AA လက်နက်ကိုင်အဖွဲ့က မြေမြှုပ်မိုင်းများ ဖောက်ခွဲရန် Bluetooth နှင့် Wi-fi နည်းပညာတို့ကို သုံးနေသည်ဟု အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြ

AA လက်နက်ကိုင်အဖွဲ့က မြေမြှုပ်မိုင်းများ ဖောက်ခွဲရန် Bluetooth နှင့် Wi-fi နည်းပညာတို့ကို သုံးနေသည်ဟု အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြ
ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် ပလက်ဝဆိပ်ကမ်း တည်ဆောက်နေမှုကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ်
ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် ပလက်ဝဆိပ်ကမ်း တည်ဆောက်နေမှုကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ်
Published 12 September 2019
Ref: DNA

AA လက်နက်ကိုင်အဖွဲ့သည် မြန်မာတပ်မတော်ကို မြေမြှုပ်မိုင်းများ ဖောက်ခွဲ၍ တိုက်ခိုက်ရန် Bluetooth နှင့် Wi-fi နည်းပညာများကို အသုံးပြုနေကြောင်း ထောက်လှမ်းရေး အစီရင်ခံစာသစ်တစ်ရပ်က ထောက်ပြခဲ့သည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် DNA သတင်းဌာနက စက်တင်ဘာ ၁၂ ရက်၌ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

AA လက်နက်ကိုင်အဖွဲ့သည် မီဇိုရမ်ပြည်နယ် လုံလိုင်းခရိုင်တစ်လွှားတွင် စခန်းများစွာ တည်ဆောက်ထားခြင်းက ကုလားတန်စီမံကိန်းကို ခြိမ်းခြောက်နေသည်ဟုလည်း ဆိုသည်။ ကုလားတန်စီမံကိန်းသည် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်ပြီး အရှေ့တောင်အာရှဒေသသို့ အိန္ဒိယနိုင်ငံ၏ ထွက်ပေါက်ဖြစ်သည်ဟု ယူဆထားသည်။

AA လက်နက်ကိုင်အဖွဲ့ မီဇိုရမ်ပြည်နယ်တွင် ရှိနေခြင်းကြောင့် အိန္ဒိယ လုံခြုံရေးအေဂျင်စီများက လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းများ ဖောက်ခွဲရန် ယင်းကဲ့သို့ နည်းပညာ အသုံးပြုမှုကို ဖော်ထုတ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြေမြှုပ်မိုင်းတွေ ဖောက်ခွဲဖို့  Bluetooth နည်းပညာကို အသုံးပြုနေကြောင်း ဖော်ထုတ်ဖို့ အာသံ ရိုင်ဖယ်တပ်ဖွဲ့ကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်”ဟု အိန္ဒိယ လုံခြုံရေးအေဂျင်စီများနှင့် တရားဝင် ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာတပ်မတော်က ယင်းမြေမြှုပ်မိုင်းများ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းရန်အတွက် တယ်လီဖုန်းလိုင်း ဖြတ်တောက်သည့် ကိရိယာများ ချထားကြောင်း အိန္ဒိယနိုင်ငံ DNA သတင်းဌာနက ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အခြေစိုက်သည့် မြန်မာတပ်မတော်၏ ခြေလျင်တပ်ရင်းများသည် ယင်းဒေသများကို ဖြတ်သန်းသွားစဉ်အတွင်း ယင်းကဲ့သို့ တယ်လီဖုန်းလိုင်း ဖြတ်တောက်သည့် ကိရိယာများကို ကြိမ်ဖန်များစွာ အသုံးပြုနေသည်ဟု ဆိုသည်။ AA လက်နက်ကိုင်အဖွဲ့ကို အခြားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သော KIA က လက်လုပ်ဖောက်ခွဲရေး ကိရိယာများ (IED) အသုံးပြုတတ်ရန် လေ့ကျင့်ပေးထားသည် ဟုလည်း အဆိုပါအစီရင်ခံစာက ဖော်ပြခဲ့သည်။

ယခုနှစ် အစောပိုင်း၌ အိန္ဒိယစစ်တပ်သည် ဖေဖေါ်ဝါရီ ၁၇ ရက်နှင့် မတ် ၂ ရက်အကြား အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်၌ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ၏ စခန်းပေါင်း ၁၂ ခုနီးပါးကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သော်လည်း ခြိမ်းခြောက်မှုများသည် ကုလားတန် စီမံကိန်းအပေါ် အကြီးအကျယ် ရစ်ဝဲနေဆဲ ဖြစ်သည်ဟု ဆိုသည်။ စစ်ဆင်ရေးကို မီဇိုရမ်ပြည်နယ်တောင်ပိုင်း ဒေသများ၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အကြီးအကျယ် အောင်မြင်မှုရရှိခဲ့သည်ဟု အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။ သို့သော် လက်တွေ့မြေပြင် အခြေအနေမှာ မပြောင်းလဲသေးဘဲ မြန်မာတပ်မတော်က ကုလားတန်စီမံကိန်း လုံခြုံရေးအတွက် အိန္ဒိယနိုင်ငံမှ နောက်ထပ် အကူအညီများကို မျှော်လင့်လျက်ရှိသည်ဟု ဆိုသည်။

“ AA လက်နက်ကိုင် အဖွဲ့ဝင်တွေဟာ ပလက်ဝတံတား တည်ဆောက်ရေးအတွက် သံမဏိတံတား ပေါင် ၃၀၀ သယ်ဆောင်လာတဲ့ မြန်မာသင်္ဘောတစ်စင်းကို တိုက်ခိုက်ပြီး သင်္ဘောသားတွေ အားလုံးကို ပြန်ပေးဆွဲသွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်။ သင်္ဘောက ရန်ကုန်ကနေ ပလက်ဝကို လာတာပါ။ AA လက်နက်ကိုင်အဖွဲ့ဟာ နောက်ထပ် ဒီလိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်နေပါတယ်” ဟု အိန္ဒိယလုံခြုံရေး အေဂျင်စီများနှင့် တရားဝင် ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့သည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ရေးအား အထောက်အကူပြုသည့် သဘောတူညီချက် မူဘောင်တစ်ရပ်ကို အိန္ဒိယအစိုးရသည် ၂၀၀၈ ခုနှစ် ဧပြီလတွင် မြန်မာအစိုးရနှင့် သဘောတူခဲ့သည်။ ယင်းစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း နှင့် မီဇိုရမ်ပြည်နယ် ဆက်သွယ်ရေးကို အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံဘက်တွင် လုပ်ငန်းကို အေဇော - ဆိုင်ဟာ အမျိုးသား အဝေးပြေးလမ်းမကြီးအား ၉၀ ကီလိုမီတာအထိ ချဲ့ထွင်ကာ ဇိုရင်ပူအီရှိ နိုင်ငံတကာနယ်စပ်သို့ ရောက်ရှိစေမည် ဖြစ်သည်။

 

 

Most Read

Most Recent