ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) တွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် ရထားသံလမ်းရှည်များကို သံလမ်းအထူးရထားဖြင့် စီမံကိန်းလုပ်ငန်းခွင်သို့ စတင်ပို့ဆောင်

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) တွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် ရထားသံလမ်းရှည်များကို သံလမ်းအထူးရထားဖြင့် စီမံကိန်းလုပ်ငန်းခွင်သို့ စတင်ပို့ဆောင်
ရထားသံလမ်းရှည်များ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းရှိ ပြွန်တန်ဆိုက်သို့ သြဂုတ် ၁၆ ရက်တွင် ရောက်ရှိစဉ်
ရထားသံလမ်းရှည်များ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းရှိ ပြွန်တန်ဆိုက်သို့ သြဂုတ် ၁၆ ရက်တွင် ရောက်ရှိစဉ်
Published 18 August 2019
ရွှန်းလဲ့ဝင်း

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) တွင် အသုံးပြုရန် ဂျပန်နိုင်ငံ မှ ရောက်ရှိလာသည့် ရထားသံလမ်းရှည်များကို သံလမ်းအထူး ရထားဖြင့် စီမံကိန်းလုပ်ငန်းခွင်သို့ ပို့ဆောင် နေကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ယင်းသို့ ပို့ဆောင်နေရာ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းရှိ ပြွန်တန်ဆိုက်သို့ သြဂုတ် ၁၆ ရက်က စတင်ရောက်ရှိခဲ့ပြီး ကျန်ရှိသည့် ရထားသံလမ်းများကို ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အသုံးပြုမည့် ဂျပန်နိုင်ငံမှ ၈၂ ပေ အရှည်ရှိ ရထားသံလမ်းရှည်များ တင်ဆောင်လာသည့် Istoyra သင်္ဘောနှင့် Cosmic Tiger သင်္ဘောများ ဂျပန်နိုင်ငံမှ ဆူးလေဆိပ်ကမ်း သို့ တတိယအကြိမ်ရောက်ရှိလာခဲ့ပြီး သံလမ်းများကို ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။        

ရထားသံလမ်းရှည်များ သယ်ဆောင်လာသည့့် Istoyra သင်္ဘောသည် သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့၊ ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိလာပြီး Cosmic Tiger သင်္ဘောသည် သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းသို့ အသီးသီး ရောက်ရှိခဲ့ကြောင်း သိရသည်။

Istoyra သင်္ဘောတွင် ရထားသံလမ်းတန်ချိန် ၂၈၇၄ တန် တင်ဆောင်လာပြီး၊ ယင်း ရထားသံလမ်းများကို ၂၂ ခေါက်သယ်ယူသွားမည်ဟု သိရသည်။

“အခုဆိုရင် ဒါဟာ သုံးကြိမ်မြောက်ပေါ့။ သယ်မှာက ၂၂ ခေါက်တိတိ သယ်မှာပါ။ အရင်က ရန်ကုန် -မန္တလေးမှာ အသုံးပြုတဲ့ သံလမ်းက ၇၅ ပေါင်ပါ။ အခု ပေါင် ၁၁၁ ပေါင် နဲ့ လဲလှယ်အသုံးပြုသွားမှာမို့ အ လေးချိန်ပိုများတော့ ရထားပြေးဆွဲနှုန်း မြန်ဆန်လာမှာဖြစ်ပါတယ်။ အရင်က အသုံးပြုတဲ့ သံလမ်းရဲ့ ပေ က ၃၉ ပေပဲရှိပါတယ်။ အခုသံလမ်းရဲ့ အရှည်ကတော့ ၈၂ ပေရှိတယ်။ အခု လက်ရှိမှာ အများဆုံးပြေးနိုင်တာက တစ်နာရီကို မိုင် ၄၀ နဲ့ပဲ ပြေးနေတယ်။ နောက်ပိုင်းကျရင်တော့ ကီလို ၁၀၀၊ ၁၂၀ ပြေးနိုင်ဖို့ ရည်မှန်း ထားပါတယ်” ဟု မြန်မာ့မီးရထား တိုင်း (၇) မြို့ပြအင်ဂျင်နီယာဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လွင်က ပြောကြားသည်။

Cosmic Tiger   သင်္ဘောတွင် ရထားသံလမ်း ၂၂၆၀ ချောင်း၊ တန်ချိန် ၂၈၇၄ တင်ဆောင်လာပြီး Istoyra သင်္ဘောမှ သံလမ်းများဆိပ် ကမ်းသို့ချပြီးချိန်တွင် ယင်းသင်္ဘောမှ သံလမ်းများအား ဆက်လက် ချယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ဝယ်ယူသည့် အဆိုပါ ရထားသံလမ်းများအား ရန်ကုန်မြို၊ ဆူးလေဆိပ်ကမ်းမှ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းသို့  ပို့ဆောင်ပြီး အဆိုပါ ကုန်းတွင်း ဆိပ်ကမ်းမှ ရထားတွဲများဖြင့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်းတွင် အသုံးပြုရန် ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်နိုင်ငံမှ ရထားသံလမ်းများရောက်ရှိခြင်းသည် တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် မေ ၁ ရက်နှင့် ဇွန် ၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီးဖြစ်သည်။  

လက်ရှိတွင်ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်- ၁) ၏ ရန်ကုန်မှ တောင်ငူအထိ ရန်ကုန်-ပဲခူးလမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတို့အား မြေပြင်တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ လမ်းပိုင်း ၁၆၆ မိုင်ကို ၂၀၂၃ ခုနှစ် တွင်  အပြီးတည်ဆောက်သွားမည် ဖြစ်ပြီး တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉ မိုင် အဆင့်မြှင့်တင်မှုကို ၂၀၂၀ ပြည့်နှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။                          

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ  JICA မှ ချေးငွေ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၉  ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်း အဖြစ် သတ်မှတ်လုပ်ဆောင်ရန် ကနဦး လျာထားသည်။

 

Most Read

Most Recent