နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရွှေတောင်ဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းသည့် ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာရှိ အောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရွှေတောင်ဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းသည့် ကော့မှူးမြို့နယ် ဆင်ခြံကျေးရွာရှိ အောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဆရာမများ၊  ကျောင်းသားကျောင်းသူများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
Published 18 July 2019

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာအောင် ဇမ္ဗူဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်း၌ ရွှေတောင်ဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းသည့် အောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း RC နှစ်ထပ်ကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၁၈ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် ကော့မှူးမြို့ နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရိယတ္တိကျောင်းတိုက်သို့ ရောက်ရှိရာ ကော့မှူးမြို့နယ် သံအိုင်ကျေးရွာ ခရစ်ယာန်အသင်းတော် တယောအဖွဲ့မှ လူငယ်များက ‘ဇာတိမာန်’ သီချင်းဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောင်ဇမ္ဗူပရိယတ္တိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာအား ဖူးမြော်ကြည်ညိုပြီး ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေတောင်ဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းသည့် အောင်ဇမ္ဗူလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ကြောင်း သတင်းထုတ်ပြန်မှုတွင် ရေးသားထားသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး စာသင်ခန်းများအတွင်း လိုက်လံကြည့်ရှုကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ဆက်လက်၍ ရွှေတောင်ဖောင်ဒေးရှင်း နာယက ဦးအိုက်ထွန်းက ကျောင်းဆောင်သစ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရဲမြင့်က ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဂေဟာမှူး ဦးမင်းသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပညာရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေသည့် နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေအုပ်က ကျောင်းဆောင်သစ် လှူဒါန်းသည့်အတွက် ဝမ်းမြောက်စကားပြောကြားခြင်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ ပြည်တွင်း၊ ပြည်ပအလှူရှင်များက သန့်စင်ခန်း၊ ကွန်ပျူတာစားပွဲ၊ စာရေးထိုင်ခုံ၊ ကျောင်း အားကစားကွင်း၊ ရေစင်အဆောက်အအုံ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ရေသန့်ဘူးများ၊ ကျောင်းသုံးပရိဘောဂများနှင့် ပတ်သက်သည်များကို ပေးအပ်လှူဒါန်းခြင်း၊ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။ အဆိုပါကျောင်းဆောင်သစ်မှာ RC နှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး စာသင်ခန်းရှစ်ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း သိရသည်။

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောင်ဇမ္ဗူပရိယတ္တိ ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရွှေတောင်ဖောင်ဒေးရှင်း တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။