တောကြောင်များအကြောင်း

တောကြောင်များအကြောင်း
ချစ်ခိုင်စံ (ဘီအီးဒီ)
ချစ်ခိုင်စံ (ဘီအီးဒီ)
Published 1 September 2019
Photo: Independent

ကျန်ခဲ့သည့်နှစ်ရက်တွင် ကျွန်တော်တို့ မြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် မီးလောင်ခဲ့ပါ သည်။ ဓာတ်ဆီကန်ထဲသို့ ဆီဘောက်ဇာကားမှ ဆီဖြည့်နေစဉ် အခန့်မသင့်သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းပင်။ မီးလောင်ချိန် မှာလည်း ညဘက် ၉ နာရီကျော်ပြီဖြစ်၍ ညမှောင်မှောင်ထဲ၌ ဟုန်းခနဲ၊ ဟုန်းခနဲ ထထ ပေါ်လာသော မီးလုံးကြီးများမှာ ပတ်ဝန်းကျင်ကို စိုးမိုးထားလေ၏။ တရှိန်းရှိန်း တောက်လောင်နေသော နီတွတ်ရဲမှည့်နေသည့် မီးလုံး၊ မီးညွန့်များသည် ယူကလစ်ပင်ကြီးတစ်ရပ်မျှ မြင့်တက်နေခဲ့ပါသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည်လည်း ခါချဉ်အုံကို တုတ်ဖြင့်ထိုးလိုက်သည့်အတိုင်း တလှုပ်လှုပ်တရွရွ ဖြစ်သွားတော့၏။ မီးလောင်သည့် ဓာတ်ဆီဆိုင်နှင့် နီးသော အိမ်များကမူ ပစ္စည်းများကို လွတ်ရာသို့ ယူဆောင်ပြေးကြရလေသည်။

မြို့ခံလူအများစုကမူ မီးလောင်ရာသို့ ရှေ့ရှုပြေးလာကာ တတ်နိုင်သမျှ မီးဝိုင်းငြိှမ်းကြပါသည်။ တစ်မြို့လုံး အုတ်အော်သောင်းတင်း မီးဝိုင်းငြိှမ်းသော်လည်း မရ။ မီးညွန့်က တအားကြီးပါ၏။ ခဏကြာသောအခါ မီး သတ်ကားများ ရောက်ရှိလာပြီး မီးဝိုင်းငြိှမ်းကြပြန်သည်။ ထိုအချိန်၌  ဓာတ်ဆီဆိုင် ဝန်းကျင်တွင် လူများ ကြိတ်ကြိတ်တိုးနေသည့်အပြင် မီးသတ်ကားမှ အရေးပေါ်မီးလုံး အနီတို့မှာလည်း အချက်ပေး အော်မြည်နေပေ ၏။ ထိုည၌ ကျွန်တော်တို့တစ်မြို့လုံး ကမ္ဘာပျက်သည့်အလား။

ထန်းလျက်ခဲအား ပုရွက်ဆိတ်များ စု ပေါင်း သယ်ဆောင်တော့မည့်အတိုင်းပင်၊ လူများသည်လည်း မီးဟုန်းဟုန်း တောက်နေ သော ဓာတ်ဆီဆိုင်နား၌ လူးလားခက်ဖြာ နေကြပါ၏။ ထိုသို့ လူအင်အား၊ ရေအင် အား၊ စက်အင်အားများဖြင့် ၀ိုင်းဝန်းငြိှမ်း သတ်သည့်တိုင် မီးက တော်တော်နှင့် မသေ။ စိတ်ရှိလက်ရှိ ပေါက်ကွဲ လောင်ကျွမ်းနေ သေးပေ၏။ သို့သော် နောက်ဆုံး၌ မီးငြိမ်း သွားခဲ့ပါသည်။ လူတို့၏ရင်၌ အပူလုံးတို့ လည်း မောပန်းနွမ်းနယ်မှုတို့နှင့်အတူ လွင့် စင်ကင်းပျောက်သွားရတော့၏။ ကံကောင်း သည်ဟု ဆိုရမည်။ ဓာတ်ဆီဆိုင်ကို လောင် သောမီးသည် အခြားအိမ်များသို့ မကူးစက် ခဲ့ပေ။

သို့သော် စိတ်မကောင်းစရာ သတင်း တစ်ခုက မီးငြိမ်းပြီးမကြာမီ ကြားလိုက်ရပါ ၏။

“ဆိုင်ကယ် သုံးစီး အခိုးခံလိုက်ရတယ်” ဟူသတည်း။

ကြားရသည့်သတင်းက နားဝတွင် ခါး သက်လေ၏။ မနှစ်မြို့မှုတို့သည်လည်း နှလုံး အိမ်မှ စိမ့်ထွက်ယိုစီးကျလာရတော့သည်။ သြော်၊ လူတွေ၊ လူတွေ။ မိမိဆိုင်ကယ် အခိုး ခံရခြင်း မဟုတ်သော်လည်း ပျက်စီးယိုယွင်း ပေါက်ပြဲသွားသော လူမှုဝန်းကျင်အား ရင် နာနေမိ၏။ ကမ္ဘာကြီးတွင် အရာရာသည် ပေါက်ပြဲနေပြီလော။ အိုဇုန်းလွှာလည်း ပေါက်ပြဲနေပြီ။ လူလူချင်း တန်းတူညီတူရှိ မှုဆိုသည့် အဆိုလည်း ပေါက်ပြဲနေပြီ။ နိုင်ငံ ၏တိုးတက်မှုဟူသော ကြွေးကြော်သံတို့ သည်လည်း ပေါက်ပြဲနေပြီ။ နိုင်ငံ၏ စီးပွား ရေးအင်အားလည်း ပေါက်ပြဲကုန်ပြီ။ ယုတ်စွ အဆုံး လူတို့၏ အကျင့်စာရိတ္တတို့သည် လည်း ပေါက်ပြဲကုန်လေပြီ။ အဘယ့်ကြောင့် နည်း။ ထိုပေါက်ပြဲမှုကြားမှ မည်သည်တို့ ပြုတ်ကျကျန်ခဲ့လေပြီနည်း။

“အဲ့ဒါပြောတာပေါ့။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုတာ လေ။ လူတွေဟာ သိပ်စိတ်ပျက်စရာကောင်း တယ်”

အစ်မတစ်ယောက်၏ ပေါက်ကွဲသံက တရားနည်းလမ်းကျလှပါ၏။ ဟုတ်သည်။ ကျွန်တော်တို့ဝန်းကျင်တွင် အချောင်သမား၊ လူဆိုးလူညစ်၊ လူ့အန္ဓ တောကြောင်များ သိပ်ကို ပေါများလွန်းနေသည်။ အများသူငါ အလုပ်ရှုပ်ပြီး ယောက်ယက်ခက်နေသည်ကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးရှာသွား သော လူများသည် အင်မတန် အရုပ်ဆိုး အကျည်းတန်ပါပေ့။ ထိုလူများကို တော ကြောင်များဟု မခေါ်လျှင် အဘယ်လူများကို တောကြောင်များဟု ခေါ်မည်နည်း။ သို့ အတွက် တောတောင်ရေမြေများနှင့် အေး မြသောနေရာတို့တွင် ဘာသာဘာဝ ရှင် သန်နေသော တောကြောင်စစ်စစ်များကို လည်း အားနာရပါ၏။

အမှန်မှာ တောကြောင်စစ်စစ်များ သည် သူတို့၏ ပင်ကိုယ်သွင်ပြင် ပီသထင် ရှားမှု ရှိပါသည်။ တောကြောင်ဟုပြောလျှင် မျက်လုံးများတွင် အနက်ရောင် အမွေးအမျှင် ရှိပါသည်။ အမြီးတွင် အနက်ရောင် ကွင်း ကလေးများ အရစ်လိုက်ရှိပါသည်။ အရွယ် အစားမှာလည်း အိမ်မွေးကြောင်များထက် ပိုကြီးမားတတ်ပါ၏။ ဤသည်ပင် တော ကြောင်တစ်ကောင်၏ ယေဘုယျလက္ခဏာ ဖြစ်သည်။ ထိုလက္ခဏာများကို မြင်လျှင် တောကြောင်ဟု လူတိုင်း သိနိုင်သော်လည်း၊ အချောင်သမား လူသားတောကြောင်များ မှာမူ ယေဘုယျသွင်ပြင် သိသာထင်ရှားမှု သိပ်မရှိပေ။ သို့အတွက် အနှီတောကြောင် လူသားများသည် ကျွန်တော်တို့ လူမှုဝန်း ကျင်၌ ကျင်လည်ကာ လူ့လောကကို တတ် စွမ်းသမျှ ဖျက်ဆီးဖို့ရန် အခွင့်အလမ်း ပိုသာ နေပါ၏။

တောကြောင်များအကြောင်း စဉ်းစား မိသောအခါ ကျွန်တော်တို့နိုင်ငံ၌ တော ကြောင်များစွာ ရှိကြောင်း သိလာရပါ၏။ တစ်ဆက်တည်းဆိုသလို မိတ်ဆွေတစ်ဦး ပြောပြသော အဖြစ်အပျက်ကလေးတစ်ခု က ခေါင်းထဲ တိုးဝင်လာပြန်သည်။ ထိုမိတ် ဆွေသည် တစ်ချိန်က မောင်နှမချင်း အမွေခွဲ ကာ မသင့်မမြတ်ဖြစ်သဖြင့် အမှု ရင်ဆိုင်ဖူး သူလည်း ဖြစ်၏။ ထိုသို့ အမှုရင်ဆိုင်ကြ သောအခါ မိတ်ဆွေက သူ အနိုင်ရရေးအ တွက် ရှေ့နေငှားခဲ့ပါသည်။ သို့သော် အမှု တွဲမှာ တော်တော်နှင့် မပြီးခဲ့ပေ။ လပေါင်း များစွာ ကြာခဲ့သည်ဟူ၏။ နောက်ဆုံး အမှု ပြီးသွားသောအခါ ရှေ့နေကို ပေးရ ကျွေးရ သော ငွေကြေးပမာဏက ထင်ထားသည် ထက် ပိုများခဲ့သဖြင့် မိတ်ဆွေမှာ ယူကျုံးမရ ဖြစ်ခဲ့ရဖူးလေသည်။ ကျွန်တော့်မိတ်ဆွေကို ကျွန်တော် သနားမိပါ၏။ ရှေ့နေကောင်း များစွာ ရှိနေသော်လည်း တောကြောင်တစ် ကောင်နှင့်တွေ့ခဲ့သော သူ့အဖြစ်က ငိုအား ထက် ရယ်အားသန်စရာပင်။ မည်သို့ပင် ဆိုစေ ကျွန်တော့်မိတ်ဆွေမှာလည်း ထိုအ ချိန်မှစ၍ တောကြောင်များကို ကြောက်သွား သဖြင့် ကြောင်ဟူသော အသံကိုပင် မကြား ချင်တော့ပေ။

ရှိပါ၏။ နေရာတိုင်း၊ ဌာနတိုင်း၊ ဝန်း ကျင်နယ်ပယ်တိုင်း၌ လူယောင်ဆောင်သော တောကြောင်များစွာ ကျင်လည် ကျက်စား နေကြပါသည်။ လူအများစုလည်း တော ကြောင်များနှင့် ကြုံဆုံခဲ့ဖူးမည်ထင်ပါ၏။ အများအားဖြင့် ဘုရားစေတီများကို ပြုပြင် မွမ်းမံမည်ဟူသော စိတ်စေတနာသန့်သန့် ဖြင့် အကျိုးဆောင်နေသည့် အလှူ ခံသူများ ထဲတွင် တောကြောင် တစ်ကောင်၊နှစ်ကောင် ရှိတတ်သည်။ စစ်ဘေးရှောင်များကို ကူညီ ရန်၊ ရေဘေးဒုက္ခသည်များကို ကူညီရန် စေတနာဖြူစင်သူများကြား၌ တောကြောင် ဟူသည် တစ်ကောင်တလေ ရှိတတ်ပါ၏။ အခြားနေရာ၊ အခြားဌာနများတွင်လည်း တောကြောင်များ ရှိတတ်ပါသည်။ တွေ့ဖူး မြင်ဖူး ကြုံဆုံဖူးကြမည် ထင်၏။

တကယ်တမ်း၌ လူသားတောကြောင် များသည် “ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော”ဆိုသည့် လူတန်းစားများသာ  ဖြစ် ပါ၏။ မိမိအကျိုးရဖို့ဆိုလျှင် ကမ္ဘာကြီးပင် မီးဟုန်းဟုန်းတောက်၍ လောင်မြိုက်နေ ပါစေ၊ ကိုယ်ကျိုးရှာဖို့ ဝန်မလေးသူများ ဖြစ် ပေသည်။ သို့သော် အချို့တောကြောင်အ ကြီးစားများကမူ ထိုသို့မဟုတ်ပါချေ။ တော မီးမလောင်လျှင် လောင်အောင် ဖန်တီး၍ ကိုယ်ကျိုးရှာကြလေ၏။ သူတို့အတွက် တောမီးလောင်မည့်အရေးကို ထိုင်စောင့်နေ ဖို့ မလို။ တောမီးရှို့ပေးမည့် မြေခွေးများသာ လိုပါ၏။ သည့်အတွက် ကျွန်တော်တို့နိုင်ငံ၌ ယခုထိ မအေးချမ်းသေးပေ။ ပြည်တွင်းစစ် ဖြစ်နေချိန်တွင် တောကြောင်အချို့က နိုင်ငံ ရေးကို ခိုးယူစားသုံးလိုက်ကြသည်။ သစ် တောပြုန်းတီးရေးကို လူအများ အာရုံစိုက် နေချိန်တွင် တစ်ဖက်မှ ကြေးနီတောင်အချို့ ကို ၀ါးမျိုပစ်သည်။ ကြေးနီတောင်များကို လူ အများ စိတ်ဝင်စားလာသောအခါ သစ်တော များစွာကို တစ်ဟုန်ထိုး ကျွတ်ကျွတ် ၀ါးစား ပစ်ကြသည်။

ရာသီဥတု ပြောင်းလဲဖောက်ပြန်နေ ချိန်တွင် စီးပွားရေးစျေးကွက်ကို အပိုင်ချုပ် ကိုင် လုပ်စားလိုက်ကြသည်။ တောကြောင် များမှာ ကြောက်စရာ။ သို့အတွက် နစ်နာသူ မှာ လူသားစစ်စစ်များသာ ဖြစ်သည်။ တော ကြောင်များကို မည်သို့ နှိမ်နင်းကြမည်နည်း။ လွယ်တော့မလွယ်ပေ။ ယခုအခါ တော ကြောင်အများစုမှာ လူသားများထက် ပရိ ယာယ်ပိုကြွယ်နေ၏။ အာဏာပါ၀ါ ပိုများ နေ၏။ ဂုဏ်အရှိန်အဝါ ထိန်ပြောင်နေပေ၏။

တစ်ခါက သတင်းတစ်ခု ကြားလိုက်ရပါသည်။ အရှေ့တောင်အာရှ၌ အဂတိအလိုက်စားဆုံး နိုင်ငံများတွင် မြန်မာပြည်သည် ကမ္ဘောဒီးယားပြီးလျှင် ဒုတိယဟူ၏။ ဤသည်မှာ မြန်မာပြည်တွင် တောကြောင် အရေအတွက် တိုးပွားနေသည်ဟူသော အဓိပ္ပာယ်ပင်။ မသိလျှင် တောကြောင်များ သည် သားပေါက်နှုန်း ပိုများနေသလိုပင်။ မကောင်းသော စိတ်အခြေသည် ကူးစက်နှုန်း ပိုမြန်သည်ထင်ပါ့။ လူ့လောက၊ လူ့ဝန်းကျင် တွင် တောကြောင်များ အထပ်ထပ်ကြမ်းနေ သည်မှာ အမင်္ဂလာပင်တည်း။ မည်သို့ ပြုလုပ်ရပါအ့ံ။

သေချာသည်မှာ “နွားကွဲလျှင် ကျားဆွဲ သည်”ဟူသော သဘောအတိုင်းပင်။ ကျွန်တော်တို့နိုင်ငံသားတိုင်း စည်းလုံးမှု ပြိုကွဲနေသမျှ တောကြောင်အပေါင်းတို့ သွားရေတများများဖြင့်ပျော်မြူ းနေကြမည်သာ။ အဘယ့်ကြောင့်ဆိုသော် တောမီးလောင်လျှင် တောကြောင် လက်ခမောင်းခတ်တတ်သောကြောင့် ပေတည်း။

 

Most Read

Most Recent