တရုတ်လေကြောင်းလိုင်းတွေ မျက်စိကျလာတဲ့ မြန်မာပြည်စျေးကွက်

တရုတ်လေကြောင်းလိုင်းတွေ မျက်စိကျလာတဲ့ မြန်မာပြည်စျေးကွက်
Sichuan လေကြောင်းလိုင်းဖြင့် ချန်ဒူးမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါလာသည့် တရုတ်ခရီးသွားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - YACL)
Sichuan လေကြောင်းလိုင်းဖြင့် ချန်ဒူးမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါလာသည့် တရုတ်ခရီးသွားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - YACL)
Published 21 July 2019
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အခြေအနေ

မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက စင်ကာပူနိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်နေပြီး တရုတ်နိုင်ငံက ဒုတိယ၊ ထိုင်းနိုင်ငံက တတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ စင်ကာပူ ရင်းနှီးမြှုပ်နှံမှု ဆိုသော်လည်း အနောက်နိုင်ငံများက စင်ကာပူတစ်ဆင့်ခံ၍ ဝင်ရောက်နေခြင်းသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိကတော့ တရုတ်နိုင်ငံကသာ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မယ့် စီမံကိန်းများစွာ ရှိနေပြီး အချို့မှာ ဆွေးနွေးနေဆဲနှင့် အချို့မှာမူ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာသည့်အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

OBOR စီမံကိန်း၊ ယင်းနှင့် ဆက်စပ်လျက်ရှိသည့် စီမံကိန်းများစွာလည်း မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ရန် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေနဲ့ အလားအလာတွေကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုက ဆက်လက်မြင့်တက်နိုင်မှာ ဖြစ်ပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အရှေ့မျှော်ခရီးသွား မူဝါဒအရလည်း အရှေ့မှ ခရီးသွား ဝင်ရောက်မှုအပေါ် အားထားလျက်ရှိတာ တွေ့ရပါတယ်။

ဗီဇာဖြေလျှော့မှုကြောင့် သိသိသာသာ တိုးတက်လာခဲ့တဲ့ တရုတ်ခရီးသွားဝင်ရောက်မှု

ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာ ၁ ရက်မှစ၍ ဂျပန်နှင့် တောင်ကိုရီး ယားနိုင်ငံသား ကမ္ဘာလှည့်  ခရီးသွားများကို အောက်တိုဘာ ၁ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး လေ ကြောင်းနဲ့ လာရောက်မယ့် တရုတ်နိုင်ငံသား (ဟောင်ကောင်နဲ့ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံသားများ အပါအဝင်) ကမ္ဘာလှည့်ခရီး သွားများအား ဆိုက်ရောက် ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

ယင်းနောက်ပိုင်း တရုတ်နိုင်ငံ မှ ခရီးသွားဝင်ရောက်မှု သိသိသာ သာ မြင့်တက်ခဲ့တာကို တွေ့ရပါ တယ်။ ၂၀၁၉ ခုနှစ် ခြောက်လတာ အတွင်း နိုင်ငံခြားသားခရီးသွားဝင် ရောက်မှုမှာ ဗီဇာဖြေလျှော့မှုတွေ ပြုလုပ်ထားတဲ့ နိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံမှ ခရီးသွား ရာခိုင်နှုန်း ၁၄၀၊ ကိုရီးယားနိုင်ငံမှ ခရီးသွား ၈၄ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှ ခရီးသွား ၂၄ ရာခိုင်နှုန်းအထိ တိုးတက်ဝင် ရောက်ခဲ့ပါတယ်။

၂၀၁၉ ဇွန်လကုန်အထိ ရန် ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု မှာ တရုတ်နိုင်ငံမှ ၃၂၀၈၈၂ ဦးရှိခဲ့ ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ခြောက်လ တာအတွင်း တရုတ်နိုင်ငံမှ ခရီးသွား ၁၃၃၆၉၇ ဦးရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ဇွန်လကုန်အထိမှာ  ၂၀၁၈ ကာလတူနဲ့ နှိုင်းယှဉ်ကြည့်ရင် တရုတ်နိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၁၄၀ အထိ တိုးတက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမြို့ကြီး ၁၆ မြို့နဲ့ ရန်ကုန်လေဆိပ်အကြား ချိတ်ဆက်ပျံသန်းနေတဲ့ တရုတ်လေကြောင်းလိုင်း ၁၀ ခု

အခုလိုတရုတ်နိုင်ငံက ခရီး သွားတိုးတက်ရခြင်းက ဗီဇာဖြေလျှော့မှုတွေနဲ့အတူ တရုတ်-မြန်မာ နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းမှုတွေကလည်း ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံက နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းနဲ့ တရုတ် နိုင်ငံက လေကြောင်းလိုင်းအချို့က နှစ်နိုင်ငံကြား ခရီးစဉ် စတင်ပျံသန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံက လေကြောင်းလိုင်း ခြောက်ခုက ခရီးစဉ် ၁၁ ခုအထိ တိုးချဲ့ပျံသန်းခဲ့ပြီး တရုတ်နိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၇ ခု နှစ်ကထက် ၃၈ ဒသမ ၃၈ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၁၉ ခုနှစ် ဇန် နဝါရီကနေ ဇူလိုင်အထိ တရုတ်လေကြောင်းလိုင်းတွေဖြစ်တဲ့ Hainan Airlines၊ Sichuan Airlines၊ China Eastern Airlines၊ Xiamen Airlines နဲ့ Spring Airlines တို့က ရန်ကုန်လေဆိပ်နဲ့ တရုတ်နိုင်ငံရှိ မြို့ကြီးများကို ခရီးစဉ်သစ် ပျံသန်းမှုတွေ စတင်ခဲ့ပါတယ်။ လက်ရှိ ၂၀၁၉  ခုနှစ် ဇူလိုင် ၁၇ ရက် အထိ တရုတ်လေကြောင်းလိုင်း ၁၀ ခုက တရုတ်နိုင်ငံ မြို့ကြီး ၁၆ မြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးစဉ်တွေ ချိတ်ဆက်ပျံသန်း နေပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ချိတ်ဆက်ပျံသန်းနေတဲ့ တရုတ်နိုင်ငံက မြို့ကြီးတွေက Kuming၊ Beijing၊ ဟူးဟန် (Hohhot)၊ Nanning၊ Shanghai၊ ဝူဟန် (Wuhan)၊ Shenzhen၊ Guangzhou၊ Chengdu၊ Xi’an၊ Hangzhou၊ Guangzhou၊ Hongkong၊ Taipei၊ Chongquing နဲ့ Xiamen မြို့တို့ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ တရုတ်နိုင်ငံက မြို့ကြီးတွေအကြား ခရီးစဉ် အသစ်တွေ ပျံသန်းဖို့ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို ခွင့်ပြုချက် တောင်းထားတဲ့ တရုတ်လေကြောင်းလိုင်းတွေလည်း ရှိနေတဲ့အတွက် တရုတ်လေကြောင်းလိုင်းသစ်တွေက သယ်ဆောင်လာမယ့် တရုတ်ခရီးသွားတွေ ထပ်ပြီးတိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့ လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူက ဆိုပါတယ်။

“အခုလက်ရှိမှာ တရုတ်လေ ကြောင်းလိုင်းတွေနဲ့အတူ ဝင်ရောက်လာတဲ့ တရုတ်ခရီးသွားတွေ တိုး တက်လာတာ ကောင်းပါတယ်။ ပြီးခဲ့ တဲ့ ၂၀၁၇-၂၀၁၈ မှာ နိုင်ငံရေးအခြေ အနေတွေကြောင့် အနောက်နိုင်ငံက ခရီးသွားဝင်ရောက်မှု ကျဆင်းလာ တာကို ပြန်ပြီး ကာဗာဖြစ်စေပါ တယ်။ နောက်ပြီး ၂၀၁၈ အောက်တို ဘာမှာ တရုတ်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာခွင့်ပြုပြီး ဗီဇာဖြေ လျှော့မှုတွေ ပေးခဲ့တာကလည်း တရုတ်ခရီးသွား တိုးတက်စေတဲ့ အချက်အဖြစ် ပါဝင်လာပါတယ်။ အခုဆိုရင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရုတ်လေကြောင်း လိုင်းခြောက်ခု၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ တရုတ်လေ ကြောင်းလိုင်း ၁၀ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ MNA နဲ့ MAI ကလည်း တရုတ်နိုင်ငံက မြို့တွေကို လေကြောင်းခရီးစဉ် ပျံသန်းနေပါတယ်။ မကြာသေးခင်ကလည်း MAI က တရုတ်နိုင်ငံကို လေကြောင်းခရီးစဉ် အသစ်တစ်ခု စတင်ပျံသန်းခဲ့ပါတယ်။ နောက်ထပ်လည်း တရုတ်လေကြောင်းလိုင်း သစ်တွေက ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပျံသန်းဖို့ ခွင့်ပြုချက် တောင်းခံထားတာတွေ ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကို လာရောက်မယ့် တရုတ်ခရီးသွားက ဒီထက်ပိုပြီး တိုးတက်လာမယ့် အလားအလာတွေ ရှိနေပါတယ်” လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။

ဇီးရိုးဒေါ်လာဘတ်ဂျက် ခရီးသွားတွေကို တကယ်ပဲ ထိန်းချုပ်နိုင်မှာလား

တရုတ်ခရီးသွား ဝင်ရောက်မှုနဲ့အတူ ပေါ်ပေါက်လာသည်က ဇီးရိုးဒေါ်လာဘတ်ဂျက် ပြဿနာ။ Zero Tour Budget သဘောက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေ၊ လက်မှုပစ္စည်း အရောင်းဆိုင်တွေမှာပဲ ဝယ်ယူ၊ စားသုံးမှုတွေရှိနေပြီး ခရီးသွားဧည့် လမ်းညွှန်ကအစ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန်ကို ခေါ်ယူအသုံးပြုတာမျိုး မရှိဘဲ တရုတ်နိုင်ငံသား Tour Leader နဲ့ပဲ မြန်မာနိုင်ငံကို လာရောက်လည်ပတ် နေကြတာမျိုး ဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံမှာ မသုံးမဖြစ်တဲ့ ငွေကြေးသုံးစွဲမှုတွေဖြစ်တဲ့ ဟိုတယ်ငှားရမ်းခနဲ့ ပို့ဆောင်ဆက်သွယ်ရေးအတွက် ကားငှားရမ်းမှုတွေမှာပဲ ငွေကြေးသုံးစွဲနေကြတာ ဖြစ်ပါတယ်။ တချို့မြန်မာနိုင်ငံ ခရီးစဉ်တွေကို စီစဉ်ရေးဆွဲတဲ့ တရုတ်ခရီးသွား ကုမ္ပဏီတွေဟာဆိုရင် အမှတ်တရ လက်ဆောင်ပစ္စည်း ဝယ်ယူမှုတွေအတွက် မြန်မာနိုင်ငံမှာ ငွေပေးချေဖို့တောင် မလိုအပ်ဘဲ သူတို့နိုင်ငံပြန်ရောက်မှ ပေးချေနိုင်တဲ့ စနစ်မျိုးတွေကိုအထိ အသုံးပြုနေတဲ့အတွက် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍအနေနဲ့ ရသင့်တဲ့ ဝင်ငွေတွေမရဘဲ နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ တရုတ်ခရီးသွားတွေ ဝင်ရောက်မှုနဲ့  ငွေကြေးသုံးစွဲမှုတွေကို လေ့လာစောင့်ကြည့်ဖို့ အဖွဲ့တွေကိုတောင် ဇွန်လအတွင်းက ရန်ကုန်၊ မန္တလေးနဲ့ ပုဂံဒေသတွေမှာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့တွေက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ခရီးသွားကဏ္ဍအတွင်းက ပြည်တွင်းအဖွဲ့အစည်းတွေ၊ ခရီးသွား လုပ်ငန်းရှင်တွေပါဝင်ပြီး တရုတ် ခရီးသွားတွေကို လေ့လာစောင့် ကြည့် သုံးသပ်တင်ပြမှုတွေ ပြုလုပ်သွားမှာပါ။ အဲဒီအဖွဲ့တွေက သက် ဆိုင်ရာ လေဆိပ်တွေ၊ ကားဂိတ်တွေ မှာ တရုတ်ခရီးသွားတွေကို သူတို့ လည်ပတ်ကြမယ့် ခရီးစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်းကောက်ယူမှာ ဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ တရုတ်ခရီးသွားတွေ လည်ပတ်မယ့် နေရာဒေသ အစီအစဉ်တွေ၊ နေထိုင်စားသောက်ရေး စီစဉ်ပေး တဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ အချက် အလက်တွေနဲ့ ခရီးသွားတွေရဲ့ ငွေကြေးသုံးစွဲမှုပုံစံ စတာတွေကို လေ့ လာပြီး ဝန်ကြီးဌာနကိုပြန်လည်တင် ပြရမှာဖြစ်ပါတယ်။ တကယ်သာ ဒီလို ဇီးရိုးဒေါ်လာဘတ်ဂျက်ခရီး သွားတွေကို စောင့်ကြည့်ထိန်းချုပ် နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အရှေ့ခရီးသွားဝင်ရောက်မှု တိုးတက်လာ သလို ခရီးသွားကဏ္ဍကရရှိတဲ့ ဝင် ငွေသည်လည်း အမှန်တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။

မြန်မာလေကြောင်းလိုင်းတွေ တရုတ်လေကြောင်းလိုင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ပျံသန်းဖို့ ဖြစ်နိုင်မှာလား

အခုလို တရုတ်လေကြောင်းလိုင်း အများအပြား ရန်ကုန်လေဆိပ်နဲ့ ခရီးစဉ်တွေ ချိတ်ဆက်ပျံသန်းပြီး တရုတ်နိုင်ငံသား ခရီးသွားတွေ မြန်မာနိုင်ငံကိုဝင်ရောက်မှု တိုးတက်လာခြင်းက မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်မှုရှိလာတယ်လို့ ပြောနိုင်မှာဖြစ်ပေမယ့် ပြည်တွင်းလေကြောင်းလိုင်းတွေ အနေနဲ့ တရုတ်လေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်ပြီး ပျံသန်းနိုင်ခြင်း မရှိသေးဘူးလို့ မြန်မာအမျိုးသား လေကြောင်းလိုင်း စီအီးအိုဖြစ်သူက ဆိုပါတယ်။

“အခုလက်ရှိတော့ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနဲ့ တရုတ်နိုင်ငံ ချန်ဒူးမြို့ကို ခရီးစဉ် ပျံသန်းနေပါတယ်။ စစချင်းတုန်းက တော့ တစ်ပတ်ကို နှစ်ကြိမ်ပျံတယ်။ အခု မိုးရာသီကာလမှာတော့ တစ် ကြိမ်လျှော့ပြီး တစ်ကြိမ်ပဲ ပျံနေတယ်။ မြန်မာအမျိုးသားလေ ကြောင်းလိုင်းအနေနဲ့ ခရီးစဉ်သစ်ပျံ သန်းဖို့က လေယာဉ်ရှိတိုင်းလည်း ပျံလို့မရဘူးလေ။ စျေးကွက်ကိုလည်း ကြည့်ရမှာပေါ့။ အခုက တရုတ် လေကြောင်းလိုင်းတွေ များနေတော့ တရုတ်လေကြောင်းလိုင်းတွေကိုတော့ မယှဉ်နိုင်ဘူးပေါ့” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စီအီးအို ဦးသန်းထွန်းက ဆိုသည်။

ဗီဇာဖြေလျှော့မှု စတင်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကို တရုတ်ခရီးသွား လာရောက်လည်ပတ်မှု ပိုများလာပြီး မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ်တွေကို စင်းလုံးငှားပြီး ခရီးစဉ်ပျံသန်းမှုတွေ ရှိလာခဲ့တယ် လို့လည်း သိရပါတယ်။ အဲဒီ တရုတ်ခရီးသွားတွေက ချောင်းသာ၊ ငွေဆောင်ကမ်းခြေများကိုသွားဖို့ ပုသိမ်နဲ့ ပုဂံကို လည်ပတ်ဖို့ ညောင်ဦးကို မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ်တွေကို စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းမှုတွေ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ကလည်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ချိတ်ဆက်ပျံသန်းတဲ့ ဒုတိယမြောက် လေကြောင်းခရီးစဉ် အနေဖြင့် ဟန်ကျိုးမြို့ကို ဇူလိုင် ၁၇ ရက်မှ စတင်ပျံသန်းခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း (MAI) အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုစလုံးကနေ တရုတ်နိုင်ငံ ဟန်ကျိုးမြို့ကို လေကြောင်းခရီးစဉ် ပျံသန်းသွားမှာ ဖြစ်ပါတယ်။

မြန်မာလေကြောင်းလိုင်းတွေ အနေနဲ့ တရုတ်ခရီးသွား ဝင်ရောက်မှု အလားအလာကို မျှော်ကိုးပြီး အခုလို တရုတ်ခရီးစဉ်တွေ တိုးချဲ့ပျံသန်း နေကြပေမယ့် တရုတ်နိုင်ငံက လေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ကတော့ ခက်ခဲတဲ့ရုန်းကန်မှုတွေကို ပြုလုပ်ရမှာတော့ အသေအချာပါပဲ။

တရုတ်လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ China Eastern လေကြောင်းလိုင်းက မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ပျံသန်းတဲ့ ကိုးခုမြောက် ခရီးစဉ်အဖြစ် ရှန်ဟိုင်း-ရန်ကုန် ခရီးစဉ်ကို ပြီးခဲ့တဲ့ ဇွန်လက စတင်ပျံသန်းခဲ့ပါတယ်။ ဒီလေကြောင်းလိုင်းအနေနဲ့ ကူမင်း-မန္တလေး၊ ကူမင်း-ရန်ကုန်၊ ကူမင်း-နန်နင်း-ရန်ကုန်၊ ဘီဂျင်-ကူမင်း-နေပြည်တော်၊ ရှန်ဟိုင်း-မန္တလေး၊ ဟူးဟန် (Hoohot) -ကူမင်း-ရန်ကုန်၊ ဝူဟမ်-ရန်ကုန်၊ ဝူဟမ်-မန္တလေး စတဲ့ခရီးစဉ်တွေကို ပျံသန်းနေပြီး အခုပျံသန်းတဲ့ ရှန်ဟိုင်း-ရန်ကုန် ခရီးစဉ်က ကိုးခုမြောက်ပျံသန်းတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ် ကိုးခုအထိ အများဆုံး ချိတ်ဆက်ပျံသန်းနေတဲ့ China Eastern Airlines ဟာဆိုရင် ၂၀၁၉ ခုနှစ်အတွင်း ခရီးသွား ၃၆၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင်နိုင်ရန် မျှော်မှန်းထားတယ်လို့လည်း ရှန်ဟိုင်း-ရန်ကုန် စတင်ပျံသန်းတဲ့ ဇွန် ၁၉ ရက်မှာ လေကြောင်းလိုင်း တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

“ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက် ခရီးစဉ် ပျံသန်းပြေးဆွဲမှုက နိုင်ငံတကာကို သွားရောက်မယ့် ခရီးသည်တွေအတွက် ရှန်ဟိုင်းမြို့မှတစ်ဆင့် အခြားနိုင်ငံများကို ပိုမိုလွယ်ကူစွာ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။ China Eartern Airlines အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ခရီးသည်ပေါင်း ၃၆၀,၀၀၀ အထိ သယ်ယူ ပို့ဆောင်နိုင်ဖို့ မျှော်မှန်းထားပါတယ်” လို့ China Eastern Airlines က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တရုတ်လေကြောင်းလိုင်းတွေရဲ့ မြန်မာပြည်စျေးကွက်ကို ပစ်မှတ်ထား ဝင်ရောက်မှုတွေမှာ စရိတ်နည်း လေကြောင်းလိုင်းတွေတောင် ပါဝင်လာခဲ့ပါတယ်။

တရုတ်နိုင်ငံက စရိတ်နည်း လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Spring Airlines က ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ်ကို ဇူလိုင် ၈ ရက်ကစပြီး တစ်ပတ်လေးကြိမ် စတင်ပျံသန်းခဲ့ပါတယ်။ Spring Airlines ဟာ ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ်ကို ခရီးသွား ၁၈၆ ဦး လိုက်ပါစီးနင်းနိုင်မယ့် Airbus A 320 လေယာဉ် အမျိုးအစားနဲ့ ပျံသန်းသွားမယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၂ လိုင်းက အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၃ ခု ပြေးဆွဲနေတဲ့နေရာမှာ တရုတ်နိုင်ငံ လေကြောင်းလိုင်း ၁၀ ခုက ခရီးစဉ် ၁၆ ခုနဲ့ အများဆုံး ပျံသန်းနေတာလည်း ဖြစ်ပါတယ်။ အခုလို တရုတ်လေကြောင်းလိုင်းတွေ အပြိုင်အဆိုင် မြန်မာနိုင်ငံနဲ့ လေကြောင်းခရီးစဉ်တွေ ပျံသန်းနေကြတဲ့နည်းတူ မြန်မာလေကြောင်းလိုင်း တွေကလည်း တရုတ်နိုင်ငံကို ခရီးစဉ်သစ်တွေ ပျံသန်းနိုင်မယ် ဆိုရင်တော့ တရုတ်ခရီးသွား တိုးတက်မှုက အခက်အခဲတွေကြားက ရုန်းကန်ရပ်တည်နေရတဲ့ မြန်မာလေကြောင်းလိုင်းတွေအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာနိုင်မှာပဲ ဖြစ်ပါတယ်။

 

Most Read

Most Recent