ဂျီဘရော်တာရှိ အီရန်ရေနံတင်သင်္ဘောကို ဖမ်းဆီးရန် အမေရိကန် တရားရေးဌာနက ဝရမ်းထုတ်

ဂျီဘရော်တာရှိ အီရန်ရေနံတင်သင်္ဘောကို ဖမ်းဆီးရန် အမေရိကန် တရားရေးဌာနက ဝရမ်းထုတ်
သြဂုတ် ၁၅ ရက်တွင် ဂျီဘရော်တာကမ်းရိုးတန်းအလွန်၌  အီရန်ရေနံတင်သင်္ဘော Grace 1 အား တွေ့ရစဉ် (Photo: AFP)
သြဂုတ် ၁၅ ရက်တွင် ဂျီဘရော်တာကမ်းရိုးတန်းအလွန်၌ အီရန်ရေနံတင်သင်္ဘော Grace 1 အား တွေ့ရစဉ် (Photo: AFP)
Published 17 August 2019
Ref: AFP

ဂျီဘရော်တာတွင် ထိန်းသိမ်းထားသော အီရန်ရေနံတင်သင်္ဘော Grace 1 ကို ပြန်လွှတ်ပေးရန် ဂျီဘရော်တာတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာ သြဂုတ် ၁၇ ရက်တွင် အဆိုပါသင်္ဘောအား ဖမ်းဆီးရန် အမေရိကန်တရားရေးဌာနက ဝရမ်းထုတ်ခဲ့သည်။

အီရန်မှ ဆီးရီးယားသို့ တရားမဝင် ကုန်စည်ပို့ဆောင်ခြင်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် အမေရိကန်ဘဏ္ဍာရေးစနစ်ကို တရားမဝင် အခွင့်အရေးရှာရန် လုပ်ဆောင်သော အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ လျှိုဝှက်အစီအစဉ်တွင် အီရန်ရေနံတင်သင်္ဘော Grace 1 သည် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဟု တရားရေးဌာနက စွပ်စွဲထားသည်။ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားသည်။

နိုင်ငံတကာ အရေးပေါ်စီးပွားရေးဆိုင်ရာအက်ဥပဒေကို ချိုးဖောက်ခြင်း၊ ငွေကြေးလိမ်လည်ရယူခြင်း၊ ငွေမည်းခဝါချခြင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအက်ဥပဒေကိုချိုးဖောက်ခြင်းတို့ကြောင့် ဗြိတိန်ပိုင်နက် ဂျီဘရော်တာတွင် ကျောက်ချရပ်နားထားဆဲဖြစ်သော Grace 1 သင်္ဘောနှင့် ထိုသင်္ဘော ပေါ်တွင်တင်ဆောင်ထားသည့် ရေနံအားလုံးကို ဒဏ်ကြေးအဖြစ် သိမ်းယူရမည်ဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်သော ဖမ်းဝရမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်သော ဟန်ပြကုမ္ပဏီ Paradise Global Trading LLC နှင့်သက်ဆိုင်သည့် အမည်ဖော်ပြထားခြင်းမရှိသော အမေရိကန် ဘဏ်စာရင်းတစ်ခုမှ ဒေါ်လာ ၉၉၅၀၀၀ ကို သိမ်းယူရန်လည်း တရားရေးဌာနက ညွှန်ကြားထားသည်။

အမေရိကန်တရားရေးဌာန၏ ဖမ်းဝရမ်း ထုတ်ပြန်မှုအတိုင်း လိုက်နာဆောင် ရွက်မည်လားဆိုသည်ကို ဗြိတိန် သို့မဟုတ် ဂျီဘရော်တာမှ တစ်စုံတစ်ရာမှတ်ချက်ပြုခြင်း မရှိသေးပေ။

အီရန်နိုင်ငံသည် ရေနံတင်သင်္ဘောထံသို့ သင်္ဘောအမှုထမ်းအဖွဲ့သစ်တစ်ဖွဲ့ စေလွှတ်ထားသည်။ Grace 1 သင်္ဘောအနေဖြင့် ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားသည့်နိုင်ငံများသို့ ဦးတည် ခုတ်မောင်းခြင်းမျိုး နောက်နောင်တွင် ပြုလုပ်တော့မည်မဟုတ်ကြောင်း အီရန်မှ ပေးပို့ခဲ့သည့် အာမခံချက်စာလွှာကို လက်ခံ ရရှိထားသည်ဟု ဂျီဘရော်တာအစိုးရအဖွဲ့က ပြောကြားခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်တွင် အဆိုပါရေနံတင်သင်္ဘောကို ပြန်လွှတ်ပေး ရန် ဂျီဘရော်တာတရားရုံးချုပ်က အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ထုတ်ပြန်ထားသော ရေနံတင်သင်္ဘောသိမ်းဆည်းရေး ဖမ်းဝရမ်းသည် ထိုရေယာဉ်အား ပြန်လည်ထိန်းသိမ်းလိုခြင်း ရှိ၊ မရှိဟူသော ဗြိတိန်၏ဆုံးဖြတ်ချက်ကို ရယူရန် လိုအပ်မည်ဖြစ်သည်။ Grace 1 ရေနံတင်သင်္ဘောသည် အီရန်အလံလွှင့်ထူကာ ဂျီဘရော်တာမှစတင်ထွက်ခွာရန် ပြင်ဆင်နေပြီး သင်္ဘော၏အမည်ကိုလည်း Adrian Darya ဟု ပြောင်းလဲမည်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူများက သြဂုတ် ၁၆ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရေနံတင်သင်္ဘောသည် အီရန်မှ စေလွှတ်ထားသည့် သင်္ဘောသားအမှုထမ်းအဖွဲ့သစ်အလာကို စောင့်ဆိုင်းနေခြင်းကြောင့် ဂျီဘရော်တာမှ မထွက်ခွာသေးခြင်းဖြစ်ကြောင်း၊ သင်္ဘောထိန်းသိမ်းခံရချိန်၌ သင်္ဘော ပေါ်တွင် လိုက်ပါလာသည့် ယခင် သင်္ဘောကပ္ပတိန်နှင့်သင်္ဘောသားများမှာ အိန္ဒိယ နိုင်ငံသားဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

Most Read

Most Recent