ဖမ်းဆီးခံထားရသည့် ရခိုင်လူမှုအဖွဲ့အစည်း (စင်ကာပူ) မှ ခြောက်ဦးအား မိသားစုနှင့် တွေ့ဆုံခွင့်ရရှိရေး အကူအညီပေးရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီသို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အကူအညီတောင်းခံ

ဖမ်းဆီးခံထားရသည့် ရခိုင်လူမှုအဖွဲ့အစည်း (စင်ကာပူ) မှ ခြောက်ဦးအား မိသားစုနှင့် တွေ့ဆုံခွင့်ရရှိရေး အကူအညီပေးရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီသို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အကူအညီတောင်းခံ
Published 18 July 2019
ဉာဏ်လင်းထွန်း

ရခိုင်လူမှုအဖွဲ့အစည်း (စင်ကာပူ) မှ ခေါင်းဆောင်ခြောက်ဦးကို ဖမ်းဆီးထားသည့် နေရာအား သိရှိနိုင်ရေး၊ မိသားစုနှင့် တွေ့ဆုံခွင့် ရရှိရေးတို့အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ အနေဖြင့် ကူညီပေးရန် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့က ဇူလိုင် ၁၇ ရက်တွင် အကူအညီတောင်းခံထားကြောင်း သိရသည်။

ကော်မတီဥက္ကဋ္ဌထံ တရားဝင်စာရေးသား ပေးပို့တောင်းဆိုထားခြင်းဖြစ်ပြီးစာတွင် ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့ နှစ်ဦး အမည်သာ ပါဝင်သော်လည်း ခြောက်ဦးစလုံးအတွက် ရည်ရွယ်အကူအညီတောင်းခြင်းဖြစ်သည်ဟု အကူအညီတောင်းခံရာတွင် ပါဝင်သည့် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ အခင်းအကျင်းတွေအရ စစ်ကြောရေးတွေမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ပြီးတော့ စစ်ဆေးတာတွေ ရှိခဲ့တယ်။ တချို့အသက်ပါ သေဆုံးသွားတဲ့အခြေအနေတွေ ရှိတယ်ဆိုတော့ အဲဒါတွေကို စိုးရိမ်ကြတဲ့ အခြေအနေမျိုးရှိတယ်။ ကောလာဟလသတင်းတွေကလည်း တက်လာတော့ မိသားစုတွေက အရမ်းကို စိုးရိမ်နေကြတာပေါ့။ ဘယ်မှာထိန်း သိမ်းထားတယ်။ ဘယ်လိုပုဒ်မမျိုးတွေနဲ့ စွဲချက်တင်တယ်ဆိုတာ မသိရဘူး။ ဒီခြောက်ယောက်လုံးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌကို အကူအညီတောင်းတဲ့အခါမှာ  On Paper လေးလုပ်လိုက်ပါ။ Official ဖြစ် အောင်ပေါ့လေဆိုတော့ လောလောလတ်လတ် ကျွန်တော်တို့နဲ့ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်တွေရှိတဲ့သူတွေကို ထည့်လိုက်ရတဲ့ အခြေအနေမျိုးဖြစ်သွားတာပေါ့။ အကူအညီတောင်းတာတော့ ခြောက်ယောက်လုံးအတွက် တောင်းတာပေါ့” ဟု ဦးဦးထွန်းဝင်းက ပြောကြားသည်။

ရခိုင်လူမှုအဖွဲ့အစည်း (စင်ကာပူ) မှ ခေါင်းဆောင်ခြောက်ဦးသည် AA တပ်ဖွဲ့ကို ထောက်ခံအားပေးပြီး ရန်ပုံငွေ ကောက်ခံပေးနေသည်ဆိုသော စင်ကာပူနိုင်ငံ ပြည်ထဲရေးက ဇူလိုင် ၆ ရက်နှင့် ၇ ရက်က  ဖမ်းဆီးစစ်ဆေးပြီး ဇူလိုင် ၁၀ ရက်က ပြည်နှင်ဒဏ်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းနှင့် မည်သည့်အဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြည်နှင်ဒဏ်ပေးခံရသည့် ရခိုင်လူမှုအဖွဲ့အစည်း (စင်ကာပူ) မှ ခေါင်းဆောင်ခြောက်ဦးမှာ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ ကိုတင်လှိုင်ဦး နှင့် မအေးမြတ်မွန်တို့ဖြစ်ပြီး ကိုအောင်မြတ်ကျော်မှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ညီတော်စပ်သည်ဟု သတင်းများထွက် ပေါ်နေသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ အကူအညီတောင်းခံမှုနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအတွင်းရေးမှူး ဦးတင်မြင့်ကို ညနေ ၄ နာရီ ခန့်က ဆက်သွယ်မေးမြန်းရာ ၎င်းအစည်းအဝေး တက်ရောက်နေကြောင်း ဖုန်းလက်ခံဖြေကြားသူက ဆိုသည်။

ဦးတင်မြင့်သည် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သည်။

ကော်မတီဥက္ကဋ္ဌမှာ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က ဒုဥက္ကဋ္ဌများအဖြစ်ပါဝင် သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက မတ် ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent