မဲပေးခွင့်ရှိသူမကျန်ရှိစေရေး၊ ကြိုတင်မဲ ပွင့်လင်းမြင်သာမှုရှိရေးတို့ကို အထူးအလေးပေး ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောကြား

မဲပေးခွင့်ရှိသူမကျန်ရှိစေရေး၊ ကြိုတင်မဲ ပွင့်လင်းမြင်သာမှုရှိရေးတို့ကို အထူးအလေးပေး ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောကြား
Published 9 October 2019
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မကျန်ရှိစေရေးနှင့် ကြိုတင်မဲ ပွင့်လင်းမြင်သာမှုရှိရေးတို့ကို အထူးအလေးပေး ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က The Daily Eleven အား ပြောကြားသည်။

“မဲပေးခွင့်ရှိသူမှန်သမျှ မကျန်စေရအောင် ဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ကြိုတင်မဲကိစ္စတွေ ပွင့်လင်းမြင်သာမှုရှိအောင် ရှင်းရှင်းလင်းလင်းရှိအောင် အထူးကိုဆောင်ရွက်သွားမယ်” ဟု ၎င်းက အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။

ကြိုတင်မဲပြုစုခြင်းနှင့် ကြိုတင်မဲပေး ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှိနှင့်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ သေချာစွာစိစစ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကို အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ညွှန်ကြားခဲ့သည်ဟု ဦးမြင့်နိုင်က ပြောကြားသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်သားများနှင့် ဆေးရုံတက်ရောက်နေသည့် အတွင်းလူနာများ၏ ကြိုတင်မဲစာရင်းကို ပုံစံ (၁-၁) ဖြင့် ရေးမှတ်ရကြောင်း၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၏ ကြိုတင်မဲစာရင်းကို ပုံစံ (၁-၂)ဖြင့် ရေးမှတ်ရကြောင်း၊ ပြည်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲစာရင်းကို ပုံစံ (၁-၃)ဖြင့် ရေးမှတ်ကာ မိတ္တူနှစ်စောင်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရသည်ဟု ၎င်းက ရှင်းပြသည်။

“ကြိုတင်မဲပေးတဲ့ တပ်မိသားစုတွေအားလုံးရော၊ ပြည်ပရောက်နေသူတွေရော၊ ပြည်တွင်းမှာ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေရော ဒီလိုကြိုတင်မဲပေးတာကို သေသေချာချာ ဒီပုံစံနဲ့ စနစ်တကျ လုပ်ပါဆိုပြီးတော့ပေ့ါ။ အဲဒီပုံစံတွေက အရင်ကတည်းကရှိတာမို့ သိပ်မထူးခြားပေမဲ့ စစ်ဆေးပုံစစ်ဆေးနည်းကို သေသေချာချာ လုပ်ပါဆိုတဲ့ဟာကတော့ နည်းနည်းလေး ထူးခြားသွားတာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။    

ထိုသို့ အလေးထား ဆောင်ရွက်ရန် မှာကြားခြင်းက ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုများ မပေါ်ပေါက်စေရေးအတွက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကြိုတင်မဲနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်စဉ်အချို့ရှိခဲ့ပြီး ဖြစ်စဉ်အများစုမှာ တပ်မတော်တွင်း ကြိုတင်မဲနှင့်ပတ်သက်၍ ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခုလလယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုမှု ပြီးစီးမည်ဟု သိရသည်။

ထိုသို့ ကောက်ယူပြီးစီးသည့် စာရင်းအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိိသူ ၃၉ သန်းရှိနိုင်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ငါးသန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

သို့ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၉ သန်းသည် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၏ မဲစာရင်းပါဝင်ခြင်းမရှိသေးဘဲ ၎င်းတို့၏ မဲစာရင်းကို ကောက်ယူမည့် အချိန်အား ထပ်မံအသိပေးမည်ဟု ၎င်းကဆိုသည်။

တပ်မတော်သားများအနေဖြင့် ရှေ့တန်းထွက်ခြင်းနှင့် အခြားသောကိစ္စရပ်များကြောင့် ယခုအချိန်ကတည်းက မဲစာရင်းကောက်ခံထားလျှင် မဲစာရင်းတည်ငြိမ်မှု မရှိနိုင်၍ မဲစာရင်းကောက်ယူရမည့် အချိန်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံညွှန်ကြားချိန်မှ ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောကြားသည်။

Most Read

Most Recent