ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ တတိယမြောက်ရုပ်ရှင်ဇာတ်ကား ‘ထာဝရနှောင်ကြိုး’ ယခုနှစ်အတွင်း ရုံတင်ပြသမည်

ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ တတိယမြောက်ရုပ်ရှင်ဇာတ်ကား ‘ထာဝရနှောင်ကြိုး’ ယခုနှစ်အတွင်း ရုံတင်ပြသမည်
Published 26 August 2019

ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ တတိယမြောက်ရုပ်ရှင်ဇာတ်ကား ‘ထာဝရနှောင်ကြိုး’ ကို ယခုနှစ်အတွင်းရုံတင်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ‘ထာဝရနှောင်ကြိုး’ ဇာတ်ကားတွင် သရုပ်ဆောင်ဇဏ်ခီ၊ အကယ်ဒမီပိုင်ဖြိုးသု၊ ခင်သဇင်၊ ဂျူးဂျူးကေနှင့် သရုပ်ဆောင်များစွာပါဝင်ထားကာ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ အချိန်ယူဖန်တီးမှုများ ပြုလုပ်ထားသည့် ယင်းဇာတ်ကားအတွက် Post Production ပိုင်းများအား လုပ်ဆောင်လျက်ရှိကာ မကြာမီရုံတင်ပြသနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။

“ပရိသတ်တွေကလည်း ဇာတ်ကားသစ် ကြည့်ချင်တယ်။ ခရစ်(စ်)တို့အနေနဲ့ကတော့ အရည်အသွေးပိုင်းကို ပိုပြီးကောင်းမွန်တာမျိုးပဲ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အကောင်းဆုံး အားထုတ်တယ်။ ပြင်ဆင်တယ်။ ဇာတ်ကားတိုင်းမှာ အကောင်းဆုံး အားထုတ်ထားတယ်ဆိုပေမယ့် တစ်ကားထက်တစ်ကား ပိုပိုသိလာတဲ့ အသိပညာကို အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ အရည်အသွေးမျိုးဖြစ်အောင် ဖန်တီးပါတယ်။ အခုရိုက်ထားတဲ့ ထာဝရနှောင်ကြိုးဇာတ်ကားလည်း Post Production ပိုင်းကို လုပ်ဆောင်နေပါပြီ။ အခုနှစ်ထဲမှာ ရုံတင်ပြသနိုင်အောင် ကြိုးစားနေပါတယ်။ ဒီဇာတ်ကားကို အခုပြင်ဆင်နေစဉ်မှာ ကြည့်ဖြစ်တဲ့ အချိန်တိုင်းမှာလည်း အရမ်းအားရတယ်။ ဒါကြောင့်ပရိသတ်တွေ လည်းကျေနပ်အားရစေမယ့် ဇာတ်ကားမျိုး ဖြစ်မှာပါ” ဟု ဒါရိုက်တာခရစ်(စ်)တီးနားခီက ဆိုသည်။

‘ထာဝရနှောင်ကြိုး’ ဇာတ်ကားမှာ ဇနီးမောင်နှံနှစ်ဦးကြားမှ ချစ်ခြင်းမေတ္တာကို အခြေခံပုံဖော်ထားသည့် ဇာတ်ကားဖြစ်ကာ ငွေဆောင်၊ ပူတာအိုစသည့် လှပသောနေရာ ဒေသများသို့ သွားရောက်ရိုက်ကူးပုံဖော်ထားခြင်းလည်း ဖြစ်သည်။

Most Read

Most Recent