ရှမ်းနှင့် ရခိုင်တွင် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများအား အမြန်ဆုံးရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ တောင်းဆိုခဲ့ပြီး ရှမ်းမြောက်တိုက်ပွဲများမှာ မူးယစ်ဆေးဝါးနှင့်ဆက်စပ်မှုကြောင့် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

ရှမ်းနှင့် ရခိုင်တွင် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများအား အမြန်ဆုံးရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ တောင်းဆိုခဲ့ပြီး ရှမ်းမြောက်တိုက်ပွဲများမှာ မူးယစ်ဆေးဝါးနှင့်ဆက်စပ်မှုကြောင့် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 13 August 2019
မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသော တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများအား အမြန်ဆုံး ရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) တို့က သြဂုတ် ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့သည်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု၊ လူမျိုးရေးအမုန်းတရားကို အခြေခံကာ ကိုးကန့်၊ ရခိုင်နှင့် တအာင်းလူမျိုးများအား ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးနေခြင်းများကြောင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များအကြား ရရှိထားပြီးသော ယုံကြည်မှုများမှာ ပိုမိုယိုယွင်း ပျက်စီးကာ ငြိမ်းချမ်းရေးဖြစ်စဉ်များ ကြန့်ကြာပျက်စီး နှောင့်ယှက်စေပြီး တိုက်ပွဲများ ပြင်းထန်လာမည်ကို ၎င်းတို့သုံးအဖွဲ့အနေဖြင့် အထူးစိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးပြီး လူဦးရေ ၆၀၀၀၀ ကျော် စစ်ဘေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြောင်း၊ တပ်မတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“အဲဒီ (ရှမ်းမြောက်) မှာ အဓိကဖြစ်နေတဲ့ အကြောင်းအရင်းကတော့ အရင်တစ်ခါ ကျွန်တော်တို့ သတင်းထုတ်ပြန်ထားတာ ရှိတယ်။ ကွတ်ခိုင်မှာ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာတွေရော၊ မူးယစ်ဆေးဝါး ချက်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ပစ္စည်းတွေ ကျွန်တော်တို့ တော်တော်များများ ဖမ်းမိတာရှိတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ခုနက ပြောတဲ့ ထိတွေ့တိုက်ပွဲ များပြားလာခြင်း ဖြစ်ပါတယ်။ ဒါတွေက ဘယ်သူတွေနဲ့ ပတ်သက်တယ်ဆိုတာတော့ အဲဒီဘက်မှာနေတဲ့ အဖွဲ့အစည်းတွေ အားလုံးက ဒါလည်း သိပြီးဖြစ်ပါတယ်။ မနေ့ကတောင် ကျွန်တော်တို့ ကွတ်ခိုင်၊ တာမိုးညဲ ဘက်မှာ TNLA နဲ့ KIA ပူးပေါင်းအဖွဲ့နဲ့ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ အဓိက ကတော့ ခုနကပြောတဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖြစ်တာများပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုတွင် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ကို နှစ်လ သက်တမ်း တိုးမြှင့်ခြင်းအား ဇွန်လကုန်ပိုင်းတွင် ကြေညာပေးခဲ့ပြီး အဆိုပါထိုသို့ သက်တမ်းတိုးမြှင့်ပြီး နောက်တစ်ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လိုက်ပါ ဆောင်ရွက်နိုင်ရေး တိုက်တွန်းနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဓိကအားဖြင့် ၎င်းတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ရိုးသားရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်က အပစ်အခတ်ရပ် စဲထားသော ကာလအတွင်း ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည် ရွယ်၍ ဆွေးနွေးပွဲများ အမြန်ဆုံးလုပ်ဆောင် ရန် တပ်မတော်ဘက်က တိုက်တွန်းထားပြီး အဆိုပါ တိုက်တွန်းချက်အတိုင်းသာ ဆောင်ရွက်ပါက ငြိမ်းချမ်းရေးသည် ပိုမိုခိုင်မာလာ မည်ဖြစ်ကြောင်း၊ အကယ်၍ ပြည်သူလူထု ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းနှင့် ပြည်သူလူ ထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးခြင်း များဖြစ်လာပါက တပ်မတော်အနေဖြင့် လို အပ်သော လုံခြုံရေးဆောင်ရွက်မှုများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောကြားသည်။

“ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေ နဲ့ပတ်သက်လို့ကတော့ သတင်းစာရှင်းလင်း ပွဲမှာ ပြောထားပြီးသားပါ။ နယ်မြေကျော် လွန် ဝင်ရောက်လာတဲ့အတွက် ဖြစ်ခဲ့တာဖြစ်ပါတယ်။ ခုနကပြောတဲ့ မူးယစ်ဆေးဝါးနဲ့ပတ် သက်ပြီးတော့လည်း ကိုယ်ကျိုးစီးပွားတည် ဆောက်မှုတွေ ရှိလာတဲ့အတွက်ကြောင့် ဖြစ် ရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောကြားသည်။

KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့တို့  Bilateral စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ပဏာမအပစ်ရပ်စာချုပ်မူကြမ်းများကို အစိုးရနှင့် ၎င်းင်းတို့လေးဖွဲ့အကြား နှစ်ဖက်အ ပြန်အလှန် ပေးပို့ထားသည်။

တပ်မတော်က အဆိုပြုထားသည့် တစ် ဖက်သတ်ဆန်ပြီး ညှိနှိုင်းရန် ခက်ခဲသော ပဏာမအပစ်ရပ်စဲရေးစာချုပ်ကို ၎င်းင်းတို့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးအဖြေ ရှာရန် တရုတ်နိုင်ငံနှင့် ပြည်ထောင်စု နိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တို့မှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်နေသော်လည်း တွေ့ဆုံမည့်နေရာ အခက်အခဲကြောင့် ထပ်မံ မတွေ့ဆုံနိုင်သေးဘဲ ကြန့်ကြာနေခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲကာလနှင့် တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်းတွင် တပ်မတော်သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအပေါ် နေ ရာဒေသ အသီးသီးတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်းနှင့် ထိုသို့ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သြဂုတ်လ ပထမပတ်အတွင်းတွင်ပင် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

Most Read

Most Recent