အစိုးရအနေဖြင့် တပ်မတော်၏ လုပ်ငန်းများကို ပူးတွဲ၍ အလုပ်လုပ်နေရခြင်းသည် လွယ်ကူခြင်း မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး NLD ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား

အစိုးရအနေဖြင့် တပ်မတော်၏ လုပ်ငန်းများကို ပူးတွဲ၍ အလုပ်လုပ်နေရခြင်းသည် လွယ်ကူခြင်း မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး NLD ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား
NLD ပါတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို သြဂုတ်လ ၁၂ ရက်က ပြုလုပ်နေစဉ်
NLD ပါတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို သြဂုတ်လ ၁၂ ရက်က ပြုလုပ်နေစဉ်
Published 13 August 2019
ကောင်းခန့်လင်း  (မုံရွာ)

အစိုးရအနေဖြင့် တပ်မတော်၏ လုပ်ငန်းများကို ပူးတွဲ၍ အလုပ်လုပ်နေရခြင်းသည် လွယ်ကူခြင်း မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘာဘာက ပြောကြားသည်။

သြဂုတ်  ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လူထု တွေ့ဆုံပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မြောက်အောင် လုပ်ဆောင်နေသည့် ကာလဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီး ဖြစ်မြောက်အောင် အလုပ်လုပ်နေသည့်အချိန်တွင် ညီညွတ်ရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘာဘာက ပြောကြားသည်။

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မြောက်အောင် လုပ်နေတဲ့ ကာလကြီးပါ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီး ဖြစ်မြောက်အောင် အလုပ်လုပ်နေတဲ့အချိန်မှာ ညီညွတ်ဖို့တော့ လိုပါလိမ့်မယ်။ အမေရိကန်ကြီး လွတ်လပ်ခါစတုန်းကလည်း အခုလိုပဲ လူမျိုးရေးတွေ အမျိုးမျိုးကွဲပြားနေတာ။ နောက်ဆုံး ညီညွတ်လာတဲ့အခါမှာ အမေရိကန် ဖက်ဒရယ် ပြည်ထောင်စုကြီးဟာ အောင်မြင်သွားတာ တွေ့ရပါလိမ့်မယ်။ ဒီလိုဆိုရင် ဘယ်သူတွေ ညီညွတ်ရမလဲ။ နံပါတ်တစ် တပ်မတော် ညီညွတ်ရပါမယ်။ တပ်မတော်ဟာ ပြည်သူနဲ့ တစ်သားတည်းဖြစ်ဖို့ လိုပါလိမ့်မယ်။ တပ်မတော်ပါမှဖြစ်မယ်။ တပ်မတော်သည် ဒီနိုင်ငံမှာ ဒီသမိုင်းမှာ ပါအောင်ကို တို့တစ်တွေ NLD ဟာနည်းမျိုးစုံနဲ့ ချဉ်းကပ်ပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင်ဆိုရင် တပ်နဲ့ ကြည်ဖြူအောင် လုပ်ငန်းတွေအများကြီး လုပ်ခဲ့တာ ပြည်သူတွေအသိပါပဲ။ ကျွန်တော်တို့ ဆိုရင်လည်းပဲ လမ်းမထွက်ပြီး အော်လား ဟစ်လား မလုပ်ဘဲနဲ့ ဥပဒေနဲ့အညီ တပ်မတော်နဲ့အတူ လက်တွဲပြီး လျှောက်နိုင်အောင် ဆိုပြီးတော့ ကျွန်တော်တို့ သွားနေတာ။ အခု ကျွန်တော်တို့ အစိုးရအဖွဲ့မှာလည်း တပ်မတော်ရဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့အစိုးရ ကနေပြီးတော့ ပူးတွဲပြီးတော့ အလုပ်လုပ်နေရတာ သိပ်တော့ လွယ်တာတော့ မဟုတ်ပါဘူး။ ခက်ခဲပါတယ်။ ခက်ခဲနေတဲ့ကြားထဲမှာ ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ တစ်တွေဟာ ခက်ခက်ခဲခဲ ကျွန်တော်တို့ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူအောင် ကျွန်တော်တို့ လုပ်နေတာ ဘယ်အတွက်လည်း ဒီမိုကရေစီဖက်ဒရယ် အောင်မြင်အောင် ညီညွတ်အောင် လုပ်နေတာ”ဟု  ဒုတိယဥက္ကဋ္ဌ ဦးဘာဘာက ပြောကြားသည်။

ထို့ပြင် နံပါတ်နှစ် ညီညွတ်ရေးလုပ်ဆောင် နေသည်မှာ လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင် တောခိုကြသည့် ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားများနှင့်ဖြစ်ကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်များ ပြောကြသည်မှာ ၎င်းင်း တို့ တောခိုခြင်းသည် ဖက်ဒရယ်နိုင်ငံ မဖြစ် ၍ဖြစ်ကြောင်း၊ ယခု ဖက်ဒရယ်နိုင်ငံဖြစ်ရန် ၂၁ ရာစုပင်လုံဆွေးနွေးပွဲ ကျင်းပလျက်ရှိပြီး ထိုသို့ပြုလုပ်ရခြင်းမှာ တိုင်းရင်းသားလက် နက်ကိုင်များနှင့် ညီညွတ်ရေးဖြစ်ကြောင်း၊ သို့သော်လည်း အတွေးအခေါ် အယူအဆ များသည် မိမိတို့မြင်ချင်သလိုမြင်၊ မိမိတို့ တွေးချင်သလိုတွေးပြီး တိုင်းပြည်အပေါ်ထား သည့် မျက်နှာ၊ တိုင်းပြည်၏အနာဂတ်အ ပေါ်တွင် မြင်သည့် အမြင်မျိုးမဟုတ်ဘဲ လက်ရှိတွင် ၎င်းတို့ဖြစ်ချင်သည်များနှင့် ဖြစ်လိုသည့်ဆန္ဒများကိုသာ ရှေ့တန်းတင် ပြောကြားနေသည့်အတွက် လုပ်ရကိုင်ရခက်ခဲကြောင်း ဒုတိယ ဥက္ကဋ္ဌ ဦးဘာဘာက ပြောကြားသည်။

NLD ပါတီအနေဖြင့် အစိုးရအာဏာ စတင်ရရှိကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား လုပ်ရမည်ဆိုပြီး ဦးတည် လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း လုပ်ဆဲဖြစ်ကြောင်း၊ အောင်မြင်ပြီလားဆိုပါက မအောင်မြင်သေးကြောင်း၊ ရှေ့ဆက်လုပ်ရဦးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

Most Read

Most Recent