Good Boys ဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာ

Good Boys ဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာ
(Photo  - AP)
(Photo - AP)
Published 20 August 2019

Universal မှ ဖန်တီးထားသော ဇာတ်မြူးရုပ်ရှင် Good Boys သည် ပွဲဦးထွက် ဝင်ငွေဒေါ်လာ ၂၁ သန်းရရှိခဲ့ပြီး မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ကြောင်း လက်မှတ်ဝင်ငွေ လေ့လာရေးအဖွဲ့ Exhibitor Relations  က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၁၇ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ရမှသာ ကြည့်ရှုနိုင်သည့် R -rated ရုပ်ရှင်အမျိုးအစားဖြစ်သော Good Boys သည် ၂၀၁၆ ခုနှစ်အစောပိုင်းတွင် ထွက်ရှိခဲ့သည့် The Boss ဇာတ်ကားပြီးပါက မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသော ပထမဆုံး R - rated ရုပ်ရှင်အမျိုးအစား ဖြစ်သည်။

အနမ်းပါတီပွဲ တက်ရောက်ရာတွင် အရှက်တကွဲမဖြစ်စေရန် အသက် ၁၂ နှစ် အရွယ် ကောင်လေးသုံးဦး ကြိုတင်ပြင်ဆင်ကြပုံများကို ရိုက်ကူးပုံဖော်ထားသည့် Good Boys ဇာတ်ကားကို Seth Rogen နှင့် Evan Goldberg  တို့က စီစဉ်ထုတ်လုပ်ပေးထားပြီး Brady Noon ၊ Jacob Tremblay  နှင့် Keith L .Williams တို့က ပါဝင်သရုပ်ဆောင်ထားသည်။

Universal ၏ Fast &  Furious Presents း Hobbs & Shaw ဇာတ်ကားသည် ယခုသီတင်းပတ်ကုန်ရက် သုံးရက်အတွင်း ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၄ သန်း ရရှိခဲ့ပြီး မြောက်အမေရိကဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်နှစ်နေရာသို့ ကျဆင်းသွားခဲ့သည်။

ရုံတင်ပြသရက် သီတင်းပတ်နှစ်ပတ်အတွင်းသို့ ရောက်ရှိလာသည့် Disney ၏ The Lion King အန်နီမေးရှင်းရုပ်ရှင်သည် ဝင်ငွေဒေါ်လာ ၁၁.၉ သန်းဖြင့် မြောက်အမေရိက ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်း၏ နံပါတ်သုံးနေရာတွင် ရပ်တည်နေပြီး Sony ၏ အန်နီမေးရှင်းရုပ်ရှင်သစ် The Angry Birds Movie 2 မှာ ဝင်ငွေဒေါ်လာ ၁၀.၅ သန်းဖြင့် နံပါတ်လေးတွင် ရပ်တည်နေသည်။

၂၀၁၆ ခုနှစ် မေလတွင် ရုံတင်ပြသခဲ့သော ယခင် Angry Birds ဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၃၈.၂ သန်း ရရှိထားခြင်းကြောင့် အသစ်ထွက်ရှိသည့် The Angry Birds Movie 2 ၏ ပွဲဦးထွက်ဝင် ငွေသည် ယခင်ဇာတ်ကားကို လိုက်မီခဲ့ခြင်း မရှိပေ။ Lionsgate မှ ဖြန့်ချိသည့် Scary Stories to Tell in the Dark  သည်းထိတ်ရင်ဖိုဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၀.၁ သန်းဖြင့် မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။

Most Read

Most Recent