ကဘူးတွင် ကျင်းပသော မင်္ဂလာပွဲတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၆၃ ဦး သေဆုံးပြီး လူ ၁၈၂ ဦး ထိခိုက်ဒဏ်ရာရ

ကဘူးတွင် ကျင်းပသော မင်္ဂလာပွဲတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၆၃ ဦး သေဆုံးပြီး လူ ၁၈၂ ဦး ထိခိုက်ဒဏ်ရာရ
သြဂုတ် ၁၈ ရက်က ကဘူးမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မင်္ဂလာဆောင်ခန်းမကို တွေ့ရစဉ် (Photo: AFP)
သြဂုတ် ၁၈ ရက်က ကဘူးမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မင်္ဂလာဆောင်ခန်းမကို တွေ့ရစဉ် (Photo: AFP)
Published 18 August 2019
Ref: AP/AFP

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးတွင်ကျင်းပသော မင်္ဂလာဆောင်ပွဲတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၆၃ ဦး သေဆုံးခဲ့ပြီး လူ ၁၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် သြဂုတ် ၁၇ ရက် နှောင်းပိုင်းတွင် ကဘူးမြို့ အနောက်ဘက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်ရေးသမားသည် ဖောက်ခွဲရေးပစ္စည်းများကို မင်္ဂလာပွဲလာ ဧည့်သည်များ ရှိရာနေရာတွင် ချထားခဲ့ ခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုအတွင်း လူ ၆၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများနှင့်ကလေးငယ်များ ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် နာစရတ်ရာဟီမီက ပြောကြားခဲ့သည်။

“ဧည့်သည် ၁,၂၀၀ ဝန်းကျင်လောက်ကို မင်္ဂလာဆောင်ဖိတ်ထားတာပါ။ ပေါက်ကွဲသံ ကိုကြားရတဲ့အချိန်မှာ ကျွန်တော်က သတို့သားနဲ့အတူ တခြားအခန်းတစ်ခန်းမှာ ရှိနေပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ခန်းမကို သွား ကြည့်တဲ့အခါမှာ လူတိုင်းက ကြမ်းပြင်ပေါ် မှာ လဲနေကြတာ ”ဟု အသက်ရှင်ကျန်ရစ်သူ အာမက်အိုမစ်က ဆိုသည်။

တာလီဘန်အဖွဲ့နှင့် ဒေသတွင်းရှိ IS စစ်သွေးကြွ အဖွဲ့ခွဲများသည် မြို့တော် ကဘူးတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင် သည့် စစ်သွေးကြွ အဖွဲ့များဖြစ်သည်။ သို့သော် သြဂုတ် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် မင်္ဂ လာဆောင် ဗုံးခွဲတိုက်ခိုက်မှုအတွင်း ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု တာလီဘန်အဖွဲ့က ငြင်းဆိုထားသည်။

အာဖဂန်နစ္စတန်တွင်ကျင်းပသည့် မင်္ဂလာပွဲများသည် ကြီးကျယ်ခမ်းနားပြီး လူစုံ တက်စုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် အခမ်းအနားများဖြစ်သည်။ အာဖဂန်မင်္ဂလာပွဲများသို့ ဧည့်ပရိသတ် ရာနှင့်ချီ၍ သို့မဟုတ် တစ်ခါတစ်ရံ ထောင်နှင့်ချီ၍ တက်ရောက်ကြပြီး ခန်းမကျယ်များတွင် နာရီ ပေါင်းများစွာကြာ မင်္ဂလာပွဲကို ဆင်နွှဲကြခြင်း ဖြစ်သည်။ သြဂုတ် ၁၇ ရက်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မင်္ဂလာခန်းမ၏ ကြမ်းပြင်ပေါ်တွင် သွေးစွန်းနေသောအလောင်းများ၊ အဝတ်အစားအပိုင်းအစများ၊ ဦးထုပ်များ၊ ကြိုးသိုင်းဖိနပ်များနှင့်ရေသန့်ဘူးများ ပြန့်ကျဲနေသည်ကို သတင်းဓာတ်ပုံများတွင် တွေ့မြင်ရသည်။

အဆိုပါမင်္ဂလာပွဲသည် ရှီယိုက် မွတ်စလင်များ၏ မင်္ဂလာပွဲဖြစ်သည်ဟု ယူဆရပြီး ဆွန်နီမွတ်စလင်အများစု နေထိုင်သည့် အာဖဂန်နစ္စတန်တွင် ရှီယိုက်မွတ်စလင်များ၏မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခံရသူများ ဖြစ်သည်။ အထူးသဖြင့် ကဘူးတွင် ထကြွ နေသည့် IS အဖွဲ့သည် ရှီယိုက်မွတ်စလင်များကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသော်လည်း ယခုတစ်ကြိမ် ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ IS ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။ အာဖဂန်နစ္စတန်တွင် ကျင်းပသော မင်္ဂလာဆောင်ပွဲများသည် အများအားဖြင့် လုံခြုံရေးပိုင်း ကြိုတင်ပြင်ဆင်ထားမှုများ မရှိခြင်းကြောင့် အလွယ်တကူ တိုက်ခိုက်မှုလုပ်ဆောင်နိုင်သည့် ပစ်မှတ်များဖြစ်လာကြခြင်းနှင့်အတူ အာဖဂန်ရှိ သူပုန်အဖွဲ့များသည် မင်္ဂလာပွဲများကို ပစ်ခတ်တိုက်ခိုက်မှုများကို ရံဖန်ရံခါ လုပ်ဆောင်လေ့ရှိကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်ကလည်း အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ကျင်းပသော မင်္ဂလာဆောင်ပွဲတစ်ခုကို အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent