ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် NCA လမ်းကြောင်းသည် အကောင်းဆုံးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း NCA လမ်းကြောင်းကို ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ တိုက်တွန်း

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် NCA လမ်းကြောင်းသည် အကောင်းဆုံးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း NCA လမ်းကြောင်းကို ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ တိုက်တွန်း
Published 23 July 2019

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် NCA လမ်းကြောင်းသည် အကောင်းဆုံးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း NCA လမ်းကြောင်းကို ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက တိုက်တွန်းပြောကြားသည်။

ဇူလိုင်၂၃ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ ပြုလုပ်သော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် NCA ကို ပြန်လည်သုံးသပ်ရန် ပြောဆိုဆွေးနွေးမှုများ ရှိနေသည့်အပေါ် တပ်မတော်၏ သဘောထားသလဲဆိုသည့် ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေးရရှိဖို့ အတွက်ကတော့ NCA လမ်းကြောင်းက အကောင်းဆုံး ဖြစ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ဒီလမ်းကြောင်းအတိုင်း သွားဖို့ကိုလည်း စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အတွက်လည်း မူဘောင်ကို ရေးဆွဲပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီအပြင် တပ်မတော်အနေနဲ့ တစ်ဖက်သတ် အပစ်ရပ်ပေးတာလည်း ကျွန်တော်တို့ တကယ့်တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေ၊ တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုမှာ ရပ်ပေးတာ ခုနစ်လရှိသွားပါပြီ။ ဒါ့အပြင် နောက်လစဉ် ကျွန်တော်တို့ အလွတ်သဘော တွေ့နေတာတွေ ရှိပါတယ်။ ဒီလိုဆွေးနွေးတိုင်း ကျွန်တော်တို့ တပ်မတော်က တွေ့ဆုံပါတယ်။ အစိုးရ အနေနဲ့လည်း NRPC အနေနဲ့ အလွတ်သဘောလာတွေ့ရင် တွေ့ဆုံဆွေးနွေးပါတယ်။ ဒီအပေါ်တွေကနေပြီး ကာမှ ကျွန်တော်တို့က ပြီးရင် NCA လက်မှတ်ထိုး၊ ပြီးရင် ကျွန်တော်တို့ NCA လမ်းကြောင်းအတိုင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အစိုးရရော၊ တပ်မတော်ကရော ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ အလားတူပဲ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဒီလမ်းကြောင်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ကျွန်တော်တို့အနေနဲ့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

NCA ၏ရည်ရွယ်ချက်သည် ထာဝရငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး NCA ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အကြမ်းဖျင်းပြောပါက ပါဝင်သင့် ပါဝင်ထိုက်သည့်သူအားလုံး ပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိမှုအပေါ် အခြေခံသော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဦးတည်ကြောင်းနှင့် ပြည့်စုံကောင်းမွန်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက “ကျွန်တော်တို့ ပြည့်စုံကောင်းမွန်တဲ့ဟာမျိုး ဖြစ်ပါတယ်။ အဲဒီဟာမှာမှ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက်လည်း ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲပြီး ဖြစ်ပါတယ်။ အဲဒီမူဘောင်ရဲ့ အဓိကရည်ရွယ်ချက် ကျွန်တော်ပြောပါမယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် အလို့ငှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်ဆိုပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်းလည်း ကျွန်တော်တို့ ကျင်းပခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ အခု ၂၁ ရာစု ပင်လုံ တတိယအကြိမ် အထိအောင် ပြီးပြီဖြစ်ပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလမ်းကြောင်းက ကျွန်တော်တို့ မှန်ကန်တယ်။ ဒီလမ်းကြောင်းက အဖြေရအောင် ကျွန်တော်တို့ အခုဆို ၅၁ ချက်ပေါ့ ရထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်  ဒီအပေါ်မှာ ဆက်ပြီးသွားဖို့ အတွက်ပဲ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ၂၀၂၀ တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်က သန္နိဋ္ဌာန်ထားထားသည့်အတွက်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီး လေးလတာ အပစ်အခတ်ရပ်စဲ ပေးခဲ့ကြောင်း၊ ထို့နောက် အပစ်အခတ်ရပ်စဲရေး ကာလကို နှစ်လထပ်မံ တိုးမြှင့်ခဲ့ပြီး လက်ရှိတွင်လည်း ထပ်မံ၍ အပစ်ရပ်ကာလနှစ်လ တိုးမြှင့်ပေးခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ လက်တွေ့မှာ အပစ်အခတ်ရပ်စဲပေးတဲ့ သုံးကြိမ်နဲ့ ကျွန်တော်တို့ သက်သေပြလျက် ရှိပါတယ်။ အဲဒီသုံးကြိမ်နဲ့ သက်သေပြလျက်ရှိတဲ့ဟာကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ EAO များ အနေနဲ့ရော၊ တိုင်းရင်းသား ပြည်သူလူထုများ အနေနဲ့ရော ဒါတွေကို လိုက်ပါပါဝင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ထပ်ပြောလိုတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ ခဏခဏပြောသလို ပြည်သူလူထုပါဝင်ဖို့က အရေးကြီးပါတယ်။ ပြည်သူလူထု ပါဝင်ဖို့ဆိုတာ ခုနကပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆိုတာလည်း တိုင်းရင်းသား ပြည်သူလူထုထဲမှာပဲ မှီခိုပြီး နေနေရတာပဲ ဖြစ်ပါတယ်။ သူတို့ပါ ပါဝင်လာဖို့က ငြိမ်းချမ်းရေး လုပ်ငနး်စဉ်တွေကို အင်တိုက်အားတိုက် တိုက်တွန်းပေးမယ်ဆိုရင် ပိုမိုပြီး အောင်မြင်လာနိုင်စရာ ရှိပါတယ်။ သန္နိဋ္ဌာန်စိတ်အတိုင်း ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

Most Read

Most Recent