အမေက စီးကရက် ကြိုက်တယ်

အမေက စီးကရက် ကြိုက်တယ်
Photo: Twitter
Photo: Twitter
Published 12 October 2019
မောင်စံပေါ

(၁)

 သူငယ်ချင်းတစ်ယောက်က ပြောတယ်။ အသက်ကြီးလာတော့ သီတင်းကျွတ် နီးလာရင် ရင်တုန်တယ်တဲ့။ ဘာဖြစ်လို့လဲလို့ မေးတော့ ဓလေ့ထုံးတမ်းတွေ၊ ဝတ္တရားတွေပေါ့ကွာ။ လူကြီးမိဘ ဆရာသမားတွေကို ကန်တော့ဖို့ရယ်၊ ကိုယ့်ကို လာကန်တော့သူတွေကို တုံ့ပြန်လက်ဆောင်ပေးဖို့ရယ်လေ။ ဒါတောင် မင်္ဂလာဆောင်တွေ မပါသေးဘူးနော်တဲ့။ ငယ်ငယ်တုန်းကရော ဆိုပြီး စကားထောက်တော့  ပျော်တာပေါ့ကွာတဲ့။

 

(၂)

ဟုတ်တယ်။ သူငယ်ချင်းပြောတာ မှန်တယ်။ ငယ်ငယ်တုန်းက သီတင်းကျွတ်ဆို ပျော်တယ်။ အရမ်းငယ်သေးတဲ့ အရွယ်တုန်းက အကြောင်းတွေကို မမှတ်မိလို့ မပြောတတ်ပေမဲ့ ကျောင်းနေတဲ့အချိန် မုံရွာမှာ မူလတန်းကျောင်း စတက်ကတည်းက အကြောင်းတွေ မှတ်မိတယ်။ သီတင်းကျွတ်ဆို မုံရွာမှာ ဘုရားကြီးပွဲ ရှိတယ်။ ပွဲစျေးတန်း လျှောက်လည်ပြီး လိုချင်တာ ပူဆာလို့ရတာကိုး။ တစ်နှစ်ကဆို စက်သေနတ် လိုချင်လို့  အဖေက ဝယ်ပေးတာကို လမ်းမှာတင် တောက်လျှောက်အပစ် ကောင်းလိုက်တာ အိမ်ရောက်တော့ ပျက်ပါရော။ အဖေ့ခမျာ ဝယ်ခဲ့တဲ့ဆိုင်ကို တစ်ခေါက် ပြန်သွား၊ အကျိုးအကြောင်း ပြောပြပြီး အသစ်တစ်လက်နဲ့ လဲရရှာတယ်။ ဆိုင်ရှင်ကလည်း သဘောကောင်းစွာနဲ့ လဲပေးပါတယ်။

 

(၃)

နောက်တစ်ခုက သီတင်းကျွတ်မှာ အဖေ့တပည့်တွေ လာကန်တော့ကြတဲ့အခါ မုန့်ပဲသွားရည်စာတွေ လှိုင်လှိုင်ပေါလို့ သဘောကျတာ။ မှတ်မိနေတာကတော့ ကန်တော့ပစ္စည်းတွေမှာ မုန့်တို့၊ ပလေကပ်လုံချည်တို့၊ စွပ်ကျယ်တို့ပါတာ။ အမြဲတမ်းပါတာက ခပေါင်းစီးကရက်။ တစ်ဘူးလောက်ကတော့ ပုံမှန်ပါနေကျ။ အစီခံမပါတဲ့ ခပေါင်းစီးကရက်က အမေ့အကြိုက်။ အမေ နေ့စဉ် သောက်တာ။ အမေက အစီခံမပါတဲ့ ခပေါင်းစီးကရက်ကိုပဲ စွဲစွဲမြဲမြဲသောက်တယ်။ ဒူးယား ဘာညာတွေကို လုံးဝ မကြိုက်ဘူး၊ ပေါ့တယ်တဲ့။ 

         

(၄)

အမေက စီးကရက် သိပ်ကြိုက်သလို ဆေးလိပ်သောက်နှုန်းကလည်း မြင့်တယ်။ တစ်ဘူးဆို ခဏလေး။ တစ်ရက်ကို သုံးဘူး အသာလေးကုန်တယ်။ ဆယ်ဘူးပါတဲ့ တစ်တောင့်ဟာ သုံးရက်စာပဲရှိတယ်။ စာဖတ်တာနဲ့  ဆေးလိပ်သောက်တာကို အမေ နှစ်သက် မက်မောစွာ နေ့စဉ်လုပ်ပါတယ်။ အမေ့အတွက် အပန်းဖြေခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အလုပ်တွေ ပြီးသွားပြီ၊ အားပြီဆိုရင် အမေ စာဖတ်ပါပြီ။ စာကို အစုံဖတ်ပါတယ်။ အများဆုံး ဖတ်တာကတော့ ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေပါ။ နေ့စဉ်ထုတ်သတင်းစာတွေလည်း အပါအဝင်ပေါ့။                    

(၅)

စီးကရက်ကတော့ အားမှရယ် မဟုတ်ပါဘူး။ အလုပ်လုပ်နေရင်းလည်း ခဏနားပြီး ဖွာသလို အလုပ်မစခင်လည်း သောက်တတ်ပါတယ်။ အမေ စျေးကပြန်လာပြီဆိုရင် စျေးတောင်း ချပြီး စီးကရက် ဖွာပါတယ်။ ဒါလေးနဲ့ အမောဖြေတာတဲ့။ အမောပြေပြီ၊ အာသာပြေပြီဆိုရင် ဟင်းလျာ စကိုင်ပါတယ်။

အမေက ဆေးလိပ်သာသောက်တာ၊ သားသမီးတွေကို ဆေးလိပ်သာ ဝယ်ခိုင်းတာ၊ ဘယ်တော့မှ ဆေးလိပ်မီး မညှိခိုင်းဘူး။ ဆေးလိပ်သောက် သင်ပေးဖို့ဆိုတာ ဝေးလို့ ဆေးလိပ်သောက်တာ အစတောင် မလုပ်စေဘူး။

နောက်ပြီးတော့ အမေ စီးကရက်သောက်ရင် အလုံပိတ်အခန်းမှာ သောက်ဖို့ဆိုတာ ဝေးစွ၊ လေဝင်လေထွက် ကောင်းတဲ့နေရာမှာသာ သောက်တယ်။  ဆေးလိပ်သောက်ဖို့ နေရာယူချိန် အနားမှာ သား၊ သမီးတွေရှိနေရင် လေတင်မှာ နေခိုင်းပြီးမှ  ဆေးလိပ်သောက်တယ်။ လေအောက်မှာဆိုရင်  ဆေးလိပ်အခိုးအငွေ့တွေ ရောက်မှာစိုးလို့၊ ရှူမိမှာစိုးလို့တဲ့။

ပြောရရင် အမေဟာ အတန်းပညာ အများကြီးသင်ခဲ့ရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ကြိုက်တာသာ လုပ်တာ၊ သူများ မထိခိုက်အောင် ဆင်ခြင်နေထိုင်တယ်။ ငါ့သားပဲ၊ ငါ့သမီးပဲ ငါသောက်ချင်သလို သောက်မှာပေါ့ ဆိုတာမျိုး မလုပ်ဘူး။

 

(၆)

တချို့ကျတော့ ပညာသာတတ်တာ၊ ပိုက်ဆံသာရှိတာ လူလို နားမလည်ကြဘူး။ 

ပတ်ဝန်းကျင်တွေ နေရာတွေ ဘာမှမစဉ်းစားဘူး။ သူ သောက်ဖို့ပဲ သိတယ်။ စားသောက်ဆိုင်ထဲလည်း  သောက်တယ်။ လူကြားထဲလည်း သောက်တယ်။ အဲယားကွန်းခန်းထဲလည်း သောက်တယ်။

အဲဒီလို ဆေးလိပ်ကို မဆင်မခြင်၊ ကျန်တဲ့အနားကသူတွေအတွက် ထည့်မစဉ်းစားဘဲ သောက်တဲ့သူတွေထဲမှာ တချို့ကကျတော့ သူကြောက်ရတဲ့သူရှိရင်၊ သူလေးစားရတဲ့သူ ရှိရင်၊ သူဂရုစိုက်ရမယ့်သူရှိရင် မသောက်ဘူး။ ကျန်တဲ့သူတွေနဲ့ဆို ခွင့်တောင် တောင်းမနေဘူး၊ နေရာမရွေး သောက်တယ်။ ဒါတော်တော် ဆိုးတဲ့ကိစ္စပါ၊ ကျန်တဲ့သူတွေကို လူရာမသွင်းတဲ့ သဘောပေါ့ဗျာ။

ဒါ ကိုယ့်အမျိုးတွေမို့ပါကွာ၊ နိုင်ငံခြားသားတွေ၊ နိုင်ငံကြီးသားတွေက ဒါမျိုး မလုပ်ပါဘူးလို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။

 

(၇)

နိုင်ငံခြားသားတွေ၊ နိုင်ငံကြီးသားတွေမို့ ဒါမျိုး မလုပ်ပါဘူးလို့ဆိုတာကလည်း အမြဲမမှန်နိုင်ပါဘူး။ ကြုံဖူးတာတစ်ခု ပြောပါမယ်။

ရင်းနှီးတဲ့ နိုင်ငံခြားသားမိတ်ဆွေတစ်ယောက်နဲ့ ကြုံခဲ့ရတာပါ။ ဟိုတယ်တစ်ခုမှာ အတူတည်းရင်း  ဆွေးနွေးစရာကိစ္စတစ်ခုရှိလို့ သူ့အခန်းမှာ စကားပြောကြရအောင်လို့ သူက ဖိတ်ပါတယ်။ စကားမပြောခင်မှာ သူ စီးကရက်ဘူးထုတ်ပြီး ခွင့်တောင်းတယ်။

“ငါ စီးကရက်သောက်လို့ရမလား”

“ရပါတယ်။ မင်း သောက်ချင် သောက်လေ။ ငါ ဟိုတယ်ဧည့်ခန်းမှာဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာဖြစ်ဖြစ် စောင့်နေမယ်လေ။ အဲဒီမှာ စကားပြောကြတာပေါ့”

“မင်း မကြိုက်ရင် မသောက်ပါဘူးကွာ။ အခုလည်း ငါမင်းကို ကြိုပြီး ခွင့်တောင်းတာလေ”

“အမှန်ကတော့ ခွင့်တောင်းစရာကို အကြောင်းမရှိဘူး သူငယ်ချင်း။ ငါသာ မင်းနေရာမှာဆိုရင်  ဆေးလိပ်သောက်ခွင့်ပြုတဲ့အခန်း ဖြစ်စေဦးတော့ မသောက်ဘူး။ အေး သောက်ချင်ရင်လည်း အပြင်မှာ၊ ဝရံတာမှာ ထွက်သောက်မယ်”

 

(၈)

ကိုယ်ကသာ သောက်ချင်ရင်လည်း အပြင်မှာ ဝရံတာမှာ ထွက်သောက်မယ် ပြောတာ၊ ဘာကိုမှ ဂရုမစိုက်ဘဲ  ဆေးလိပ်မသောက်ရ ရုပ်ပုံကို လုံးဝလျစ်လျူရှုပြီး ဆေးလိပ်သောက်ကြတဲ့ နိုင်ငံကြီးသားများ၊ အမျိုးကောင်းသားများလည်း အများကြီး တွေ့ရပါတယ်။ သူတို့ တည်းခိုပြီးထွက်သွားတဲ့ အခန်းတွေမှာ  ဆေးလိပ်နံ့တွေ ဟောင်ပြီး ကျန်နေခဲ့တာ တော်တော်ဆိုးပါတယ်။ အုံနဲ့ကျင်းနဲ့ လာတည်းတဲ့ တိုးရစ်တွေမို့လို့၊ နှစ်ပေါက်အောင် အခန်းအများကြီး စာချုပ်ထားတဲ့ ခရီးသွားကုမ္ပဏီကမို့လို့ဆိုပြီး သည်းညည်း ခံပေးရမယ် ဆိုတာကလည်း ဘဝင်မကျစရာပါ။ မန္တလေးက ဟိုတယ်တစ်ခုမှာ ကြုံရတဲ့ ဒီလိုအဖြစ်မျိုးဟာ နိုင်ငံကြီးတစ်နိုင်ငံက ဟိုတယ်တစ်ခုခုမှာဆိုရင် ဒီလူတွေ ဒီလိုလုပ်ရဲမှာလား၊ လုပ်မှာလားဆိုတဲ့အထိ အတွေးတွေ ရှည်သွားစေခဲ့ပါတယ်။ 

 

(၉)

စီးကရက်ကို အင်မတန်ကြိုက်ပြီး စည်းနဲ့ကမ်းနဲ့ သောက်တဲ့ အမေဟာ စည်းမရှိ ကမ်းမရှိ  သောက်တာတွေကို လုံးဝ မကြိုက်ပါဘူး။ သောက်ပြီးသား ဆေးလိပ်တိုကို ပစ်ချင်ရာ ပစ်တာတွေ၊ မီးမသတ်ဘဲ လွှင့်ပစ်တာတွေ တွေ့ရင်  ဆူပါတယ်၊ နာအောင် ပြောပါတယ်။ အိမ်ကို လာရင်းလုပ်ရင် နောက်အိမ်မလာနဲ့ ဆိုပြီး ပိတ်ပင်ပါတယ်။ တပည့်သားမြေးတွေပေမဲ့ ချစ်တာ သံယောဇဉ်ရှိတာက သပ်သပ် စည်းကမ်းက သပ်သပ်ပါ။  

အသက် ၂၃ နှစ်ကတည်းက စီးကရက် သောက်ခဲ့တဲ့ အမေ့ကို အသက်ကြီးလာချိန်မှာ ဆေးလိပ်ဖြတ်ဖို့ ပြောသူတွေက ပြောကြပါတယ်။ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်ကောင်းနေတဲ့အမေ့ကို ဆေးလိပ်နံ့ မခံနိုင်တဲ့ သားက ဆေးလိပ်ဖြတ်ဖို့စကား လုံးဝမပြောခဲ့တာ အံ့သြစရာများ ဖြစ်နေမလား။

သားဖြစ်သူ ခရီးက ပြန်လာချိန်တွေမှာ အမေက တောင်ငူပဒေသာ ကော်ဖီမွှေးမွှေးလေး  ဖျော်ပေးလေ့ရှိတယ်။ ရေနံချေးဝနေတဲ့ အမေ့အိမ်ရဲ့ ပြူတင်းပေါက်တွေ တော်တော် များများဖွင့်ပြီးရင် အမေက မြောက်ဘက်မှာ ထိုင်တယ်။ သားကို လေတင်ဖြစ်တဲ့ တောင်ဘက်မှာ ထိုင်စေပြီး အမေက စီးကရက်ဖွာ၊ သားက ကော်ဖီသောက်နဲ့ စကားဖောင်ဖွဲ့ ခဲ့ကြချိန်တွေဟာ လွမ်းစရာ။

 

(၁၀)

အမေ အသက် ၈၆ နှစ်ရောက်တော့ တုပ်ကွေးမိအပြီး နေပြန်ကောင်းချိန်မှာ ဆေးလိပ်နံ့ မခံနိုင်တော့ဘဲ စီးကရက် လုံးဝ ပြတ်ခဲ့ပါတယ်။

ကျန်းကျန်းမာမာနဲ့ စာတွေကို နေ့စဉ် ဖတ်မြဲဖတ်နေရာကနေ အသက် ၉၃ နှစ်မှာ အမြင်အာရုံ ဆိုးဆိုးရွားရွား ချို့တဲ့သွားရာက စာလည်း မဖတ်နိုင်တော့တဲ့ဘဝ ရောက်ခဲ့ပါတယ်။

ဆေးလိပ်ပြတ်သွားချိန်မှာ ဘာမှမဖြစ် ခဲ့တဲ့အမေဟာ စာမဖတ်နိုင် မဖတ်ရတော့ချိန်မှာ  တော်တော်ကြီးကို စိတ်ထိခိုက်ခဲ့ရှာတယ် ထင်ပါတယ်။ မျက်စိကလွဲရင် ကျန်တာတွေ ကောင်းနေသေးတဲ့အမေ

အသက် ၉၄ နှစ် ရဲ့ တစ်ညနေမှာ အိပ်ရာက လုံးဝမထတော့ဘဲ မျက်စိနှစ်လုံး အပြီးတိုင် မှိတ်ခဲ့ပါတယ်။

 

(၁၁)

အမေ မရှိတော့တဲ့နောက်ပိုင်းမှာ သီတင်းကျွတ်ရောက်တာ ခြောက်ခါ မြောက်ခဲ့ပြီ။ ပျဉ်းမနားမှာ နှစ်ကျိပ်ရှစ်ဆူလှည့်မှာ ဘာတွေပါမှာတဲ့၊ ဘယ်အဆိုတော်တွေ လာမှာတဲ့လို့ ပြောစရာ အမေ မရှိတော့ပြီ။ တိုက်ဆိုင်တာရှိတိုင်း သတိရနေဆဲ၊ လွမ်းနေဆဲပါ အမေ။

ဆေးလိပ်နံ့ မခံနိုင်တဲ့ သားရဲ့ နှာသီးဖျားလေးကို တိုးတဲ့လေမှာ အမေ့ရဲ့ စီးကရက်နံ့ သင်းသင်းလေး ပါလာတယ်။ ချစ်ခြင်း နဲ့ အလွမ်းတွေရဲ့ စေစားမှုအောက်မှာ စီးကရက်နံ့လေးဟာ ချိုမြမြ မွှေးနေလေရဲ့ အမေ။  

 

Most Read

Most Recent