ရှစ်နာရီပဲကြာမယ့် ရန်ကုန်-မန္တလေး ရထားခရီးစဉ် တကယ်ဖြစ်လာတော့မှာလား

ရှစ်နာရီပဲကြာမယ့် ရန်ကုန်-မန္တလေး ရထားခရီးစဉ် တကယ်ဖြစ်လာတော့မှာလား
မန္တလေးဘူတာကြီးဝန်းကျင်ကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းခန့်က တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
မန္တလေးဘူတာကြီးဝန်းကျင်ကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းခန့်က တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
Published 23 September 2019
ရွှန်းလဲ့ဝင်း

၁၈၈၅ ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့ပြီး ရထားလမ်းအလျား ၆၂၀ ကီလိုမီတာ (မိုင်)အားဖြင့် ၃၈၅ မိုင်ရှိပြီး ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နဲ့ မန္တလေးတိုင်းဒေသကြီးကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရန်ကုန်-မန္တလေး ရထားလမ်းဟာ နှစ်ပေါင်း ၁၃၃ နှစ်ကြာမြင့် ခဲ့ပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၁ဝဝကျော်သက် တမ်းရှိပြီဖြစ်တဲ့အတွက် ရထားပြေးဆွဲတဲ့အခါမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လို့မရပါဘူး။ ဒါကြောင့်မို့ ရန်ကုန်-မန္တလေး ရထားလမ်းကို လက်ရှိ အချိန်မှာ ဂျပန်နိုင်ငံရဲ့ ODA (Official Development Assistance ချေးငွေရယူပြီး အဆင့်မြှင့်တင် ဆောင်ရွက်မှု တွေပြုလုပ်ဖို့ မြန်မာ့မီးရထားက စီစဉ်နေပါ တယ်။           

ခုလိုသက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ရထားလမ်းကြီးတစ်ခုကို အဆင့်မြှင့်တင်ဖို့ ဆိုတာ လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ရထားလမ်းအဆင့်မြှင့်တင် ရေးစီမံကိန်းအတွက် JICA ရဲ့ ODA ချေး     ငွေရယူဆောင်ရွက်မှာဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လမ်းခင်းဇလီဖားပံ့ပိုးခြင်း၊ လမ်းခင်းကျောက်ပံ့ပိုးခြင်းနဲ့ ခြံစည်းရိုးကာရံခြင်းစတဲ့ လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ရထားလမ်းအဆင့်မြှင့်တင်ဖို့အ တွက် ကနဦးအဆိုပြုခြင်းလုပ်ငန်းစဉ်ကို  ၂၀၁၂ ခုနှစ် ဇန်နဝါရီမှာ ပထမဆုံးအနေနဲ့ (Myanmar Development Cooperation Forum) က ပြုလုပ်ခဲ့ပြီး ဖြစ်မြောက်နိုင်မှု ရှိမရှိ FS ပြုလုပ်တဲ့လုပ်ငန်းစဉ်ကိုတော့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ JICA က ပြု လုုပ်ခဲ့ပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းတစ်ခုလုံးမှာ ဂျပန်အို ဒီအေချေးငွေနဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေထဲမှာ (စုန်၊ဆန်)  ၃၈၅ မိုင်ကို ရထားလမ်း တာပေါင်နဲ့ ရထားလမ်း ပြုပြင် ခြင်းလုပ်ငန်း၊ ရထားလမ်းတံတားတွေ ၂၃၉ ခုကို ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရထားလမ်းဘူတာများ ပြုပြင်ခြင်းလုပ်ငန်း၊ ရထားလမ်းပလက်ဖောင်းနဲ့ အချက်ပြတွေ ပြုပြင်ခြင်းလုပ်ငန်းနဲ့ ကားလမ်းကူး Level Xing တွေပြုပြင်ခြင်းလုပ်ငန်း၊ DEMU (Disel Electric Multiple Unit) ရထားတွဲ ၂၂၀ ဝယ်ယူခြင်း၊ ရွာသာကြီးမှာ ရထားတွဲ တည်ဆောက်ဖို့ အလုပ်ရုံ တည်ဆောက်ခြင်း၊ ဘူတာ ၉၆ ဘူတာမှာ ကွန်ပျူတာနဲ့ ရထား ထိန်းသိမ်းတဲ့ စနစ်တပ်ဆင်ခြင်းနဲ့ ဘူတာ တွေမှာ လျှပ်စစ်မီးတပ် ဆင်ခြင်းလုပ်ငန်း တွေပါဝင်မှာဖြစ်ပါတယ်။  

ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းကြီးရဲ့ ရည်မှန်းချက်က တော့ တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ရန်ကုန်-မန္တလေး ခရီးကို      ရှစ်နာရီနဲ့ ရောက်ရှိနိုင်ဖို့ပဲဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင် ရေး စီမံကိန်းကို ရန်ကုန်မှ တောင်ငူအထိ ၁၆၆မိုင်ကို အဆင့် (၁) အဖြစ်လည်းကောင်း၊ တောင်ငူမှ မန္တလေးအထိ ၂၁၉ ဒသမ ၅မိုင် ကို အဆင့် (၂)အဖြစ်လည်းကောင်း နှစ်ပိုင်း ခွဲခြား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရ ပါ တယ်။ စီမံကိန်း အဆင့် (၁) ဖြစ်တဲ့ (ရန်ကုန်- တောင်ငူ ရထားလမ်းပိုင်း) အတွက် ခန့်မှန်းကုန်ကျစရိတ်က ဂျပန်ယန်း ၉၁ ဒသမ ၉၂၁ ဘီလျံဖြစ်ပြီး ပထမအကြိမ် (ဂျပန်ယန်း ၂၀ ဘီလျံ) ချေးငွေစာချုပ် MY-P4  ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၅ ရက်မှာလည်း ကောင်း၊ ဒုတိယအကြိမ် (ဂျပန်ယန်း ၂၅ ဘီလျံ) ချေးငွေစာချုပ် MY-P21 ကို ၂၀၁၇ ခုနှစ် မတ် ၁ ရက်မှာလည်းကောင်း မြန်မာနိုင်ငံပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန၊ မြန်မာ့မီးရထားနဲ့ ဂျပန်နိုင်ငံ JICA တို့ လက်မှတ်ရေးထိုး ချုပ်ဆိုပြီးဖြစ်ပါတယ်။

F/S နဲ့ Detail Design ရေးဆွဲတဲ့ လုပ်ငန်းတွေကို JICA ရဲ့ Grant နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ အတွက် မြန်မာ့မီးရထားကို ပံ့ပိုးကူညီနိုင်ဖို့ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ (CMC) အနေနဲ့ ဂျပန်နိုင်ငံအခြေစိုက် Oriental Consultant Global ဦးဆောင်တဲ့ JV အဖွဲ့ ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၂ရက်မှာ လက်မှတ်ရေးထိုးချုပ်ဆို ပြီးခန့်အပ်ထားတာ ဖြစ်ပါတယ်။

ရန်ကုန်ကနေ တောင်ငူအထိ ၁၆၆ မိုင် ဖြစ်တဲ့ စီမံကိန်းအဆင့် (၁) ကိုအကောင်အ ထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် တင်ဒါ Package ရှစ်ခုခွဲခြားပြီး တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ တင်ဒါ  Package တွေကတော့ အဓိကကျတဲ့ အခြေ ခံတည်ဆောက်ရေး လုပ်ငန်းစဉ်သုံးခု အနေ နဲ့ ပုဇွန်တောင်-ပဲခူးလမ်းပိုင်းကို CP 101 ၊ ပဲခူး-ညောင်လေးပင်လမ်းပိုင်းကို CP 102 နဲ့ ညောင်လေးပင်-တောင်ငူ လမ်းပိုင်းကို CP 103 အဖြစ်လည်းကောင်းခွဲခြားသတ်မှတ်ပြီး တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခြား  Package တွေဖြစ်တဲ့ CP 104 ၊ CP  105 ၊  CP 106 ၊  CP 107 နဲ့  CP 108 တွေ ကိုလည်း ချေးငွေပေးအပ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ JICA ရဲ့ Guidelines တွေနဲ့ အညီ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ တင်ဒါPackaqge ရှစ်ခုအနက် CP 106 ကလွဲပြီး ကျန် ခုနစ်ခုကို CMC အဖွဲ့နဲ့ မြန်မာ့မီးရထားတို့ က တင်ဒါစာရွက်စာတမ်းတွေပူးပေါင်းရေးဆွဲပြီး တင်ဒါခေါ်ယူထား ပြီး ဖြစ်ပါတယ်။ အဲဒီတင်ဒါ Package ခုနစ်ခု အနက် ခြောက်ခုက တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေနဲ့ ကန်ထရိုက်စာချုပ်တွေ လက် မှတ်ရေးထိုးချုပ်ဆိုထားပြီးဖြစ်ပါတယ်။

ဂျပန်အိုဒီအေချေးငွေကို အသုံးပြုပြီး ဆောင်ရွက်မယ့်ဒီစီမံကိန်းကြီးကို ဂျပန်ကုမ္ပဏီသုံးခုက Main Contractor အဖြစ် ဆောင်ရွက်ခွင့်ရရှိပြီး မြန်မာဘက်ကတော့ A1 ၊ ရွှေတောင်၊ ဒဂုံနှင့် မက်စ်ကုမ္ပဏီအပါ အဝင် မြန်မာကုမ္ပဏီတွေက Sub Contractor ပါဝင်ဆောင်ရွက် ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်-တောင်ငူ လမ်းပိုင်း အဆင့်မြှင့်တင်မှုကို လာမယ့် အောက်တိုဘာ ၁ ရက်မှာ စတင်မည်ဖြစ်ပြီး ဒီစီမံကိန်းရဲ့ Main Contractor များအဖြစ် ဂျပန်နိုင်ငံမှ Sumitomo Corporation ၊ TEKKEN-RNJV ၊ Tokyu Construction ၊ Marubeni Niigata Construction နဲ့ Barons & Fujikura EPC Co,ltd တွေနဲ့ကန်ထရိုက်စာချုပ်တွေကို လက်မှတ်ရေးထိုးချုပ်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့်(၁) ဖြစ်တဲ့ရန်ကုန်-တောင်ငူလမ်းပိုင်းအဆင့်မြှင့် မှုမှာ CP 1 ကတော့ Sumitomo Corporation က Main Contractor အဖြစ် ဆောင်ရွက်ပြီး အခြေခံအများဆုံး Sub Contractor အနေနဲ့ဆောင်ရွက်မှာက A1 ကုမ္ပဏီ ဖြစ်ပါတယ်။  CP 2 ကတော့ TEKKEN-RNJV  က Main Contractor အဖြစ်ဆောင်ရွက်ပြီး Sub Contractor အနေ နဲ့ဆောင်ရွက်မှာက  Max နဲ့ ဒဂုံကုမ္ပဏီတို့ ဖြစ်ပါတယ်။  CP3 ကတော့ Tokyu က Main Contractor အဖြစ်ဆောင်ရွက်ပြီး Sub Contractor အနေ နဲ့ဆောင်ရွက်မှာက ရွှေတောင်ကုမ္ပဏီ  ဖြစ်ပါတယ်။ အခြား Sub Contractor အဖြစ်ပါဝင်သွားမယ့် မြန်မာကုမ္ပဏီတွေကတော့ အများကြီးဖြစ်ပါတယ်” ဟု မြန်မာ့ မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်-မန္တလေးရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းတစ်ခုလုံး ပြီးစီးသွားခဲ့ရင်တော့ တစ်နာရီလျှင်  ကီလိုမီတာ  ၁၀၀ အထိမောင်းနှင်နိုင်မှာဖြစ်ပြီး လက်ရှိအချိန် မှာ ၁၄ နာရီ၊ ၁၅ နာရီခန့်ကြာမြင့်တဲ့ ရထား ခရီး စဉ်ကရှစ်နာရီသာကြာမြင့်တော့ မှာဖြစ် ပါတယ်။  အရိပ်လိုချင် နေပူထဲကစောင့် ဆိုသလိုပဲ ဒီလိုပြည်သူတွေအတွက် အကျိုးရလဒ်ကြီးမားတဲ့စီမံကိန်းတစ်ခု ဖြစ်လာဖို့ ချက်ချင်းလက်ငင်း ဖြစ်လာနိုင်မှာတော့ မဟုတ်ပါဘူး။ စီမံကိန်း အဆင့် (၁) ဖြစ် တဲ့ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်ကို ၂၀၁၉ ခုနှစ်အောက်တိုဘာ ၁ ရက်မှာစပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်မှာ ဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ အပြီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။  စီမံကိန်း အဆင့် (၂) ဖြစ်တဲ့ တောင်ငူ-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြီးစီးနိုင်အောင် စီမံကိန်းကာ လသတ်မှတ်ထားတယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။

အောက်တိုဘာ ၁ ရက်က စတင်ပြီး ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့် တင်မှု စတင်မှာဖြစ်လို့ မိုင် ၁၂ဝကို ဒွေးလမ်းစနစ် ကနေ ဧကလမ်းစနစ်နဲ့  ယာယီပြောင်းလဲ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရထားပြေးဆွဲရာမှာ အဆန်ရထားနဲ့ အစုန်ရထား တွေက ဧကလမ်း တစ်ခုတည်းကိုသာ အသုံး ပြုရမှာဖြစ်လို့  အဲဒီဧကလမ်းအတွင်းမှာ မလွဲမသွေ ရထား ဆုံရမှာဖြစ်တဲ့အတွက် ရထား ဆုံကြန့်ကြာခြင်း၊ လက်ရှိဘူတာများရဲ့ အချက်ပြစနစ်တွေနဲ့ ချိတ်ဆက်စနစ်တွေကို ယာယီဘူတာတွေ ထားရှိဆောင်ရွက်ရမှာ ဖြစ်လို့ ဘူတာအဝင်ပွိုင့်တွေမှာ ကြန့်ကြာနိုင်ခြင်းတွေ ရှိလာနိုင်တာကြောင့် စုစုပေါင်း ပြေးဆွဲချိန်တွေပိုလာခြင်း၊ Contractor တွေ ကို အလုပ်လုပ်ဖို့အချိန် Window time တွေ ပေးရခြင်းတွေကြောင့် ပုံမှန်ရထားစင်းရေအတိုင်း ပြေးဆွဲမရနိုင်ဘဲ ရထားစင်းရေ လျှော့ချပြေးဆွဲရမှာ ဖြစ်ပါတယ်။

“စီမံကိန်းကာလအတွင်းမှာ ကျွန်တော် တို့ မြန်မာ့မီးရထားအနေနဲ့ ရထားစင်းရေ လျှော့ချတဲ့နေရာမှာ ခရီးသွားလာမှု အနှောင့် အယှက်မဖြစ်စေဖို့အတွက် ရထားကို ဖျက်သိမ်းခြင်းမပြုဘဲ ပုံမှန်သွားလာနိုင်စေဖို့ စီစဉ် ပေးသွားမှာပါ။ ကုန်ပစ္စည်းတွေသယ်ယူမှု၊ ပါဆယ်ပစ္စည်းတွေ သယ်ယူမှုတွေမှာလည်း ပုံမှန်စီးဆင်းစေဖို့အတွက် နေ့စဉ်ပါဆယ်ရထားတစ်စင်းပြေးဆွဲဖို့ စီစဉ် ထားပါတယ်” ဟု မြန်မာ့မီးရထားမှဦးဆောင် ညွှန်ကြားရေးမှူးဦးဘမြင့်က ဆိုပါတယ်။

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း ရန်ကုန်မှတောင်ငူ အထိ ၁၆၆ မိုင်ဆောင်ရွက်နေစဉ်အတွင်း  ရန်ကုန်မှ မန္တလေးသို့ ရထားပြေးချိန်တွေ ပိုမိုလာမှာဖြစ်ပြီး လက်ရှိရထားပြေးဆွဲ ချိန် ၁၄ နာရီခန့်ကြာမြင့်တဲ့ ရန်ကုန်-မန္တလေး အ မြန်ရထားသည် စီမံ ကိန်းကာလအတွင်း ၁၆ နာရီနှင့် မိနစ် ၃၀ ခန့်လည်းကောင်း၊ လက်ရှိ ပြေးဆွဲချိန် ၁၅ နာရီခန့်ကြာမြင့်သည့် လော် ကယ်ရထားသည် စီမံကိန်းကာလအတွင်း ၁၈နာရီခန့်လည်းကောင်း အသီးသီးကြာ မြင့်နိုင်မယ်လို့ သိရပါတယ်။

စီမံကိန်းကာလ ပထမတစ်နှစ်အတွင်း  ရန်ကုန်-မန္တလေး အမြန်ရထား အဆန်/ အစုန်ခြောက်စင်း၊ လော်ကယ်ရထားများဖြစ်သည့် ရန်ကုန်-ပဲခူး အဆန်/အစုန် နှစ်စင်း (နေ့စဉ်) ၊ ပဲခူး-တောင်ငူ အဆန်/အစုန် နှစ် စင်း(နေ့စဉ်)၊ တောင်ငူ- သာစည် အဆန်/ အစုန်နှစ်စင်း(ရက်ခြား)၊  သာစည်-မန္တလေး အဆန်/အစုန်နှစ်စင်း (နေ့ စဉ်) နဲ့ ပါဆယ် ရထားအားကုန်စိမ်း၊ ငါး၊ လမ်းခရီးပါဆယ်တွဲ၊ ဌာနသုံး ဆီတွဲများဖြင့် ဖွဲ့ဆင်၍ ရန်ကုန်-မန္တ လေး ခရီးစဉ်အဖြစ် ပါဆယ်ရထား တစ်စင်းကို နေ့စဉ်ပြေးဆွဲမယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်-နေပြည်တော် အမြန် ရထားအဆန်/အစုန် နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်အမြန်ရထား  အဆန်/အစုန် နှစ် စင်း၊ ရန်ကုန်-ထားဝယ် အမြန်ရထား အဆန်/အစုန် နှစ်စင်းနှင့် ကုန်ရထားများကို အဆန် သုံးစင်းမှ လေး စင်းအထိ ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အဓိကကျတဲ့ ရထား လမ်းပိုင်းတွေထဲမှာ အရေးကြီးပြီး ဘဏ္ဍာ ငွေ အများဆုံးရှာဖွေပေးနေနိုင်တဲ့ လမ်းပိုင်းတစ်ခုလည်းဖြစ်တာကြောင့် စီမံကိန်းလုပ်ငန်း တွေအချိန်မီ ပြီးစီးနိုင်ဖို့လည်း လိုအပ်သလို ရထားခရီးစဉ်တွေ လျှော့ချရတဲ့အခါမှာ ခရီး သည်တွေသွားလာရေး အဆင်ပြေစေဖို့ အတတ်နိုင်ဆုံးဆောင်ရွက်ထားတယ်လို့ မြန်မာ့ မီးရထားကတာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်-မန္တလေးပြေးဆွဲနေတဲ့ရထားတွေရဲ့ ၂၀၁၉ ခုနှစ်အတွင်း ခရီးသည်စီးနင်းမှုကို ကြည့်ရင်  ရန်ကုန်ကနေ မန္တလေးကို ပြေးဆွဲတဲ့ ၃ အဆန်ရထားဟာ ခရီးသည် ၄၆၈၇၇ ဦးသယ်ဆောင်နိုင်ပြီး ခရီးသည် နှင့် ကုန်ပို့ဆောင်ရရှိမှုက တစ်ရက်ကို ဝင်ငွေ ၅၃ သိန်း ကျော်ရရှိပါတယ်။ မန္တလေးကနေ ရန်ကုန် ပြေးဆွဲတဲ့ ၄ အစုန်ရထားကတစ်ရက်ကို ဝင်ငွေ ၄၁ သိန်း ကျော်ရရှိပါတယ်။ လေအိတ်ရထားလို့ခေါ်တဲ့ မြန်မာ့မီးရထားမှာ အကောင်းဆုံးရထားဖြစ်တဲ့ ၅ အဆန် ရန်ကုန်-မန္တလေး ရထားကတော့ တစ်ရက်ကို ၂၈ သိန်းကျော် ဝင်ငွေရရှိနေပါတယ်။ မန္တလေး-ရန်ကုန် ၆ အစုန် ရထားကတော့ တစ်ရက်ကို ၃၂ သိန်းကျော် ဝင်ငွေရရှိနေတယ် လို့ မြန်မာ့မီးရထားက ထုတ်ပြန်တဲ့စာရင်း  အချက်အလက်တွေ အရ သိရပါတယ်။

ဒါကြောင့်မို့ ဒီလိုဝင်ငွေရနေတဲ့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ စီမံကိန်း ဆောင်ရွက်နေစဉ်အတွင်း စာပို့ရထားတစ် စင်းကိုပဲ ယာယီဖျက်သိမ်းထားမှာဖြစ်ပြီး ကျန်ရထားတွေအနေနဲ့ ရန်ကုန်-သာစည် ရထား၊ ရန်ကုန်-နေပြည်တော်ရထား၊ ရန်ကုန်-မော်လမြိုင်နဲ့ နေပြည်တော်-မော်လမြိုင် ရထားတွေကို ခရီးစဉ်ပြေးဆွဲမှုယာယီ ဖျက်သိမ်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း(အဆင့် ၁) မှာ အသုံး ပြုမယ့် ၈၂ ပေအရှည်ရှိ ရထားသံလမ်းရှည် တွေကို ဂျပန်နိုင်ငံကနေ ဝယ်ယူခဲ့တာဖြစ်ပြီး၊ အဲဒီသံလမ်းတွေကို သံလမ်းအထူး ရထားနဲ့ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းကနေ စီမံကိန်းလုပ်ငန်းခွင်ကို ပို့ဆောင်ပြီးဖြစ်ပါတယ်။

လက်ရှိမှာ ကားလမ်းခရီးစဉ်ဟာ သွားလာချိန် ပိုမိုမြန်ဆန်တာဖြစ်လို့ အသုံးပြုသူ များပြားလာတာကြောင့် ရထားစီးခရီးသည် ဦးရေဟာ နှစ်စဉ်လျော့နည်းလာတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းကြီးပြီး စီးသွားရင် တော့ ရန်ကုန်နဲ့ မန္တလေးရထားခရီးစဉ်ဟာ ရထားခုတ်မောင်းချိန် ရှစ်နာရီ သာကြာမြင့်တော့မှာဖြစ်ပါတယ်။  ဒီ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်မှု ပြီးစီးသွားရင်တော့ ရန်ကုန်မြို့လယ်ကောင်ဖြစ်တဲ့ ရန်ကုန် ဘူတာကြီးနဲ့ မန္တလေးမြို့လည်ကောင်မှာရှိတဲ့ မန္တလေးဘူတာကြီးတို့အကြား ရထားပြေးဆွဲ ချိန်ဟာ ကားလမ်းခရီးစဉ်ထက် ပိုမိုမြန်ဆန်လာမှာဖြစ်တာကြောင့် ရထားအသုံးပြုသူတွေဟာ ယခုထက်ပိုမိုလာမှာဖြစ်တာနဲ့အညီ မြန်မာ့မီးရထားရဲ့ ဝင်ငွေတွေလည်း ပိုမိုတိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ထို့အတူ ရထားလမ်း စီမံကိန်းအားဖြင့် အဓိက ပြောင်းလဲသွားမယ့် အရာတွေကတော့ ခရီးသည်တွေအတွက် ရထားဟာလေ အေးပေးစက်ပါဝင်ပြီး ထိုင်ခုံတွေက သက်သောင့် သက်သာရှိတဲ့ ခုံတွေ၊ သန့်ရှင်း  သပ်ရပ် တဲ့ သန့်စင်ခန်းတွေနဲ့ ဘေးကင်းလုံခြုံစွာ ပြေးဆွဲနိုင်မယ့် မီးရထားသံလမ်း အသစ်တွေ၊ စက်လှေကား၊ ဓာတ်လှေကားတွေပါဝင်ပြီး အမြင်အာရုံချို့တဲ့သူတွေ၊ ဘီးတပ်ကုလား ထိုင်အတွက်ပါ အသုံးပြုရလွယ်ကူတဲ့ ဘူတာရုံတွေပါဝင်လာမှာဖြစ်လို့ ရထားစီးခရီးသည်တွေအတွက် ပိုမိုအဆင် ပြေနိုင်မှာဖြစ်ပါ တယ်။ ထို့အတူ ရထားလက်မှတ်တွေ ဝယ်ယူရာမှာလည်း အင်တာနက် မှတစ်ဆင့်ကြိုတင် မှာယူခြင်းနဲ့ လက်မှတ်ဝယ်ယူနိုင်မှာဖြစ်လို့ ရထားလက်မှတ် အရောင်းကောင်တာတွေ မှာ တန်းစီစောင့်ဆိုင်းဝယ်ယူစရာမလိုဘဲ နေအိမ်နဲ့ ရုံးတွေကနေတစ်ဆင့် လက်မှတ်တွေကို အလွယ်တကူ ဝယ်ယူနိုင်ဖို့အထိ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ ရန်ကုန်- မန္တလေး ရထားလမ်းသစ်စီမံကိန်းအားဖြင့်  လူနေမှု ဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေဟာ ပိုမို ကောင်းမွန်လာနိုင်မယ်လို့ ပြည်သူ တွေကတော့ မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။                    

 

 

Most Read

Most Recent