NLD ပါတီ တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင် သုံးဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် ပါတီတာဝန်များ ရုပ်သိမ်း

NLD ပါတီ တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင် သုံးဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် ပါတီတာဝန်များ ရုပ်သိမ်း
Published 19 August 2019
ဉာဏ်လင်းထွန်း

NLD ပါတီ တနင်္သာရီတိုင်းဒေသကြီးအဆင့် ဗဟိုအလုပ်အမှုဆောင် သုံးဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် ပါတီတာဝန်များ ရုပ်သိမ်းလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း၊ ပြန်ကြားရေး တာဝန်ခံ ဒေါ်မြရတနာထက်နှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအေးနိုင်တို့ကို ပါတီစည်းကမ်း ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ပါတီတာဝန်များ ရုပ်သိမ်းလိုက်ကြောင်း သြဂုတ် ၁၉ ရက်စွဲဖြင့် တရားဝင် စာထုတ်ပြန်သည်။

“ပါတီစည်းကမ်းအရပါ။ သူတို့လုပ်ရမယ့် တာဝန်တွေမှာ ချို့ယွင်းမှုတွေရှိလို့ပါ” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

သြဂုတ် ၁၈ ရက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက တနင်္သာရီတိုင်းအဆင့် အလုပ်အမှုဆောင် သုံးဦးကို ပါတီတာဝန် ရပ်ဆိုင်းခြင်းအပြင် တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သည့် ဦးအောင်စိုးကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုခဲ့သည်။

ဦးအောင်စိုး အပါအဝင် ပါတီတာဝန်များမှ ရပ်ဆိုင်းခံရသည့် တနင်္သာရီတိုင်း အလုပ်အမှုဆောင် သုံးဦးကို တိုင်ကြားစာများ ရှိခဲ့ကြောင်း၊ တိုင်ကြားစာရှိသည့်အတွက် စုံစမ်းစစ်ဆေးရန် ဇူလိုင် ၂၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“သူတို့နဲ့ ပက်သက်တဲ့အမှုက စစ်ဆေးပြီးပါပြီ။ ဒါပေမဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက် မချရသေးတဲ့အတွက် ဆိုင်းငံ့ထားတာပါ။ အခု အဲဒီစစ်ဆေးတွေ့ရှိချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံအတည်ပြု လိုက်တဲ့အတွက် ဒီစာတွေ ထုတ်လိုက်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထိုသို့ ပါတီဗဟိုက တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင်များကို စုံစမ်းစစ်ဆေးမှုမစတင်မီ တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးအောင်စိုးသည် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် ၎င်း၏နုတ်ထွက်မှုအပေါ် ပါတီဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်ထံ မှတ်ချက်တောင်းခံခဲ့ပြီး သြဂုတ် ၁၈ ရက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် နုတ်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ပေးအပ်ထားခြင်း မရှိသော လုပ်ငန်းများ ဆောင်ရွက်ခဲ့သဖြင့် ပါတီတာဝန်များမှ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

 

Most Read

Most Recent