နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဘာသာရေးနှိပ်ကွပ်မှုခံရသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတက အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံမှ လေးဦး ပါဝင်

နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဘာသာရေးနှိပ်ကွပ်မှုခံရသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတက အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံမှ လေးဦး ပါဝင်
အိမ်ဖြူတော်၌ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Samson Hkalam ဒေါ်နယ်ထရန့်ကို တင်ပြနေစဉ်
အိမ်ဖြူတော်၌ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Samson Hkalam ဒေါ်နယ်ထရန့်ကို တင်ပြနေစဉ်
Published 18 July 2019

အမေရိကန် နိုင်ငံခြားရေးဌာနက ဦးစီး၍ ၀ါရှင်တန်တွင် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သော ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာဝန်ကြီးများအဆင့် အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ  ဘာသာရေး နှိပ်ကွပ်မှုခံရသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်တွင် ဇူလိုင် ၁၇ ရက်က လက်ခံတွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံမှ လေးဦးပါဝင်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ထရန့်က “လူတွေ အနေနဲ့ နိုင်ငံတွင်းမှာ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် မရဘူးဆိုရင်ကျန်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရဖို့ အန္တရာယ်ရှိပြီး လွတ်လပ်မှုဆိုတာလည်း အဓိပ္ပာယ်မရှိတော့ပါဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ထောက်ခံအားပေးဖို့ မနားမနေ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ လာရောက်ကြတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုက္ခတွေ အများကြီး ဖြတ်ကျော်ခဲ့ရသူတွေဖြစ်တဲ့အတွက် ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ ကျွန်တော့်အနေနဲ့ အမြဲရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ဘာသာရေး ဖိနှိပ်ခံရသူများကို အိမ်ဖြူတော်၌ ထရန့်က ဖိတ်ခေါ်တွေ့ဆုံရာတွင် ၎င်းတို့၏ကြောက်မက်ဖွယ် အတွေ့အကြုံများ၊ အခက်အခဲများ၊ ခံစားချက်များကို ထရန့်က မေးမြန်းခဲ့ပြီး ၎င်းတို့ အနေဖြင့် ပြောကြားခွင့်ရရှိခဲ့သည်။ ယင်းတို့ အနက် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ဒုက္ခသည်များအရေး ဆောင်ရွက်နေသူ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ Samson Hkalam က ကချင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားနေပြီး တပ်မတော်က ခရစ်ယာန်များကို နှိပ်ကွပ်မှုများရှိနေကြောင်း ပြောပြခဲ့သည်။

ဖိတ်ကြားခဲ့သူများထဲတွင် ကချင်ဘက် ပတစ်သင်းအုပ်ဆရာတစ်ဦးဖြစ်သူ လန်ဂျော်ဂမ်ဆိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်း၌ ခိုလှုံနေထိုင်နေသူဖြစ်ပြီး ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် မိုဟစ်အယ်လာနှင့် မွတ်စလင်အသိုင်းအဝိုင်းအတွက် နိုင်ငံတကာက အာရုံစိုက်လာအောင် စည်းရုံးလှုပ်ရှားနေသည့် မဝေဝေနုတို့လည်း ပါဝင်ခဲ့သည်။

မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန် နစ္စတန်၊ အီရန်၊ အီရတ်၊ ဆူဒန်၊ ယီမင်၊ အီရစ်ထရီးယား၊ တူရကီ စသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဘာသာရေးနှိပ်ကွပ်မှုများကြောင့် အသက်မသေဘဲ လွတ်မြောက်လာသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အီရတ်နိုင်ငံတွင် IS စစ်သွေးကြွများ၏ နှိပ်ကွပ်မှုကိုခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်လာခဲ့သည့် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Yezidi အမျိုးသမီး နာဒီယာမူရက်လည်း ပါဝင်ခဲ့ပြီး Yezidi များ နေရပ်ပြန်နိုင်ရေးအတွက် အမေရိကန်က အကူအညီပေးရန် ၎င်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

                                  Ref ; VOA,AFP

Most Read

Most Recent