ရေနံတင်သင်္ဘောအား သိမ်းယူရန် ကြိုးပမ်းနေသည့် အမေရိကန်ကို အီရန်က သတိပေး

ရေနံတင်သင်္ဘောအား သိမ်းယူရန် ကြိုးပမ်းနေသည့် အမေရိကန်ကို အီရန်က သတိပေး
သြဂုတ် ၁၈ ရက်တွင် ဂျီဘရော်တာကမ်းလွန်၌ အီရန်အလံ လွှင့်ထူထားသော Adrian Darya ရေနံတင်သင်္ဘောကို တွေ့ရစဉ်
သြဂုတ် ၁၈ ရက်တွင် ဂျီဘရော်တာကမ်းလွန်၌ အီရန်အလံ လွှင့်ထူထားသော Adrian Darya ရေနံတင်သင်္ဘောကို တွေ့ရစဉ်
Published 19 August 2019

ဂျီဘရော်တာတွင် သီတင်းပတ်ခြောက်ပတ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသော အီရန်ရေနံတင်သင်္ဘောအား ဖမ်းဆီးရန် ကြိုးပမ်းနေသော ရန်ဘက်အမေရိကန်ကို သတိပေးခဲ့ကြောင်း အီရန်က သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများအား ချိုးဖောက်၍ ဆီးရီးယားသို့ ရေနံများတင်ပို့ရန် ကြိုးစားနေကြောင်း သံသယရှိမှုဖြင့် အီရန်ရေနံတင်သင်္ဘော Grace 1 အား ဇူလိုင် ၄ ရက်တွင် ဂျီဘရော်တာကမ်းလွန်၌ ဗြိတိန်မရိန်း တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် အီရန်သည် အမေရိကန်၏ မဟာမိတ် ဗြိတိန်နှင့် လိပ်ခဲတည်းလည်း အခြေအနေ ရင်ဆိုင်နေရသည်။ Grace 1 သိမ်းယူခံရပြီး နှစ်ပတ်ပင် မပြည့်သေးမီ အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်က လက်တုံ့ပြန်မှုဟု ယူဆရမှုအဖြစ် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားတွင် ဗြိတိန်အလံတင်သင်္ဘော Stena Impero အား ဖမ်းဆီးခဲ့သည်။

သို့သော် Grace 1 သင်္ဘောအား ပြန်လွှတ်ပေးရန် ဂျီဘရော်တာ တရားရုံးချုပ်က သြဂုတ် ၁၅ ရက်တွင် အမိန့်ချခဲ့သည်။ ထိုသင်္ဘောသည် အမေရိကန်၏ အကြမ်းဖက် အဖွဲ့အစည်းစာရင်း သွင်းခံထားရသည့် တော်လှန်ရေး အစောင့်တပ်က ဆီးရီးယားသို့ရေနံ တရားမဝင်တင်ပို့မှုအား ထောက်ပံ့ပေးမှုတွင် ပါဝင်နေသည်ဟု စွပ်စွဲလျက် Grace 1 အား ဆက်လက်ထိန်းသိမ်းထားရန် အမေရိကန်က တရားရုံးအမိန့်မချမီ အချိန်ကပ်၍ တောင်းဆိုခဲ့သည်။

အီရန်အား အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားမှုသည် ဥရောပသမဂ္ဂတွင် သက်ဆိုင်မှု မရှိခြင်းကြောင့် ထိုရေနံတင် သင်္ဘောအား ထိန်းသိမ်းထားရန်အတွက် တရားရုံးထံ တောင်းဆို၍ မရနိုင်ကြောင်း ဂျီဘရော်တာအစိုးရက ထုတ်ပြန်၍ အမေရိကန်၏ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။

Adrian Darya ဟု အမည်ပြောင်းလိုက်ပြီး အီရန်အလံလွှင့်ထူလိုက်သော ထိုရေနံတင်သင်္ဘောသည် ဂရိဆိပ်ကမ်း ကာလာမာတာ၌ ဆိုက်ကပ်ရန် သြဂုတ် ၁၈ ရက်ညနေတွင် စတင်ထွက်ခွာခဲ့ကြောင်း Marine Traffic ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုသင်္ဘော၏ နောက်ဆုံးပန်းတိုင်နှင့် ရေနံစည် ၁.၂ သန်းတို့အတွက် ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဂရိအာဏာပိုင်များကလည်း ၎င်းတို့၏ဆိပ်ကမ်းတွင် ယင်းသင်္ဘော လာရောက်ဆိုက်ကပ်၊ မကပ်ကို အတည်မပြုခဲ့ပေ။

သြဂုတ် ၁၉ ရက်တွင် အရှေ့ဘက်သို့ ဦးတည်ထွက်ခွာခဲ့သော ထိုသင်္ဘောအား ထပ်မံထိန်းသိမ်းရန် ကြိုးပမ်းနေသည့် အမေရိကန်ကို ဆိုးရွားသော နောက်ဆက်တွဲများ ကြုံရနိုင်ကြောင်း အမေရိကန်၏ အကျိုးစီးပွားများအား ကိုယ်စားပြုသည့် တီဟီရန်ရှိ ဆွစ်ဇာလန်သံရုံးမှတစ်ဆင့် အီရန်က သတိပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် အဘားစ်မူဆာဗီက ပြောကြားခဲ့သည်။

Grace 1 သင်္ဘောနှင့် ဗြိတိန်ရေနံတင်သင်္ဘော ထိန်းသိမ်းခံခဲ့ရမှုတို့အကြား မည်သည့်ဆက်နွှယ်မှုမျှ မရှိကြောင်းလည်း မူဆာဗီက ပြောကြားခဲ့သည်။ Stena Impero သင်္ဘောသည် ရေကြောင်းဆိုင်ရာ စည်းမျဉ်းများအား နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ချိုးဖောက်ခဲ့ပြီး တရားရုံးက စစ်ဆေးနေကြောင်း၊ ပြီးစီးသည်နှင့် တစ်ပြိုင်နက် စီရင်ချက် ထွက်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ အကျုံးဝင်နေသော နိုင်ငံများသို့ Grace 1 သင်္ဘောက ဦးတည်သွားမည် မဟုတ်ကြောင်း အာမခံထားသည့်စာကို အီရန်ထံမှ ရရှိခဲ့ကြောင်း ဂျီဘရော်တာတရားရုံးချုပ်က ထိုသင်္ဘောအား ပြန်လွှတ်ပေးခဲ့သည့် အမိန့်တွင် ဖော်ပြခဲ့သည်။                       

Ref : AFP

Most Read

Most Recent