တစ်နိုင်ငံလုံး၌ ကျောင်းကျန်းမာရေး အဖွဲ့ပေါင်း ၈၀ ခန့်ရှိပြီး ဝန်ထမ်းအင်အား အပြည့်မရှိသော မြို့နယ်များတွင် သွားနှင့်ခံတွင်း ဆရာဝန်များနှင့် မြို့နယ်ကျန်းမာရေးမှူးများကိုပါ ထည့်သွင်းဖွဲ့စည်းမည်

တစ်နိုင်ငံလုံး၌ ကျောင်းကျန်းမာရေး အဖွဲ့ပေါင်း ၈၀ ခန့်ရှိပြီး ဝန်ထမ်းအင်အား အပြည့်မရှိသော မြို့နယ်များတွင် သွားနှင့်ခံတွင်း ဆရာဝန်များနှင့် မြို့နယ်ကျန်းမာရေးမှူးများကိုပါ ထည့်သွင်းဖွဲ့စည်းမည်
အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးဌာနမှ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးဌာနမှ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 3 October 2019
အိသဥ္ဇာကျော်



တစ်နိုင်ငံလုံးတွင် ကျောင်းကျန်းမာရေး အဖွဲ့ပေါင်း ၈၀ ခန့်ရှိပြီး ဝန်ထမ်းအင်အား အပြည့်မရှိသော မြို့နယ်များတွင် သွားနှင့် ခံတွင်း ဆရာဝန်များနှင့် မြို့နယ်ကျန်းမာရေးမှူးများကိုပါ ထည့်သွင်းဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် လူနာများဘေး ကင်းလုံခြုံရေး၊ ကျန်းမာရေး သတင်းအချက်အလက်စနစ် ပိုမိုအားကောင်းရေး၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ယခုနှစ်တွင် ဆက်လက်ဦး စားပေး၍ ဆက်တိုက်ပံ့ပိုးဆောင်ရွက် လျက်ရှိကြောင်းနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ရန်ပုံငွေတွင် စီမံချက်များ ထည့်သွင်းလျာထားရေးဆွဲ၍ သော်လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေမှ လည်းကောင်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အခြားနှီး နွှယ်ဆက်စပ်တဲ့ ဌာနတွေ အဖွဲ့အစည်းတွေ ပါဝင်တဲ့ အမျိုးသားရေး လှုပ်ရှားမှုအသွင်နဲ့ အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ဇွန်လ ၁၂ နဲ့ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲက ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ခုနစ်ရပ်နဲ့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဗဟိုအဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဆောင်ရွက်ဖို့လိုအပ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဖော်ထုတ်ခဲ့ကြပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ခုနစ်ချက်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ထည့်သွင်းသင်ကြား ပေးနိုင်ရေးနှင့် ကျောင်းသားကျောင်းသူများတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတစ်နိုင်ငံလုံးတွင် ကျောင်းကျန်းမာရေးအဖွဲ့ပေါင်း ၈၀ ခန့်ရှိပြီး ဝန်ထမ်းအင်အား အပြည့်မရှိသော မြို့နယ်များတွင် ဆရာဝန်များသာမက သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ မြို့နယ်ကျန်းမာရေးမှူးများကိုပါ လိုအပ်သလို ထည့်သွင်းဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ပြီးပြည့်စုံသော ကျောင်းကျန်းမာရေး လုပ်ငန်းများ အတွက် ငါးနှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၁၇-၂၀၂၂) ကို ချမှတ် ရေးဆွဲထားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ၁၉၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၅၁ ခုနှစ်က ကလေးသူငယ် ကျန်းမာရေးဌာနနှင့် မြို့ကြီးများတွင် ကျောင်းကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၇၈-၇၉ ခုနှစ်တွင် ပထမပြည်သူ့ကျန်းမာရေးစီမံချက် စတင်သည်မှ ကျောင်းကျန်းမာရေး လုပ်ငန်းကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကဏ္ဍ တစ်ရပ်အဖြစ် ပေါင်းစည်း၍ ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံးမှ ကျောင်းကျန်းမာရေး ဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းနှင့် အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၁၈ ကို ထုတ်ပြန်ကာ ဗဟိုအဆင့် ကျောင်းကျန်းမာရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်း ခဲ့ပြီးဖြစ်သည်။

ကျန်းမာရေး အဆင့်မြှင့်ကျောင်း ဆိုသည်မှာ ကျောင်းသားကျောင်းသူများ သင်ယူလေ့လာရန်နှင့် ပညာရေး ဝန်ထမ်းများ အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သည့် နေရာဌာနတစ်ခု ဖြစ်စေရန် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိသောကျောင်းကို ဆိုလိုကြောင်း သိရသည်။