ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ မရှိနှင့် ပတ်သက်၍ နှစ်ဖက်လျှောက်လဲ ကြားနာခဲ့ပြီး အမိန့်ချမှတ်မည့်ရက်ကို ထုတ်ပြန် ကြေညာမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ မရှိနှင့် ပတ်သက်၍ နှစ်ဖက်လျှောက်လဲ ကြားနာခဲ့ပြီး အမိန့်ချမှတ်မည့်ရက်ကို ထုတ်ပြန် ကြေညာမည်
Published 19 July 2019
နေရိုင်း၊ ဇေယျာထွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ မရှိနှင့် ပတ်သက်၍ နှစ်ဖက်လျှောက်လဲ ကြားနားခဲ့ပြီး အမိန့်ချမှတ်မည့်ရက်ကို ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်ပါ ၂၅ ဦးက မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းသည့် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းကြောင်းအဆိုကို အတည်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထား ရယူပေးရန်” ဟု ဖော်ပြထားသော တင်သွင်းလွှာပါ အကြောင်းအရာသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ မရှိနှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်က နှစ်ဖက် လျှောက်လဲ ကြားနာခဲ့ကြောင်း သိရသည်။

ယင်းသို့ နှစ်ဖက် လျှောက်လဲကြားနာပြီးနောက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ မရှိနှင့် ပတ်သက်၍ အမိန့်ချမှတ်မည့်ရက်ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဝက်ဘ်ဆိုက်တွင် ကြေညာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုလွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းကော်မတီ ဆောင်ရွက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) နဲ့ ညီညွတ်ခြင်း ရှိ မရှိဆိုပြီး သဘောထားမှတ်ချက် စိစစ်ပေးဖို့ တောင်းတာ။ တောင်းတော့ အဓိကအချက်က ကျန်တဲ့ အကြောင်းအခြင်းအရာကတော့ ဘာမှအထူးပြောစရာ မရှိဘူး။ အဓိကအချက် ဘာလဲဆိုတော့ အဲဒီတင်ပြတဲ့ တင်ပြချက်က ခုံရုံးက စိစစ်ပိုင်ခွင့်၊ စီရင်ပိုင်ခွင့် ရှိ မရှိဆိုတဲ့ ဥပဒေပြဿနာကို ပထမ ကနဦး ကန့်ကွက်လွှာ တင်တာပါ။ ဒါက ခုံရုံးက စိစစ်ပိုင်ခွင့် မရှိဘူး။ ခုံရုံးရဲ့ စီရင်ပိုင်ခွင့်ထဲမှာ မရှိဘူး။ သူတို့ တင်ပြတဲ့ ဦးတည်ချက်ထဲမှာကိုက ကိုးကားတဲ့ ဥပဒေချက်ထဲမှာကိုက ဒါက ခုံရုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး” ဟု ပြည်ထောင်စုလွှတ်တော် အခွင့်ရကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ဆက်လက်၍ “အဓိကအချက် လိုတိုရှင်း ပြောရမယ်ဆိုရင် အခုလွှတ်တော်မှာ လုပ်နေတဲ့ ပူးပေါင်းကော်မတီ ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) မှာပါတဲ့အတိုင်း ပြင်ဖို့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃ မှာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ရေး ဥပဒေကြမ်းလိုတယ်။ အဲဒီ ဥပဒေကြမ်းကို တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲနဲ့ ပြည်ထောင်စု လွှတ်တော်မှာရှိတဲ့  နိုင်ငံရေး အစုအဖွဲ့တွေ အကုန်ပါအောင် ဥပဒေကြမ်းအတွက် ဖြစ်မြောက်ရေးအတွက်ကို ကြိုးစားနေတဲ့အဆင့် ရှိတယ်။ ဒါကြောင့် အခန်း (၁၂) ထဲကို မရောက်သေးဘူး။ ၄၃၃ နဲ့ လုပ်ရမယ့်အဆင့်ကို မရောက်သေးဘူး။ မရောက်သေးတဲ့ ဒီအဆင့်မှာ မရောက်သေးတဲ့ဟာနဲ့ ညီညွတ်ခြင်း ရှိ မရှိဆိုတာ လာပြီး ကန့်ကွက်နေတဲ့ အခါကျတော့ မမွေးသေးတဲ့ ကလေး ကင်ပွန်းတပ်ဖို့ ကြိုးစားနေသလို ဖြစ်နေတယ်။ အခုပေါ်ပေါက်လာတဲ့ တင်သွင်းသွားတဲ့ ကိစ္စဟာ ခုံရုံးရဲ့ စီရင်ပိုင်ခွင့်ဘောင်ထဲမှာ မရှိဘူးဆိုတဲ့ အချက်ကတော့ တင်ပြချက်များအရ ပေါ်လွင်လာတယ်။ အမိန့်ကို စောင့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ စိစစ်ပိုင်ခွင့် ရှိသည့်အထဲမှ စိစစ်ခွင့်ရှိခြင်းသည် ဥပဒေပြု အဖွဲ့အစည်းများက ပြဋ္ဌာန်းလိုက်ပြီးဖြစ်သော ဥပဒေကို ညီညွတ်ခြင်း ရှိ မရှိနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်၏ ဆောင်ရွက်ချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက အဆုံးအဖြတ်ပေးခွင့် ရှိကြောင်း ဦးအောင်ကြည်ညွန့်က ဆိုသည်။

“တစ်ဖက်ကလာတဲ့ လျှောက်လဲချက်ကိုလည်း လေးစားဖို့ ကောင်းပါတယ်။ သူအများကြီးရှင်းပြီး နောက်ဆုံးကျတော့  အခုသူတို့ တင်သွင်းလိုက်တဲ့ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်ပါတဲ့ ဒီအဆိုဟာ ဥပဒေပြု အဖွဲ့အစည်းက လုပ်လိုက်တဲ့ ဥပဒေအပေါ်မှာ သုံးသပ်ခိုင်းတာလို့ မယူဆဘူး။ ဥပဒေပြု လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ စိစစ်ခိုင်းတာလို့သာ ယူဆပါတယ်။ ဒါကြောင့်မို့လို့ သင့်တော်တဲ့ အမိန့်ချပေးဖို့ ပြောသွားတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ မိမိရဲ့ ပညာရပ်အပေါ်မှာ ရပ်တည်ပြီး ပေးသွားတယ်။ ဒါဆိုရင် ခုံရုံးရဲ့ စီရင်ပိုင်ခွင့် မရှိဘူး ဆိုတာတော့ ပညာရပ်အရလည်း သူလည်း လက်ခံသွားတယ်” ဟု ဦးအောင်ကြည်ညွန့်က ဆက်လက် ပြောကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းထားသည့် အဆိုလွှာ ၂/၂၀၁၉ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကန့်သတ်ထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်ထဲတွင် အကျုံးဝင်ခြင်း မရှိသော်လည်း ခုံရုံးအနေဖြင့် ဥပဒေနှင့်အညီ အမိန့်တစ်ခု ချမှတ်ပေးရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ကိုယ်စားလှယ်က အကြံပြုလျှောက်လဲခဲ့သည်။

 

Most Read

Most Recent