့အသေးစိတ်ကိုတော့ ကျွန်တော်တို့ ရှင်းလင်းပွဲလုပ်မှ ပြောပြပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာဆိုရင် အဆိုတော် ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းတွေဟာ ရဲတပ်ဖွဲ့ရဲ့ မှားယွင်းဖမ်းဆီးမှုကို နှစ်ရက်တာ ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က မူးယစ်ဆေးလို့ သတ်မှတ်ပြီး ဖမ်းခဲ့တဲ့ အရာတွေဟာ တကယ်တမ်း ဓာတ်ခွဲစစ်ဆေးတဲ့ အခါမှာတော့ မူးယစ်ဆေး မဟုတ်တာ ဖြစ်နေတဲ့အတွက် ပြစ်မှုဆိုင်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ အဆိုတော် ဖြိုးပြည့်စုံတို့ကို ပြန်လွှတ်ပေးခဲ့ရပါတယ်။

အဆိုတော်ဖြိုးပြည့်စုံ ကြုံတွေ့ခဲ့ရသလို ဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ရဲ့ မှားယွင်းမှုဖမ်းဆီးမှုတွေက မေးခွန်းထုတ်စရာ ဖြစ်နေလား

အဆိုတော် ဖြိုးပြည့်စုံတို့ကို  ပြစ်မှုဆိုင်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ ရာဇဝတ်မှု မမြောက်လို့ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပေမဲ့့ တကယ်တမ်း နှစ်ရက်ကြာ အဖမ်းခံရခဲ့တဲ့ ဖြိုးပြည့်စုံတို့ရဲ့ နစ်နာမှုတွေအတွက် ရဲတပ်ဖွဲ့ကို မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုရင် အဆိုတော် ဖြိုးပြည့်စုံတို့ဟာ လူမြင်ကွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်သလို ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ရဲလက်စွဲဥပဒေတွေမှာပါတဲ့ ဖမ်းဆီးရမိသူ ထွက်မပြေးစေနိုင်ရန် လိုအပ်သည်ထက် ပိုတားဆီးခြင်းမပြုရ ဆိုတဲ့အချက်တွေ၊ ဖမ်းဆီးခံရသူက အသာတကြည် ဖမ်းဆီးခံပါက ကိုယ်ထိလက်ရောက် ချုပ်နှောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ချိုးဖောက်ခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဖြိုးပြည့်စုံနဲ့ သူ့ရဲ့သူငယ်ချင်းတွေ အတွက်တော့ ဘာမှမတတ်နိုင်တဲ့ အခြေအနေတွေနဲ့အတူ နှစ်ရက်တာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပြီး လူမြင်ကွင်းမှာလည်း တရားခံ မဟုတ်ပါဘဲ ရိုက်နှက်ခြင်းတွေကို ခံခဲ့ရပါတော့တယ်။

“သူတို့တွေ တရားခံတောင် မဟုတ်သေးဘဲ ဒီကလေးတွေကို ရိုက်တယ်။ ပြီးတော့ ဖမ်းသွားတယ်။ တကယ်တမ်းကျတော့ မူးယစ်ဆေးတွေလည်း မဟုတ်ဘူး။ အဲဒီတော့ ပြန်လွှတ်လိုက်ရတယ်။ ဒီတော့ ဒီကလေးတွေအတွက် သူတို့ ဘယ်လို တာဝန်ယူမလဲ။ ကျွန်တော့်အမြင်ကတော့ တရားပြန်စွဲသင့်တယ်။ အရေးယူတာတွေ လုပ်သင့်တယ်” ဟု ကို ဝေလင်းက ပြောပါတယ်။

မှားယွင်းဖမ်းဆီးမှုတွေမှာ လူသိများတဲ့ ဖြစ်စဉ်တွေကိုပဲ အရေးတယူ လုပ်နေကြသလား

အဆိုတော်ဖြိုးပြည့်စုံ ဖြစ်စဉ်မှာဆိုရင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက်ပိုင်း အစောပိုင်း အချိန်တွေမှာတော့ သူတို့ဖမ်းမိခဲ့တာက မူးယစ်ဆေးဝါးတွေသာဖြစ်တယ်။ ဓာတ်ခွဲစမ်းသပ်ချက် တွေမှာလည်း မူးယစ်ဆေးဝါးတွေသာ ဖြစ်တယ်လို့ ပြောဆို ထုတ်ပြန်တာတွေ ပြုလုပ်ခဲ့တာကို တွေ့ရမှာပါ။

ဒါပေမဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ရဲ့ ဒီဖြစ်စဉ်ကို သတင်းထုတ်ပြန်မှုတွေအောက်မှာ ဝေဖန်မှုများစွာ ဖြစ်ပေါ်အပြီးမှာတော့ သူတို့ဟာ သူတို့တင်ထားမှုတွေကို ပြန်လည်ဖြုတ်ချ ခဲ့ပါတယ်။ ဒါတွေအပြင် အစောပိုင်း ရဲအရာရှိတွေရဲ့ ဓာတ်ခွဲစမ်းသပ်ချက် အဖြေနဲ့ ဖြိုးပြည့်စုံတို့ကို ပြန်လွှတ်အပြီး ထုတ်ပြန်ပြောဆိုတဲ့ ဓာတ်ခွဲစမ်းသပ်ချက် အဖြေတွေက လုံးလုံးကို ကွဲလွဲမှု ရှိနေတာကို တွေ့ကြရမှာပါ။

ဒါကြောင့် ဒီဖြစ်စဉ်ကိုကြည့်ပြီး ဖြိုးပြည့်စုံတို့ဟာ လူသိများတဲ့ မှားယွင်းဖမ်းဆီးမှု ဖြစ်ခဲ့တာကြောင့်သာ ကံကောင်းခဲ့တာ ဖြစ်တယ်လို့ ပြည်သူတွေအကြားမှာ သုံးသပ်မှုတွေ ရှိနေပါတယ်။

“ဖြိုးပြည့်စုံတို့ ကိစ္စဆိုရင် သူက အဆိုတော်လည်းဖြစ်နေ၊ လူတွေလည်း တော်တော်သိသွားလို့ ကံကောင်း သွားတယ်လို့ မြင်မိတယ်။ လူမသိ သူမသိ မှားယွင်းဖမ်းဆီးမှုတွေဆို အချိန်ယူရှင်းပေတော့ပဲ။ ဂန့်ဂေါက ကျန်းမာရေး ဆရာမလေး ဆိုရင်လည်း ဘာမှမဆိုင်ဘဲ ချောက်ချဖမ်းဆီးတာ ခံရတယ်။ ထောင်ထဲမှာ အချုပ်ခံရတယ်။ ပြီးတော့ အချိန်ကြာမှ အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်ပေးတယ်။ အဲဒီအတွက် နစ်နာသူတွေကို ဘယ်လိုပြန်လုပ်ပေးမှာလဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုသက်အောင်က ဆိုပါတယ်။

နိုင်ငံတော် အစိုးရကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးအတွက် မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေး ဌာနကို အသက်သွင်း ဖန်တီးပေးခဲ့ပေမဲ့ လက်တွေ့မှာဖြစ်နေတဲ့ ဖြစ်စဉ်အချို့အရတော့ သတင်းပေး တိုင်ကြားမှု မှားယွင်းမှုတွေကြောင့် နစ်နာသူတွေ ရှိနေရပါတယ်။ အဲဒီအတွက် သတင်းပေးမှု မှားယွင်းတဲ့အခါ မှားယွင်းစွာ သတင်းပေးတဲ့သူကို ပြန်လည် အရေးယူပေးဖို့လည်း ရှုမြင်သူတွေ ရှိနေပါတယ်။

“စဉ်းစားကြည့်ပါ။ ဖြိုးပြည့်စုံတို့ ကိစ္စမှာဆိုရင်။ သတင်းပေးလို့ သတင်းရလို့ ရဲကဝင်ဖမ်းတယ်ဆိုတော့ သတင်းအမှားကြီး ဖြစ်နေတော့ ဘယ်သူနစ်နာရလဲ။ ဒါကြောင့် သတင်းမှားပေးတဲ့ သူကိုလည်း ပြန်ပြီး အရေးယူတာတွေ ပြုလုပ်သင့်တယ်ထင်တယ်။ မဟုတ်ရင် မှားယွင်းဖမ်းဆီးခံရတဲ့သူမှာ ဘယ်မှာလဲ နိုင်ငံသား အခွင့်အရေး၊ သူရဲ့ဂုဏ်သိက္ခာ အတွက်ရော ဘယ်လိုလုပ်မလဲ” လို့ ကိုဝေလင်းက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ ပျံ့နှံ့သုံးစွဲနေမှုတွေမှာ ထိပ်တန်းအဆင့်မှာ ရှိနေပြီး နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာ မူးယစ်ဆေး တိုက်ဖျက်ခြင်းတွေနဲ့ တိုက်ဖျက်ရာမှာ မနစ်နာသင့်သူတွေ မနစ်နာရအောင် မူးယစ်ဥပဒေ ပြင်ဆင်တာတွေ၊ အထူးသတင်းပေး တိုင်ကြားမှု ဌာနတွေကို ဖွဲ့ စည်းတာတွေ ပြုလုပ်ခဲ့ပေမဲ့ နစ်နာရသူတွေက ရှိနေဆဲပါပဲ။

မည်သည့်အခြေအနေမျိုးမှာမဆို မူးယစ်ဆေး အနည်းငယ် တွေ့ရှိတာနဲ့ ထောင်ဒဏ်ကျခံရမယ့် သုံးစွဲသူ အဆင့်ကနေ လက်ဝယ်ထားရှိမှုအဖြစ် သတ်မှတ်လိုက်လို့ရတဲ့ မူးယစ်ပြင်ဆင်ဥပဒေရဲ့ အားနည်းချက်တွေ၊ သတင်းပေးတိုင်ကြားမှု အမှားတွေကြောင့် နစ်နာရသူတွေ များစွာရှိနေရပါတယ်။ ဒါကြောင့် နိုင်ငံအတွင်း မူးယစ်အမြစ်ပြတ် တိုက်ဖျက်ရေးတွေ လုပ်ဆောင်ရာမှာ ကိုင်းကြီးကြီးခုတ်ရန် ရည်ရွယ်တာကနေ ကိုင်းဖျားကိုင်းနားတွေပဲ ခုတ်မိသလို ဖြစ်နေတာတွေ၊ အဲဒီလို ကိုင်းဖျားကိုင်းနားတွေ ခုတ်နေရာက ကိုင်းဖျားကိုင်းနားတွေ ခေါင်းပေါ်ကျလို့ ခေါင်းပေါက်ရတဲ့ မူးယစ်ဆေး သစ်ပင်ကြီးနားက နစ်နာခဲ့ရသူ ပြည်သူတွေအတွက် စဉ်းစားပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

Most Read

Most Recent