ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအား ၄၅ ဦးကော်မတီလုပ်ငန်းစဉ်၌ ထည့်သွင်းဆောင်ရွက်ရန် သဘောထား မှတ်ချက်အပေါ်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်ဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအား ၄၅ ဦးကော်မတီလုပ်ငန်းစဉ်၌ ထည့်သွင်းဆောင်ရွက်ရန် သဘောထား မှတ်ချက်အပေါ်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်ဆွေးနွေး
Published 23 August 2019

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်အား လွှတ်တော်ကဖွဲ့စည်းထား သည့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီ၌ ထည့်သွင်းဆောင်ရွက်ရန် သဘောထားမှတ်ချက်အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ညွန့်ဆွေက ကန့်ကွက်ဆွေးနွေးခဲ့သည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ်က ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းထားမှုမရှိခြင်း၊ ၎င်းကော်မတီသည် ပြင်ဆင်ပယ်ဖျက်ရန် တင်ပြချက် ၃၇၆၅ ချက် အား ဥပဒေမူကြမ်းအဖြစ် ရေးဆွဲရန် လုပ်ငန်းစဉ်များစွာ ကျန်ရှိနေ၍ အချိန်ကြန့်ကြာနိုင်ခြင်းတို့ကြောင့် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုးတင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အဆိုပါ ၄၅ ဦးကော်မတီ၏ လုပ်ငန်းစဉ်တွင် တစ်ပေါင်းတည်းထည့်သွင်းစိစစ်ရန် ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ၃၀ ဦး တင်သွင်းသော သဘောထားမှတ်ချက်အား ကန့်ကွက်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ တင်သွင်းထားသည့် ဥပဒေမူကြမ်း နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအ ခန်း ၁၂၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ  ဥပဒေအခန်း (၁၁)၊ နည်းဥပဒေအခန်း ၁၈ တို့အရ တိုင်းရင်းသားပြည်သူလူထုအကျိုး စီးပွားကို ဦးထိပ်ထားပြီး ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းကြောင်း ဗိုလ်မှူးချုပ်ညွန့်ဆွေက ဆွေးနွေးခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်မှာ ဥပဒေပြုရေးအာဏာကို အမြင့်ဆုံး တာဝန်ယူဆောင်ရွက်နေတဲ့ Rules of Law ကို အစပြုရတဲ့နေရာဖြစ်တဲ့အတွက် ကိုယ်တိုင်က ဥပဒေကိုလိုက်နာဖို့ အဓိကတာဝန် ရှိပါတယ်။ ယခုလွှတ်တော်အတွင်းမှာရှိတဲ့  ကိုယ်စားလှယ်အားလုံးဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့နိုင်ငံတော်ရဲ့ တရားဥပဒေတွေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုထားကြသူတွေဖြစ်ပါတယ်။တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်တွေကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ သုံးသပ်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ် ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်တဲ့အချိန်မှာ သတ်မှတ် ပြဋ္ဌာန်းချက်ဥပဒေတွေနဲ့အညီ ပြင်ဆင်ရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု တပ်မတော်သား ကိုယ်စားလှယ်က ဆွေးနွေးခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ညွန့်ဆွေက အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ် အပြိုင်တင်သွင်းလာသည့်အခါ သီးခြားလုပ်ငန်းစဉ်များ ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦး လုပ်ငန်းစဉ်တွင် တပေါင်းတည်းထည့်သွင်းခြင်းမှာ ၃၀ ဦးကော်မတီ၏ ဆောင်ရွက်မှုသည် ဥပဒေ နှင့်မညီ၍လား၊ ဥပဒေနှင့်ညီပါလျက် ယင်းသို့ တပေါင်းတည်း ဆောင်ရွက်ရန်အတွက် ပြဋ္ဌာန်းချက်ရှိပါသလား၊  ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်မရှိသည့်လုပ်ဆောင်ချက်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရ ပါသနည်းဟု မေးခွန်းထုတ်ဆွေးနွေးခဲ့သည်။

“ရှေ့ကသွားနှင့်မယ်ဆိုတော့လည်း မထားခဲ့နဲ့ တူတူသွားရအောင်ဆိုပြီး တားတယ်။  နောက်ကလိုက်ခဲ့ပါဆိုလို့ လိုက်ပြန်တော့လည်း အချိန်တွေသာ ကုန်သွားတယ်။ မောင်ပုံက စောင်းတီးသင်လို့ကို မပြီးသေးဘူး ဆိုတာမျိုးလိုဖြစ်နေပါတယ်။ ဘာနဲ့အလားသဏ္ဌာန်တူသလဲဆိုရင်  ဖြူးနေအောင်ဖောက် လုပ်ထားတဲ့ လမ်းမကြီး ဘေးကင်းလုံခြုံစိတ်ချရတဲ့လမ်းမကြီးသွားမယ့်ခရီးကို တိကျသေ ချာစွာရောက်အောင်သွားနိုင်မယ့်လမ်းမကြီးတစ်ခုကို အဆင်သင့်လည်း ဖောက်ပေးထားပြီးပြီ။ အဲဒီလမ်းကို တကယ်အားကိုးယုံကြည်ဆုပ်ကိုင်ပြီး သွားဖို့လုပ်နေတဲ့ လူတစ်စုကို ဒီလမ်းလေးကဝင် ဟိုလမ်းချိုးလေးကထွက် ဖောက်ပေးထားတဲ့ လမ်းကိုမသုံးဘဲ ချောင်ကြိုချောင်ကြားက သွားကြမယ့် လူတစ်စုနဲ့အတူ လိုက်သွားပါလို့ အကြံပြုနေသလို ဖြစ်နေတယ်” ဟု တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်အိသဉ္ဇာကျော် က ပြောကြားသည်။

တိုင်းရင်းသားများ၏ လိုလားချက်နှင့်လည်း ကိုက်ညီ၊ ဗဟိုက ချုပ်ကိုင်လုပ်ဆောင် နေခြင်းများကိုလည်း လျှော့ချနိုင်မည့် ယခု တင်သွင်းသည့် ဒုတိယအကြိမ်အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပုဒ်မ ၄၃၅ နှင့် အညီ ဆက်လက်မဆောင်ရွက်ဘဲ ၄၅ ဦး ကော်မတီတွင် ထည့်သွင်းလုပ်ဆောင်ရန် အကြံပြုခြင်းသည် တိုင်းရင်းသားများတန်း တူညီမျှစွာ အကျိုးစီးပွားဖြစ်ထွန်းခွင့်ကို အလေးအနက်မထားဘဲ နှောင့်နှေးကြန့်ကြာ အောင် ပြုလုပ်နေသည်ဟု မြင်ကြောင်း၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေးအတွက် အဓိက တာဝန်ရှိပြီး မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း  ဗိုလ်ကြီးဒေါ်အိသဉ္ဇာကျော်က ဆွေးနွေးခဲ့သည်။

Most Read

Most Recent