တပ်မတော်ကို တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားပြီး ဘာသာပေါင်းစုံပါရှိကာ တပ်တွင်း၌ပင် ဘာသာရေး နှိပ်ကွပ်မှုမရှိဘဲ ပြင်ပတွင်လုပ်ရန်မှာ ပြောစရာမလိုကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

တပ်မတော်ကို တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားပြီး ဘာသာပေါင်းစုံပါရှိကာ တပ်တွင်း၌ပင် ဘာသာရေး နှိပ်ကွပ်မှုမရှိဘဲ ပြင်ပတွင်လုပ်ရန်မှာ ပြောစရာမလိုကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 19 July 2019

တပ်မတော်ကို တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားပြီး ဘာသာပေါင်းစုံပါရှိကာ တပ်တွင်း၌ပင် ဘာသာရေးနှိပ်ကွပ်မှုမရှိဘဲ ပြင်ပတွင်လုပ်ရန်မှာ ပြောစရာမလိုကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီး၍ ၀ါရှင်တန်တွင် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သော ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာဝန်ကြီးများအဆင့် အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဘာသာရေး နှိပ်ကွပ်ခံရသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်တွင် ဇူလိုင် ၁၇ ရက်က လက်ခံတွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံမှ လေးဦးပါဝင်ကြောင်း နိုင်ငံတကာ သတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ဘာသာရေး ဖိနှိပ်ခံရသူများကို အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရန့်က ဖိတ်ခေါ်တွေ့ဆုံရာတွင် ၎င်းတို့၏ ကြောက်မက်ဖွယ်အတွေ့အကြုံများ၊ အခက်အခဲများနှင့် ခံစားချက်များကို ထရန့်က မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ဒုက္ခသည်များအရေးဆောင်ရွက်နေသူ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်ပြည်နယ်၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ တပ်မတော်က ခရစ်ယာန်များကို နှိပ်ကွပ်မှုများ ရှိနေကြောင်း ပြောပြခဲ့သည်ဟု နိုင်ငံတကာသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

ထိုသို့ တပ်မတော်အနေဖြင့် ခရစ်ယာန်များအပေါ် ဘာသာရေးနှိပ်ကွပ်မှု ရှိနေကြောင်း ပြောဆိုမှုနှင့်ပတ်သက်၍  သဘောထားမှတ်ချက်ပေးရန် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပထမဦးဆုံး ပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်က တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါပါတယ်။ နောက်ပြီးတော့ တပ်မတော်ထဲမှာလည်း ဘာသာပေါင်းစုံ ပါပါတယ်ခင်ဗျာ။ ဘာသာပေါင်းစုံ ရှိပါတယ်။ တပ်မတော်ထဲမှာ ဗုဒ္ဓဘာသာရှိတယ်။ ခရစ်ယာန်ရှိတယ်။ နောက် မွတ်စလင်တွေလည်း ရှိပါတယ်။ အဲဒီတော့ အဲဒီဟာနဲ့ပတ်သက်လို့ (ဘာသာရေးနှိပ်ကွပ်မှု) ကျွန်တော်တို့ တပ်မတော်အတွင်းထဲမှာကို မရှိပါဘူး။ ကျန်တဲ့ ပြင်ပမှာ လုပ်ဖို့မပြောပါနဲ့” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ဒေါက်တာခလမ်ဆမ်ဆွန် တင်ပြခဲ့သည့် အချက်များမှာ မြန်မာနိုင်ငံတွင် ခရစ်ယာန်များကို တပ်မတော်က ဖိနှိပ်၊ နှိပ်ကွပ်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန် အခွင့်အရေးများစွာ မရရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရကို ခုခံတိုက်ခိုက်နေရကြောင်း တင်ပြခဲ့သည်ဟု ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

“ဘာသာရေးလွတ်လပ်ခွင့် ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ တန်းတူရည်တူဆောင်ရွက်ခွင့် ပေးပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောကြားချက်များနှင့် ပတ်သက်၍ တပ်မတော်က ဒေါက်တာခမ်ဆမ်ဆွန်အား တွေ့ဆုံဆွေးနွေးရှင်းလင်းပြောကြားမှုများ ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအပေါ် လတ်တလောတွင် ပြောကြားနိုင်ခြင်းမရှိသေးကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent