အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံး အကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများအား တွေ့ဆုံ

အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံး အကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများအား တွေ့ဆုံ
Published 12 September 2019

အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံး အကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့  ပြန်လည် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်၍ အာဆီယံ ကိုးနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁၀ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် ဟိန္ဒူမိသားစု ၁၁ ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပြီး အာဆီယံ နှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းမှုများနှင့် ပတ်သက်၍ ဟိန္ဒူမိသားစုများက ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ၎င်းတို့၏ မိသားစုဝင်များ ဆုံးရှုံးခဲ့ရမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ယူခံခဲ့ရမှု အခြေအနေ၊ အိန္ဒိယအစိုးရနှင့် ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦးတို့၏ အကြောင်းကြားပေးမှုဖြင့် မြန်မာအစိုးရက ၎င်းတို့အား ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ခေါ်ယူခဲ့မှု အခြေအနေ၊ ၎င်းတို့အား ဖမ်းဆီးမိပါက သတ်ဖြတ်မည်ဟု ARSA အဖွဲ့က ခြိမ်းခြောက်မှု အခြေအနေ၊ ပြန်လည် ဝင်ရောက်လာပြီးနောက် နေထိုင်ရသည်မှာ လုံခြုံစိတ်ချရမှု အခြေအနေ၊ မောင်တောမြို့၌ ပြန်လည်အခြေချ နေထိုင်လိုမှုနှင့် အသက်ရှင် ရပ်တည်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်လိုမှု အခြေအနေ၊ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ထို့အတူ ဒုတိယဝန်ကြီး ဦးခင်မောင်တင် က ၎င်းတို့အတွက် နိုင်ငံတော်အစိုးရနှင့် ကုမ္ပဏီများ ပူးပေါင်းပြီး မောင်တောမြို့တွင် နေအိမ်များ ဆောက်လုပ်ပေးထားပြီး ဖြစ်ကြောင်း၊ မကြာမီ မောင်တောမြို့သို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်များ ဖန်တီးပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ခွင့် ခံရမည့်သူ၏ သက်သေခံ ကတ်ပြားများ (NVC) ရရှိနိုင်ရေးနှင့် နိုင်ငံသား လျှောက်ထားမှု လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ မိမိအစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာသည့် မွတ်စလင်မိသားစုဝင် ၁၀ ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပြီး အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံး အကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် စပ်လျဉ်း၍ ၎င်းမိသားစုများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့စဉ်က ARSA အဖွဲ့၏ ခြိမ်းခြောက်ခံခဲ့ရကြောင်း၊ ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်မှုများကိုလည်း သိရှိခဲ့ရကြောင်း၊  သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စား သောက်ရေး အခက်အခဲများကြောင့် မိမိအစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည် ဝင်ရောက်လာရာတွင် မြန်မာအစိုးရမှ မြန်မာဘက်တွင် နေထိုင်ခဲ့သည့် အထောက်အထားနှင့် အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းရှိ မရှိ ဆိုသည့် အချက် နှစ်ခုကိုသာ အဓိကစိစစ်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံရှိ စခန်းများတွင် လက်ရှိ နေထိုင်လျက် ရှိသူများအနေဖြင့် ARSA ၏ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများ ဆက်လက် ခံစားနေရကြောင်း၊ မူလနေရပ်သို့ ပြန်လည် သွားရောက် လုပ်ကိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် သွားရောက်နိုင်မှု မရှိသေးကြောင်း အပါအဝင် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအနေဖြင့် မူလနေရပ်သို့ ပြန်လာ၍ အခြေချ နေထိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုနှင့် လွှမ်းမိုးမှုကြောင့် ပြန်လာနိုင်ခြင်း မရှိသည့် အခြေအနေ၊ NVC ကတ် ရရှိရေး ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ NVC ကတ် ကိုင်ဆောင်ထားမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် ဝင်ရောက်လိုသူ ၂၀၀၀၀ ကျော်အနက် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲစခန်းမှ တစ်ဆင့် မိသားစုဝင် ခြောက်ဦး ထပ်မံ၍ ပြန်လည်ဝင်ရောက်လာခဲ့မှု၊ ၎င်းတို့၏ စားဝတ်နေရေးအတွက် စီစဉ်ပေးထားမှုနှင့် ယာယီ နေရာချထားပြီးပါက မူလနေထိုင်ခဲ့သည့်နေရာ (သို့မဟုတ်) ၎င်းနှင့် အနီးဆုံးနေရာတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

Most Read

Most Recent