၂၀၁၉ ခုနှစ် သို့မဟုတ် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ အစိုးရအဆိုပြု

၂၀၁၉ ခုနှစ် သို့မဟုတ် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ အစိုးရအဆိုပြု
၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပစဉ်
၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပစဉ်
Published 21 August 2019
မင်းနိုင်စိုး

၂၀၁၉ ခုနှစ် သို့မဟုတ် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ကျင်းပရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံ အစိုးရဘက်က အဆိုပြုထားကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ထိုသို့ အလွတ်သဘော တွေ့ဆုံရာတွင် ၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပရေးနှင့် ပတ်သက်၍ အစိုးရဘက်က အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် NRPC နှင့် RCSS အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင်လည်း ၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပရေး နှင့်ပတ်သက်၍ NRPC ဘက်က ထပ်မံ အဆိုပြုခဲ့ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“၂၀၁၉ အတွင်းပေါ့။ ဒါမှမဟုတ် ၂၀၂၀ နှစ်ဆန်းမှာ ၂၁ ရာစုပင်လုံ နောက်တစ်ကြိမ် ကျင်းပရေး ဆိုတာကို အစိုးရဘက်က အဆိုပြုတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြန်ဆွေးနွေးတာပေါ့။ အကယ်၍ ကျင်းပတယ် ဆိုရင်လည်း ရလဒ်ကောင်းထွက်ဖို့ လိုတယ်ဆိုတဲ့ အနေအထားပေါ့”ဟု RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် နှစ်ကြိမ် စုစုပေါင်း ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်ကျင်းပ၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်အောင် ဆောင်ရွက်မည်ဟု အသိပေး ပြောကြားခဲ့သည်။

သို့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တစ်ခုတည်းသော တပ်မတော်၊ ပြည်ထောင်စုမှ ခွဲမထွက်ရေး ဟူသော အချက်များနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အယူအဆ မတူဘဲ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်ခဲ့ရသည်။

ယခုအခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည် စတင်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင ်အဖွဲ့အစည်းများအကြား အလွတ်သဘော တွေ့ဆုံမှုများမှတစ်ဆင့် ဆွေးနွေး ညှိနှိုင်းနေပြီး ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးကို မူအားဖြင့် သဘောတူကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ပင်လုံညီလာခံ ကျင်းပဖို့ကတော့ ကျွန်တော်တို့ဘက်က မူအရ လက်ခံထားပါတယ်။ အကောင်းမြင်ပါတယ်”ဟု RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ PPST အစည်းအဝေး ပြုလုပ်နေပြီး အဆိုပါ အစည်းအဝေးတွင် ပင်လုံညီလာခံ ကျင်းပရေး အစိုးရ၏ အဆိုပြုချက်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကာ ကျင်းပပြီးစီးခဲ့ပြီးသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်မှ ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် အချက်ပေါင်း ၅၁ ချက် ရရှိထားသည်။

 

Most Read

Most Recent