မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းဂိတ်မှာ လက်ရှိအခြေအနေအရ အဆင့်မြှင့်တင် ဆောင်ရွက်ရန် မရှိသေးဘဲ ချင်းရွှေဟော်စခန်းအား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းဂိတ်မှာ လက်ရှိအခြေအနေအရ အဆင့်မြှင့်တင် ဆောင်ရွက်ရန် မရှိသေးဘဲ ချင်းရွှေဟော်စခန်းအား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 10 September 2019
စိုးမင်းထိုက်



မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းဂိတ်မှာ လက်ရှိအခြေအနေအရ အဆင့်မြှင့်တင် ဆောင်ရွက်ရန် မရှိသေးဘဲ ချင်းရွှေဟော် စခန်းအား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များ ဝင်ထွက်သွားလာမှု အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းသည့် မေးခွန်းအား ပြည်ထောင်စုဝန်ကြီးက ယင်းသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “ရန်လုံကျိုင်းဂိတ်မှာ လက်ရှိအခြေအနေအရ အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ အခြေအနေ မရှိသေးပါဘူး။ ချင်းရွှေဟော်စခန်းမှာ မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည် ဖော်ရေးအတွက် ရွေးချယ်ထားတဲ့စာရင်းမှာ ပါရှိတဲ့အတွက် ဦးစားပေး အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး သင့်လျော်တဲ့အချိန်မှာ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ကွမ်းလုံမြို့နယ်ရှိ ကွမ်းလုံတံတားသစ်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ ယင်းတံတားသစ် တည်ဆောက်ရေး စီမံကိန်းအတွက် လာရောက်သည့် တရုတ်နိုင်ငံသား ပညာရှင်များအား ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ထွက်သွားလာခွင့် ပြုလျက်ရှိကြောင်း၊ ချင်းရွှေဟော်နယ်စပ် စစ်ဆေးရေးဂိတ်တွင် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (မူဆယ်) မှ ဝန်ထမ်းများ အလှည့်ကျ တာဝန်ထမ်းဆောင်လျက်ရှိပြီး လူနှင့်ယာဉ် နေ့စဉ် ဝင်/ထွက်မှုများအား စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ် တည်ရှိရာ နမ့်ဖော်ဟော် နယ်စပ်တံတား အဆုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးစခန်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိကြောင်း၊ စခန်းနှစ်ခုမှာ တစ်ဆက်တည်းဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် လက်ရှိနယ်စပ်ဂိတ် တည်ရှိရာနေရာမှ မီတာ ၉၀၀ အကွာတွင် နယ်စပ်ကုန်သွယ်ရေး စခန်းအား ပြောင်းလဲဖွင့်လှစ်ရန် အစီအစဉ် ရှိသော်လည်း ယခုဖွင့်လှစ်ဆဲ တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းအား ဆက်လက် အသုံးပြု ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ ယခင်နယ်စပ် ကုန်သွယ်ရေးစခန်းအား ဆက်လက် အသုံးပြု ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရ၍ မြန်မာနိုင်ငံဘက်ရှိ နယ်စပ်စစ်ဆေးရေး စခန်းအား ဆက်လက် ဖွင့်လှစ်ထားရန် လိုအပ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေးစခန်း ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာတွင် မြန်မာနိုင်ငံဘက်မှ နယ်စပ်စစ်ဆေးရေးဂိတ် ထပ်မံဖွင့်လှစ်ရန် လိုအပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံဘက်မှ ၎င်းတို့၏ နယ်စပ်ကုန်သွယ်ရေးစခန်းအား ပြောင်းလဲဖွင့်လှစ်မည်ဖြစ်၍ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ပြောင်းရွှေ့ဖွင့်လှစ်ရေး အဆိုပြုသည့်အတွက် စစ်ဆေးရေးဂိတ်နေရာ ပြောင်းရွှေ့ဖွင့်လှစ်ရန် သို့မဟုတ် ထပ်မံဖွင့်လှစ်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောတူညီမှုရရှိပါက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent