နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသည့် ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများက ထုတ်ပေးသော  လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု

နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသည့် ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများက ထုတ်ပေးသော  လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု
Published 14 August 2019
စိုးမင်းထိုက်

နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသည့် ပုဂ္ဂလိကပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများက ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် အဆိုအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုအား ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက တင်သွင်းထားခြင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားပြီးနောက် အတည်ပြုပေးရန် ပြောကြားခဲ့သည့်အပြင် အမျိုးသားလွှတ်တော်ကလည်း ကန့်ကွက်သူ မရှိသည့်အတွက် အဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများအတွက် အရည်အသွေး ပြည့်ဝသော ဆရာဆရာမများကို သင်ကြားပေးရန်အတွက်လည်း  ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ပုဂ္ဂလိက ကျောင်းဆရာများကို မှတ်ပုံတင်စေခြင်း၊ ဆရာ ဆရာမများကို လေ့ကျင့်သင်ကြားခွင့် အခွင့်အရေးများ ဖန်တီးပေးခြင်းဖြင့်လည်း အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေး TVET အစရှိသည့် ကျောင်းများအတွက် လိုအပ်သော အရည်အသွေးပြည့်မီသော ဆရာဆရာမများဖြင့် ကောင်းမွန်သော ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်ဖြစ်တည်နေမည် ဖြစ်ကြောင်း၊ အရည်အသွေး စစ်ဆေးနိုင်ပြီး ကော်မရှင်အနေဖြင့် အသိအမှတ်ပြုနိုင်သည့် အဆင့်ရောက်ရှိရန် ပညာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားပြီး ဖြစ်သော ကြီးကြပ်ရေးအဖွဲ့၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု၊ အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များ ကော်မတီတို့နှင့် အခြားသက်ဆိုင်ရာ ဘာသာရပ်အလိုက် တည်ရှိသော အဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးညှိနှိုင်း စိစစ်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ထိုသို့ အရည်အသွေး စစ်ဆေး အကဲဖြတ်ရန်အတွက် ယင်းကျောင်းများနှင့် ယင်းကျောင်းများတွင် သင်ကြားပြသမည့် အရည်အသွေးရှိ ဆရာ ဆရာမများ မှတ်ပုံတင်ရန် ဦးစွာလိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကကျောင်းဥပဒေ ပြဋ္ဌာန်းသည်အထိ စောင့်ဆိုင်းခြင်း မပြုဘဲ တည်ဆဲဥပဒေ၊ အမိန့်များအရ ကြီးကြပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တည်ထောင်သော မှတ်ပုံတင်ရုံးတွင် ယင်းကျောင်းများအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပထမအဆင့် အနေဖြင့် မှတ်ပုံတင်ခွင့်ကို စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ မှတ်ပုံတင်ပြီးမှသာ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆ (က) (ဂ) (ဃ) (ဆ) တို့အရ ချမှတ်သော အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် မူဝါဒများနှင့်အညီ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီအနေဖြင့် ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး စစ်ဆေးအကဲဖြတ်ခြင်းများကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်ပြုခြင်းနှင့် အရည်အသွေးနှင့် ဘွဲ့ကို အသိအမှတ်ပြုခြင်းမှာ မတူညီကြောင်း၊ အဆင့်မြင့်ပညာ ကျောင်းများအဖြစ် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်က အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂ (ဓ) အရ အသိအမှတ်ပြုနိုင်ရန် ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စစ်မှန်သည့် အဆင့်မြင့်ပညာရေး ရရှိရန် အစိုးရတက္ကသိုလ်များ အဆင့်အတန်း မြှင့်ပေးရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိက ပညာရေးကိုလည်း အဆင့်မြှင့်ပေးရန် စိစစ်ကြပ်မတ် အကဲဖြတ်သည့် လုပ်ငန်းစဉ်ဆိုသည်မှာ အရေးကြီးကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

အမျိုးသားပညာရေး ဥပဒေပုဒ်မ ၄ (ည) အရ တက္ကသိုလ်၊ ကောလိပ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ရပ်တည်ရေးနှင့် ပုဒ်မ ၄(တ)အရ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ပညာရေးစနစ်ကို ကျင့်သုံးရေးဆိုသည့် အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများကိုလည်း သတိပြုရမည် ဖြစ်ကြောင်း၊ ဤသို့ဖြင့် အမျိုးသားပညာရေး ဥပဒေကို ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ယခုအဆိုအား အတည်ပြုသင့်ကြောင်း ဒုတိယဝန်ကြီး က ပြောကြားခဲ့သည်။ 

 

Most Read

Most Recent