လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် မျှော်လင့်နေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် မျှော်လင့်နေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အစိုးရ၏ NRPC တာဝန်ရှိသူများနှင့် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ကိုယ်စားလှယ်များ ဇွန် ၃၀ ရက်က မိုင်းလားဒေသတွင် တွေ့ဆုံစဉ်
အစိုးရ၏ NRPC တာဝန်ရှိသူများနှင့် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ကိုယ်စားလှယ်များ ဇွန် ၃၀ ရက်က မိုင်းလားဒေသတွင် တွေ့ဆုံစဉ်
Published 20 July 2019
မင်းနိုင်စိုး

လက်ရှိအစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA တွင် ပါ ဝင်လက်မှတ်ရေးထိုးရန် မျှော်လင့်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

(၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ NLD ပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှု များကို ဖြေကြားရာတွင် ဒေါက်တာမျိုးညွန့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အစိုးရသက်တမ်းအတွင်း  NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေး NLD ပါတီက မည်သို့မျှော်လင့်ထားကြောင်း မေးမြန်းမှုအပေါ် “ကျွန်တော်တို့ကတော့ အ ကောင်းဆုံးမျှော်လင့်ပါတယ်။ အားလုံးပါဝင်လာဖို့တော့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လက်ရှိ အစိုးရသက်တမ်းအတွင်း  ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည်။

ထို့ပြင် လက်ရှိအချိန်တွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရပ်တန့်နေကြောင်း ဆွေးနွေးဖက်အသီးသီးက လက်ခံထားကြသော်လည်း ၎င်းအနေဖြင့်မူ ထိုသို့ပြောဆိုမှုကို လက်မခံကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လမ်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုလမ်းစဉ်မျိုးက ရှေ့တိုး၊ နောက်ဆုတ်တာ နှေးကွေးသွားတာ၊ မြန်လာတာ  ရှိတတ်ပါတယ်။ အဲဒီတော့ ဒါက ရပ်တန့်နေ တယ်ဆိုတာကိုတော့ ကျွန်တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြားမှာ အလွတ်သဘော ဆွေးနွေးမှုတွေကို မပြတ်လုပ်နေပါတယ်။ အဲဒီမှာ သဘောတူညီချက်တစ်ခုရတာနဲ့ ရှေ့ကို တစ်ဟုန်ထိုးတိုးတက်မှုတွေ ရနိုင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် KIA ၊ MNDAA ၊ TNLA ၊ AA တို့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် လက်ရှိတွင် ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးနေပြီး လတ်တလောတွင် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့အကြား ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်  အဆိုပြုချက်မူကြမ်းများကို အပြန်အလှန်ပေးပို့ထားကြသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ ယခု လကုန်ပိုင်းတွင် တွေ့ဆုံရန် လျာထားပြီး အကယ်၍ တွေ့ဆုံပွဲဖြစ်မြောက်ပါက နှစ်ဖက် အပြန်အလှန်ပေးပို့ထားသော ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အဆိုပြု ချက်မူကြမ်းများအပေါ် ဆွေးနွေးကြမည်ဖြစ်သည်။           

 

 

Most Read

Most Recent