တရုတ်ဘက်သို့ ဆန်တင်ပို့ခွင့်မရသည့် အချိန်တွင် ဆန်ကွဲတင်ပို့ခွင့်ရပါက တောင်သူ၊ စက်ပိုင်၊ ကုန်သည်များ ဆန်စပါးစျေးကျသည့်ဒဏ် အနည်းငယ် သက်သာမည်ဟုဆို

တရုတ်ဘက်သို့ ဆန်တင်ပို့ခွင့်မရသည့် အချိန်တွင် ဆန်ကွဲတင်ပို့ခွင့်ရပါက တောင်သူ၊ စက်ပိုင်၊ ကုန်သည်များ ဆန်စပါးစျေးကျသည့်ဒဏ် အနည်းငယ် သက်သာမည်ဟုဆို
မန္တလေးမြို့ရှိ ဆန်ဂိုဒေါင်တစ်ခုတွင် သိုလှောင်ထားသည့် ဆန်အိတ်များကို တွေ့ရစဉ်
မန္တလေးမြို့ရှိ ဆန်ဂိုဒေါင်တစ်ခုတွင် သိုလှောင်ထားသည့် ဆန်အိတ်များကို တွေ့ရစဉ်
Published 3 September 2019
မင်းလတ်



တရုတ်နိုင်ငံ နယ်စပ်တွင် မြန်မာ့ဆန်များ ဝယ်ယူမှု ယာယီရပ်နားထားချိန်တွင် တရုတ်ဘက်သို့ ဆန်ကွဲတင်ပို့ခွင့်ရလျှင် တောင်သူ စက်ပိုင်ကုန်သည်များ ဆန်စပါးစျေး ကျနေသည့်ဒဏ် အနည်းငယ် သက်သာနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး ဆန်စပါး ကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောကြားသည်။

အဆိုပါ ဆန်ကွဲတင်ပို့မှုကို တရုတ်ဘက်မှ ဧပြီလက စတင်ရပ်ဆိုင်း ခဲ့သောကြောင့် တစ်နိုင်ငံ အတိုင်းအတာဖြစ် ဆန်ကွဲတင်ပို့မှုတွင် မူဆယ်နယ်စပ်တွင် ဆန်ကွဲတန်ချိန် သုံးသောင်းနီးပါးလောက် ပိတ်မိနေကြောင်း ပြည်တွင်း၌ ဆန်တန်ချိန် သုံးသန်းကျော် လက်ကျန် ကျန်ရှိနေကြောင်း သိရသည်။

“နယ်စပ်အရောင်းအဝယ်ဖြစ်တဲ့ ဆန်ကွဲက ကိုတာစနစ်နဲ့ အစိုးရချင်း စာချုပ်ချုပ်မယ်ဆိုပြီး သတင်းကြားလာတာ အတော်ကြာပြီး အခုချိန်ထိအောင် ဘာမှမကြားသေးဘူး။ ဆန်စျေးမကောင်းလို့ တရုတ်ဘက်ကို ဆန်ကွဲထွက်သွားတယ်ဆိုရင် တော်သေးတယ်။ အခုချိန်ကျ ဆန်ကွဲစျေးကောင်းနိုးနိုးနဲ့ပေါ့။ တရုတ်ပြည်မှာပေါက်နေတဲ့ ဆန်ကွဲစျေးနဲ့ မြန်မာပြည်က ဆန်ကွဲစျေးက ကွာနေတော့ စျေးကောင်းကောင်း ရမယ်လို့ မျှော်လင့်ထားတယ်။ အားလုံးကလည်း ဆန်ကွဲဝယ်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ အခုချိန်ထိ မျှော်လင့်ထားတာ ဖြစ်မလာဘူး။ ပြည်တွင်းမှာက ဆန်စျေးနဲ့ ဆန်ကွဲစျေးက ပြုတ်ကျနေတယ်။ ဆန်ကွဲစျေး ကောင်းကောင်းနဲ့ ပြည်ပထွက်နေရင် တောင်သူဆန်စက်ပိုင် ဆန်ကုန်သည် အားလုံးဆန်စပါးစျေးကျနေတာ ခံသာတယ်။ အခုလက်ရှိအချိန်ကျ အားလုံးဒုက္ခရောက်နေတဲ့ပုံစံ ဖြစ်နေတယ်။ လက်ရှိဆန်ကွဲပေါက်စျေးက မန္တလေးပေါက်စျေး ဆန်ကွဲတစ်အိတ်ကို ကျပ် ၁၅၅၀၀ ကနေ ကျပ် ၁၆၀၀၀ စျေးရှိတယ်။ ၅၀ ကီလို တစ်အိတ်စျေးပေါ့။ ကျွန်တော်တို့ တရုတ်ပြည်ကို ကိုတာစနစ်နဲ့ ရောင်းချရရင် ဆန်ကွဲစျေးက ကျပ် ၁၈၀၀၀ စျေးလောက် ဖြစ်သွားနိုင်တယ်။ အခုချိန်ထိ မျှော်လင့်နေတာ ဖြစ်မလာသေးဘူး” ဟု ဆန်စပါး ကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောကြားသည်။

တရုတ်နိုင်ငံကို အများဆုံး တင်ပို့လျက်ရှိသည့် ဆန်၊ ပြောင်း၊ သကြားအပြင် ဆန်ကွဲကို တရားဝင်တင်ပို့ ရောင်းချနိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China – GACC) နှင့်  ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။ ဆန်ကွဲကို တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ Quota သတ်မှတ်ထားမှု မရှိခြင်းကြောင့် လွတ်လပ်စွာ တင်ပို့နိုင်သော်လည်း GACC သတ်မှတ်ထားသည့် အရည်အသွေးဆိုင်ရာ စစ်ဆေးချက်များနှင့်အတူ မှတ်ပုံတင်ထားမှသာ တင်ပို့မှုကို တရားဝင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဆန်ကွဲတင်ပို့နိုင်မှု စာရင်းဇယားများအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တို့မှာ တရုတ်နိုင်ငံကို ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းကျော် တင်ပို့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစပြီး ဘယ်လ်ဂျီယံနိုင်ငံကို အများဆုံး တင်ပို့ခဲ့ကြောင်း တွေ့ရှိရသည်။

 

 

Most Read

Most Recent