အလုပ်မဖြစ်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့မှနေ၍ အီတလီဝန်ကြီးချုပ် ကွန်တီ နုတ်ထွက်မည်

အလုပ်မဖြစ်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့မှနေ၍ အီတလီဝန်ကြီးချုပ် ကွန်တီ နုတ်ထွက်မည်
သြဂုတ် ၁၅ ရက်က နေပယ်မြို့တောင်ပိုင်း၌ ပြုလုပ်သော အမိန့်အာဏာထိန်းသိမ်းရေးနှင့် ပြည်သူ့လုံခြုံရေးအစည်းအဝေး၌ အီတလီဒုတိယဝန်ကြီးချုပ် ဆယ်ဗီနီ (ဝဲ) မိန့်ခွန်းပြောနေစဉ် (Photo – AFP)
သြဂုတ် ၁၅ ရက်က နေပယ်မြို့တောင်ပိုင်း၌ ပြုလုပ်သော အမိန့်အာဏာထိန်းသိမ်းရေးနှင့် ပြည်သူ့လုံခြုံရေးအစည်းအဝေး၌ အီတလီဒုတိယဝန်ကြီးချုပ် ဆယ်ဗီနီ (ဝဲ) မိန့်ခွန်းပြောနေစဉ် (Photo – AFP)
Published 20 August 2019
Ref; AFP

လက်ယာစွန်းဝါဒီ ပြည်ထဲရေးဝန်ကြီး မက်တီယိုဆယ်ဗီနီက အလုပ်မဖြစ်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့အပေါ် ပြင်းထန်စွာ ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ နုတ်ထွက်ဖွယ်ရှိခြင်းနှင့်အတူ သြဂုတ် ၂၀ ရက်တွင် အီတလီအစိုးရအဖွဲ့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

ဥရောပဇုန်၏ တတိယအကြီးဆုံးစီးပွားရေးကို ကမောက်ကမဖြစ်မှုထဲသို့ စိုက်ဆင်းစေခဲ့ပြီးနောက် သြဂုတ် ၈ ရက်တွင် ညွန့်ပေါင်းမဟာမိတ်အဖွဲ့မှ ထွက်ခွာရန် ဆယ်ဗီနီ၏ ပြတ်သားသော ဆုံးဖြတ်ချက်ထွက်ပေါ် လာခဲ့သည်။ ယင်းနောက် သီတင်းတစ်ပတ် ကြာ အငြင်းအခုံများ ဖြစ်ပေါ်အပြီးတွင် သြဂုတ် ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ၌ ကွန်တီသည် ဆီးနိတ်လွှတ်တော်၌ မိန့်ခွန်းပြောရန် စီစဉ်ထားသည်။

ဆယ်ဗီနီ၏ ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်သည့် လိဂ်ပါတီသည် အဓိကမူဝါဒ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ Five Star Movement ပါတီနှင့် လအတန်ကြာ အချင်းများခဲ့ပြီးနောက် သဘောထားထင်မြင်ချက် စစ်တမ်းများတွင် လူထုထောက်ခံမှု မြင့်တက်လာခဲ့သည်။

ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သော ဆယ်ဗီနီက ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပရေးကို လှုံ့ဆော်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ထင်မြင်ချက်စစ်တမ်းများက ဆယ်ဗီနီ၏ လိဂ်ပါတီနှင့် လက်ယာယိမ်း မဟာမိတ်များ ရွေးကောက်ပွဲ၌ အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း ပြသနေသည်။

ဆယ်ဗီနီ၏ အပြုအမူနှင့်ပတ်သက်၍ ပက်ပက်စက်စက် ဝေဖန်လိမ့်မည်ဟု အများက ခန့်မှန်းထားသော မိန့်ခွန်းတစ်ရပ်ကို ပြောကြားပြီးနောက် ကွန်တီသည် သူ၏ နုတ်ထွက်စာကို သမ္မတ ဆာဂျီယိုမက်တာရယ်လာထံသို့ တင်သွင်းလိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။

ကွန်တီ နုတ်ထွက်ခြင်းမရှိပါက ဆယ်ဗီနီသည် အယုံအကြည်မရှိ အဆိုတင်ရန်အတွက် တွန်းအားပေးလိမ့်မည် ဖြစ်သည်။

ဖော်ပြပါ ဇာတ်ညွှန်းနှစ်ရပ်စလုံးသည် အာဏာရပြီး ၁၄ လသာကြာပြီးနောက် အီတလီ၏ စစ်ပြီးခေတ် ၆၅ ဆက်မြောက် အစိုးရအဖွဲ့ကို အဆုံးသတ်သွားစေလိမ့်မည်ဖြစ်ပြီး အစားထိုးမည့် အစိုးရအဖွဲ့ကို ရွေးချယ်ရေးအတွက် တိုင်ပင်ညှိနှိုင်းမှုများပြုလုပ်ရန် တရားဝင် လမ်းပွင့်သွားလိမ့်မည် ဖြစ်သည်။

ယင်းအနေအထားကို “ကမ္ဘာပေါ်က အရူးမိုက်ဆုံး အကျပ်အတည်းပါပဲ” ဟု La Stampa သတင်းစာ၏ အယ်ဒီတာ့အာဘော် ၌ အပြင်းအထန် ဝေဖန်ထားသည်။

နိုင်ငံရေးအကျပ်အတည်းသည် အီတလီစီးပွားရေးအပေါ် စိုးရိမ်မှုများကိုလည်း မြင့်တက်လာစေခဲ့သည်။ အီတလီသည် ဂျီဒီပီ၏ ၁၃၂ ရာခိုင်နှုန်း အကြွေးတင်နေပြီး ဥရောပဇုန်တွင် ဂရိပြီးနောက် ဒုတိယအကြွေးအများဆုံး နိုင်ငံဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် ကိုးရိုးကားယားနိုင်လှသော အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ညွန့်ပေါင်းအဖွဲ့၏ လက်အောက်၌ မရေရာမှုများက အီတလီ၏ အကြွေးများအပေါ် အတိုးနောက်ထပ် ယူရိုငါးဘီလျံ တင်သွားစေခဲ့သည်ဟု Il Sole 24 Ore စီးပွားရေး နေ့စဉ်သတင်းစာက သြဂုတ် ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

သုံးနှစ်ကျော် စောသည့် ကြားဖြတ်ရွေး ကောက်ပွဲတစ်ရပ်သည် အောက်တိုဘာလကုန်၌ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး လိဂ်ပါတီသည် မဲအရေအတွက် ၃၆-၃၈ ရာခိုင်နှုန်း ရရှိလိမ့်မည်ဟု ထင်မြင်ချက်စစ်တမ်းများက ပြနေသည်။                             

Most Read

Most Recent