ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စိန်ခေါ်မှုများ ရှိနေသော်လည်း စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး အောင်မြင်သောရလဒ် ဖြစ်ပေါ်လာရေး အဖွဲ့အားလုံး၏ လိုက်လျောမှု၊ စိတ်ရှည်မှု လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြား

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စိန်ခေါ်မှုများ ရှိနေသော်လည်း စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး အောင်မြင်သောရလဒ် ဖြစ်ပေါ်လာရေး အဖွဲ့အားလုံး၏ လိုက်လျောမှု၊ စိတ်ရှည်မှု လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြား
စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဥ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောကြားစဉ်
စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဥ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောကြားစဉ်
Published 3 October 2019



ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စိန်ခေါ်မှုများ ရှိနေသော်လည်း စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး အောင်မြင်သောရလဒ် ဖြစ်ပေါ်လာရေးအတွက် အဖွဲ့အားလုံး၏ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှုအပြင် မိတ်ဆွေများ၏ ဆက်လက်အားပေး ကူညီမှုများ လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဥ္စမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေ မူဝါဒရေးရာမိန့်ခွန်း ပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားပြီး လက်မှတ်မထိုးရသေးသော အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် ရှေ့ဆက်၍ များစွာကြိုးပမ်းရဦးမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

“စိန်ခေါ်မှုတွေရှိနေသော်ငြား စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်လျက် ရှိပါတယ်။ အောင်မြင်တဲ့ ရလဒ်ဖြစ်ပေါ်လာဖို့အတွက် အဖွဲ့အားလုံးရဲ့ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှုအပြင် မိတ်ဆွေများရဲ့ ဆက်လက် အားပေးကူညီမှုများလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မတူကွဲပြားတဲ့ အမြင်တွေကို ဆွေးနွေးမှု၊ ညှိနှိုင်းမှုနည်းလမ်းများနဲ့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ အပြန်အလှန် ယုံကြည်နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ပေါင်း ရှည်ကြာသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ သမိုင်းကြောင်းလည်း ရှိနေကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အစိုးရ၏ အဓိက ဦးစားပေးဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သုံးကြိမ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်၌ ပါဝင်မည့် အခြေခံမူ ၅၁ ချက်ကို ချမှတ်နိုင်ခဲ့ကြောင်းနှင့် ယင်းသဘောတူစာချုပ်သည် လုံခြုံမှု၊ သာယာဝပြောမှု၊ ငြိမ်းချမ်းမှုနှင့်  အမျိုးသား သဟဇာတ ဖြစ်မှုများကို အာမခံပေးနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေ စီစနစ်သို့ ကူးပြောင်းလျက်ရှိရာ ပြည်တွင်းပဋိပက္ခများကို  ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ရေရှည်တည်တံ့၍ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ခရီးလမ်းကြောင်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် ယှဉ်တွဲပါဝင်နေကြောင်း၊ တရားဥပဒေ စိုးမိုးရေးသည် ဒီမိုကရေစီ အုပ်ချုပ်မှုတွင် အခြေခံကျသော မူဝါဒတစ်ခုအဖြစ် အစိုးရက ရှုမြင်ကြောင်း၊ အစိုးရနှင့် ဥပဒေပြု လွှတ်တော်သည် ပြည်သူများ၏ အကျိုးစီးပွား ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေများကို ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ဥပဒေ၏ ရှေ့မှောက်တွင် အားလုံးတန်းတူညီမျှ ဖြစ်စေရန် ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“နိုင်ငံတစ်ဝန်းမှာ သဟဇာတရှိမှုနဲ့ တရားမျှတမှုတို့ လွှမ်းမိုးစေဖို့အတွက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ တရားရုံးများ သီးခြားလွတ်လပ်ခွင့် ပိုမိုရှိစေရေးနဲ့ တရားစီရင်မှုတွေ ပွင့်လင်းပြီး မျှတမှုရှိစေရေးတို့ အတွက်လည်း စီမံဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

ကဏ္ဍပေါင်းစုံတွင် တိုးတက်မှုများ ရရှိနိုင်ရေးအတွက် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများကို အမှန်တကယ် ကာကွယ်မြှင့်တင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပဒေ၏ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်သည် သိသာထင်ရှားသော ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်း၍ ကော်မတီသည် နိုင်ငံရေးပါတီ အသီးသီးက ပေးပို့လာသော ပြင်ဆင်ရမည့် အချက်ပေါင်း  ၃၇ ၀၀ ကျော်ကို စုစည်းကာ တွေ့ရှိချက်များ အပေါ်တွင် အခြေခံသော ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ဆက်လက်တင်သွင်းသွားရန် ရည်ရွယ်ကြောင်းနှင့် အစိုးရ၏ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများနှင့် ယင်းနှင့် ဆက်နွှယ်မှုရှိသော ပြုပြင်ပြောင်းလဲမှုများသည် အရှိန်အဟုန်မပြတ် ရှင်သန်တိုးတက် ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

“မြန်မာပြည်သူ ပြည်သားများဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့အတွက် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ကြရပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုကို အစိုးရနဲ့ ပြည်သူများက ယုံကြည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့နဲ့ ရင်ဆိုင်ဖြေရှင်း နေကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အားလုံးပါဝင်တဲ့ မူဘောင်အပေါ်မှာ အခြေခံတဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး လိုလားတောင့်တသော ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံကို ဖန်တီးပုံဖော်ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ စင်မြင့်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားလိုက်နာသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် ဆက်လက်ကြိုးစား သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

Most Read

Most Recent