ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြန်မာ့သင်္ဘောကျင်းလုပ်ငန်းဖက်စပ်ကုမ္ပဏီသို့ တည်ဆောက်ရန်လုပ်ငန်းအပ်နှံထားသည့် ဘက်စုံသုံးသင်္ဘောကိုဌာနသို့ လွှဲပြောင်းပေးအပ်မည်

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြန်မာ့သင်္ဘောကျင်းလုပ်ငန်းဖက်စပ်ကုမ္ပဏီသို့ တည်ဆောက်ရန်လုပ်ငန်းအပ်နှံထားသည့် ဘက်စုံသုံးသင်္ဘောကိုဌာနသို့ လွှဲပြောင်းပေးအပ်မည်
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့ လုပ်ငန်းအပ်နှံသည့် ဘက်စုံသုံးသင်္ဘောကို တွေ့ရစဉ်
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့ လုပ်ငန်းအပ်နှံသည့် ဘက်စုံသုံးသင်္ဘောကို တွေ့ရစဉ်
Published 26 July 2019

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့လုပ်ငန်းအပ်နှံသည့် ဘက်စုံသုံးသင်္ဘောအား လာမည့် ဇူလိုင် ၂၇ ရက်တွင် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီမှ လက်ရှိအသစ်တည်ဆောက်နေသော ရေယာဉ် ကိုးစီးရှိပြီး ပြင်တင်ရန် လုပ်ငန်းအပ်နှံထားသည့် သင်္ဘောလေးစီးရှိကြောင်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ သတင်းရရှိသည်။

“လက်ရှိမှာတော့ အသစ်တည်ဆောက်နေဆဲ ရေယာဉ် ကိုးစီးရှိပါတယ်။အဲဒီ ကိုးစီးအပြင် တည်ဆောက်ပြီးစီးပြီးဖြစ်တဲ့ ရေယာဉ်တစ်စီးကို မကြာခင် အုံနာကို လွှဲပြာင်းပေးအပ်သွားဖို့ရှိပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းအပ်နှံထားတဲ့ ဘက်စုံသုံးသင်္ဘော ရဲ့ သင်္ဘောကိုယ်ထည်တည်ဆောက်မှုပြီးစီးနေပြီး ရေချပွဲပြုလုပ်ပြီးပါပြီ။ လာမယ့်ဇူလိုင် ၂၇ ရက်မှာ ဌာနကို လွှဲပြောင်းပေးအပ်သွားမှာပါ” ဟု Myanmar Shipyards Dong A Joint Venture Company Limited မှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်က ပြောကြားသည်။

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၁၉၇၀ ခုနှစ်မှစတင်ကာ နိုင်ငံပိုင်သင်္ဘောကျင်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေပြင်ပမှ ရပ်တည် ဆောင်ရွက်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်။  ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry JSC နှင့် အကျိုးတူပူးပေါင်း၍ Myanma Shipyards Dong A Joint Venture Company Limited ထူထောင်နိုင်ရေးအတွက် ဖက်စက်သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ အောက်တိုဘာမှစတင်ကာ အဆိုပါ Myanmar Shipyards Dong A Joint Venture Company မှ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် Steel Structure  ထုတ်လုပ်ရေးလုပ်ငန်းများပါ တိုးချဲ့ဆောင်ရွက်နိုင်ရန် ဗီယက်နမ်နိုင်ငံ AMECC Mechanical Construction JSC မှ ပါဝင်ထည့်ဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြဆောင်ရွက်ခဲ့ပြီး ဖက်စပ်ကုမ္ပဏီအမည်အားလည်း Myanmar Shipyards – AMECC Joint Venture Company Limited ဟု ပြောင်းလဲကာ ရေယာဉ်တည်ဆောက်ရေး၊ မြစ်ကူးတံတားတည်ဆောက်ရေး၊ ရထားတံတား တည်ဆောက်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။        

Most Read

Most Recent