ထီးချက်စောင့်နတ်သမီး၏ ကံကြမ္မာ (၁)

ထီးချက်စောင့်နတ်သမီး၏ ကံကြမ္မာ (၁)
ကလေးငယ်အမှုမှ စွပ်စွဲခံရသူ အောင်ကြီးအား ဇူလိုင် ၁၅ ရက်က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မင်းသိန်း)
ကလေးငယ်အမှုမှ စွပ်စွဲခံရသူ အောင်ကြီးအား ဇူလိုင် ၁၅ ရက်က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မင်းသိန်း)
Published 18 July 2019
ဦးသိန်းသန်းဦး မြန်မာနိုင်ငံရှေ့နေများကွန်ရက်

 

မျက်မှောက်အခြေအနေတွင် သမီးငယ်လေး ဗစ်တိုးရီးယား၏ မကြားဝံ့မနာသာ ကိစ္စမှာ လူမှုကွန်ရက်တွင် လျင်မြန်စွာပျံ့နှံ့ သွားပြီး တရားမျှတမှုအတွက် ပြည်သူအများ နိုးကြားတက်ကြွစွာ ပါဝင်တောင်းဆိုလာ ကြသည်။

ပြစ်မှုမြစ်ဖျားခံရာ Wisdom Hill မူ ကြိုကျောင်းနှင့်ပတ်သက်၍လည်း စေ့စေ့စပ်စပ် မေးမြန်းထားကြသည်။ ဘယ်သူတွေ ပိုင်သလဲ၊ ဘယ်လိုဖွင့်လှစ်ထားသလဲ၊ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲ၊ မူကြိုကျောင်းက ဆရာ၊ ဆရာမများ၏ ပညာအရည်အသွေး ပြုစုစောင့်ရှောက်မှု၊ ကျောင်းသားကျောင်းသူ ကလေးများအပေါ် တာဝန်ယူမှု၊ တာဝန် ခံမှုကိုလည်း မေးခွန်းထုတ်လာကြသည်။

ထို့အတူ အမှုကိုကိုင်တွယ်စုံစမ်းပုံနှင့် ပတ်သက်၍လည်း တရားခံအစစ်အမှန် မပေါ်တရားမျှတမှုမရှိဘဲ အမှုနိဂုံးချုပ်သွားမှာကိုလည်း စိုးရိမ်ကြသည်။ တရားစီရင်ရေးကိုလည်း သံသယဖြစ်ကြသည်။ ဤအခြေအနေတွင် တရားခွင်သို့ ရောက်ရှိနေသည့်အမှုကို စကားဦးသန်းခွင့်မရှိ၊ ကြိုတင်မှတ်ချက် ပေးရန်လည်း အကြောင်းမရှိ၊ တရားမျှတမှု ဖော်ဆောင်နိုင်ရေး (Access to Justice) အတွက် စဉ်းစားဖွယ်နည်းလမ်းများနှင့် ဥပဒေနှင့် မနီးစပ်သော သာမန်ပြည်သူများ သိရှိသင့်သည့် အချက်အချို့ကို ကမ္ပည်းတင် လိုက်ပါသည်။

(က) DNA  ပြဿနာ

DNA ဆိုသည်မှာ မော်လီကျူးဇီဝဗေဒ Molecular Biology ဆိုင်ရာအသုံးဖြစ်ပြီး အပြည့်အစုံမှာ Deoxyribonucleic Acid ဖြစ်သည်။ ကြောင်လိမ်လှေကားသဖွယ် အပြန်အလှန် ရစ်ပတ်လျက်ရှိသည့် မော်လီကျူးအစုအဝေးဖြစ်သည်။ ဇီဝအစုအဝေးယူနစ် (ဥမါညေငျာျ) နှင့် ဗိုင်းရပ်စ်ရောဂါပိုးများ၏ မျိုးရိုးဗီဇလက္ခဏာချက်များ ပါဝင်သည်။ မှုခင်းဆေးသိပ္ပံပညာရှင်များကသွေး၊ ကိုယ်တွင်းအရည်ကြည် (Semen)၊ အရေပြား (Skin)၊ တံတွေး (Saliva) (သို့)ဆံမျှင်စ (Hair) တို့ကို မှုခင်းဖြစ်ပွားရာမှ စုဆောင်း၍ ယင်းတွင်ပါရှိသော DNA နှင့် တရားခံ၏ DNA တို့ကို တိုက်ဆိုင်စစ်ဆေးခွဲခြားကြသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနတွင် ရန်ကုန်မြို့၌ အမျိုးသားဓာတ်ခွဲဌာနရှိသည်။ ထိုဌာန၌ DNA စစ်ဆေးပေးနေ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ဖြေဆိုခဲ့သည်။ ပြည်ထဲရေးဝန်ကြီးလက်အောက်ရှိ မှုခင်းတပ်ဖွဲ့ CID တွင်လည်း DNA စစ်ဆေးနိုင်သည့် ဌာနရှိသည်။

ခိုတောင်ကျွန်းလူသတ်မှုတွင် DNA ပြဿနာပေါ်ခဲ့သည်။ (၁၅-၉-၂၀၁၄) ညတွင် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးဖြစ်သည့် ဟန်နာဝစ်သရစ်(ဂျ်) (Hannah Witheridge) နှင့် ၎င်း၏အဖော် ဒေးဗစ်မေလာ (David Miller) တို့အသတ်ခံခဲ့ရသည်။ ဟန်နာမှာ မတရားပြုကျင့်ခြင်းလည်း ခံခဲ့ရသည်။

ထိုင်းရဲတပ်ဖွဲ့က DNA စစ်ဆေးနည်းဖြင့် အမှုကိုကိုင်တွယ်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မတရားပြုကျင့်မှုဖြင့် ဖမ်းဆီးတရားစွဲခဲ့သည်။ မှုခင်းဆေးပညာရှင်ဒေါက်တာ ပွန်သစ် ရိုဂျနာဆူနန် (Dr Pornthip Rojana Sunand) က ယင်းအမှုတွင် DNA စစ်ဆေးရာ၌ ပါဝင်ခဲ့သူဖြစ်သည်။ သူမသည် ထိုင်းဗဟိုမှုခင်းဆေးပညာသိပ္ပံ (Central institute of Forensic Science - CIFS)၏ အကြီးအကဲဖြစ်သည်။ အမှုတွင် လူသတ်လက်နက်အဖြစ် ထိုင်းရဲတပ်ဖွဲ့က သက်သေခံတင်သွင်းခဲ့သည့် ပေါက်ပြားပေါ်တွင်ရှိသည့် DNA မှာ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ DNA နှင့် တူညီခြင်းမရှိကြောင်း အခြားအမည်မသိ အမျိုးသားတစ်ဦး၏ DNA သာဖြစ်ကြောင်း ရုံးရှေ့တွင် သက်သေခံထွက်ဆိုခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ကမူ ဇော်လင်းနှင့် ဝင်းဇော် ထွန်းသောက်ခဲ့သည့်  စီးကရက်တို့မှ ရရှိခဲ့သော DNA သည် ဟန်နာ၏ ကိုယ်ပေါ်မှ တွေ့ရှိသည့် DNA နှင့်တူညီသည်ဟု စွပ်စွဲခဲ့သည်။ သို့ရာတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ သက်သေခံပစ္စည်း စီးကရက်တိုများကို ဖျက်ဆီးပစ်ခဲ့သည်။ အဆိုပါသက်သေခံပစ္စည်းများကို မိမိတို့ စစ်ဆေးခွင့်မရခဲ့ကြောင်း ဒေါက်တာပွန်းသစ်က ထုတ်ဖော်ပြောကြားသည်။

ဗဟိုမှုခင်းဆေးပညာသိပ္ပံဌာန CIFS က စစ်ဆေးခွင့်မရခဲ့သော စီးကရက်တိုများပေါ်မှ ထိုင်းရဲတပ်ဖွဲ့၏ တွေ့ရှိချက်အရ ကော့စမွေတရားရုံးက (၂၄-၁၂-၂၀၁၄) ရက်က မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှုအတွက် သေဒဏ်၊ မုဒိမ်းမှုအတွက် သေဒဏ်၊ ပစ္စည်းခိုးမှု၊ လုယက်မှုအတွက် နှစ် ၂၀၊ ထိမ်ချန်မှု ငါးနှစ်၊ ပူးပေါင်းကြံစည်မှု ငါးနှစ်၊ တရားမဝင် ဝင်ရောက်မှုခြောက်လ၊ ဆက်လက်နေထိုင်မှုခြောက်လ အသီးသီးချမှတ်ခဲ့သည်။ မြန်မာနိုင်ငံသားများ၏ DNA နှင့် ပတ်သက်သည့် ဒုတိယထင်မြင်ချက် (Second Opinion) ရယူရန် လျှောက်ထားမှုမှာလည်း ချက်ချင်းပယ်ချခံခဲ့ရသည်။ ဤမျှဆိုလျှင် DNA အရေးပါမှုကို သာမန်အရပ်သား ပြည်သူများ ရိပ်စားနိုင်သည်ဟု ယူဆပါသည်။

ထို့ကြောင့်ပင် ဗစ်တိုးရီးယားအမှုတွင် DNA မည်သို့ရယူသနည်း။ မည်သည့်နည်းစနစ်ဖြင့် ရယူသနည်း။ သက်သေခံအထောက်အထားများကို မည်သို့မည်ပုံစုဆောင်းရယူ သနည်းဟူသည့် အချက်များတွင် သတိကြီးစွာထား၍ စောင့်ကြည့်ရန် လိုအပ်လာခြင်း ဖြစ်သည်။ သို့ရာတွင် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဗစ်တိုးရီးယားလေး၏ ဘောင်းဘီမှာ ရေစိမ်လိုက်သဖြင့် DNA ပျက်သွားပြီဖြစ်ကြောင်း သိရသည်။

 

လူမှုကွန်ရက်ပေါ်က ဖိအား

မြန်မာနိုင်ငံပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံရေးနွယ်သည့် သတင်းထောက်ကိုပါကြီး အသတ်ခံရမှု၊ လယ်သူမကြီးဒေါ်ခင်ဝင်း အသတ်ခံရမှု၊ ကချင်ကျောင်းဆရာမလေး နှစ်ဦးအသတ်ခံရမှု၊ ငါးလောင်းပြိုင်လူသတ်မှု၊ မူးယစ်ဆေးဝါး တန်ပေါင်းများစွာ ရန်ကုန် မြို့ကြီးတွင် ပိုင်ရှင်မဲ့တွေ့မှုစသဖြင့် ယနေ့တိုင် ဖော်ထုတ်ခြင်းမပြုနိုင်သည့် ရာဇဝတ်မှုများအတွက် ဒေါသူပုန်ထလျက်ရှိသည်မှာ ကြာခဲ့ပေပြီ။ ဤအခြေအနေတွင် သမီးငယ်လေး ဗစ်တိုးရီးယားအမှု ပေါ်ပေါက်သည့်အခါ ယမ်းပုံမီးကျ ဖြစ်ကုန်ကြတော့သည်။ သို့ဖြင့်စုံထောက်ကြီးဦးရှံစား၊ ရဲအုပ်ကြီးဦး အုန်းခွေ၊ ဆားပုလင်းနှင်းမောင်၊ တင်မောင်ဆွေတို့ပါ လူမှုကွန်ရက်ပေါ်ရောက်လာသည်။ အနယ်နယ် အရပ်ရပ်တွင်လည်း သောင်းသောင်းဖြဖြ ဆန္ဒပြကြသည်။

ဤသည်မှာလည်းအဆန်းမဟုတ်။ မြန်မာပြည်သူတို့က ၎င်းတို့၏ကိုယ်တွေ့များအရ တရားရုံးစနစ်ကြီးတစ်ခုလုံးအပေါ် ယုံကြည်မှုပျက်ပြားနေရာ စရိတ်မျှပေးကျန်းမာရေးတို့၊ ကိုယ်ထူကိုယ်ထလမ်းတို့၊ ကိုယ်ထူကိုယ်ထကျောင်းတို့ ခေတ်စားခဲ့သည့် လူ့အဖွဲ့အစည်း၌ ကိုယ်ထူကိုယ်ထ တရားရုံးများကို လူမှုကွန်ရက်ပေါ်တွင် ထူထောင်လာကြခြင်းပင် ဖြစ်ပါသည်။

လူမှုကွန်ရက်ပေါ်က ဖိအားကြောင့် အောင်ရဲထွေးအမှု နောက်ဆက်တွဲ ဖြစ်ရပ် မှန်ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဤဖိအားကြောင့် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက အပြစ်တင်မခံရစေရန် တရားခံမသေချာဘဲ ဆွဲထည့်မှာကို စိုးရိမ်ရပြန်သည်။ လူထုကြီးကလည်း သူတို့အတွေ့အကြုံများအရ တရားစွဲ အဖွဲ့အစည်းဆိုသူများ၏ အကြောင်းကို ကောင်းကောင်းသိထားကြသည် မဟုတ်ပါလား။

 မန္တလေးတွင် လွန်ခဲ့သောလအနည်းငယ်က တရုတ်ဆိုးသွမ်းဆေးသမားလူငယ်များက လာသမျှ ကားကို တုတ်၊ ဓားများဖြင့် ရန်ပြုတိုက်ခိုက်ခဲ့ကြသည်။ အတိုက်ခိုက်ခံရသည့်ကားပေါ်တွင် ကိုးနှစ်အရွယ် စတုတ္ထတန်း ကျောင်းသားအပါအဝင် တက္ကသိုလ်ကျောင်းသား လူငယ်များသာပါဝင်သည်။ တရုတ်ဆိုးသွမ်းဆေးသမားများ၏ တိုက်ခိုက်ပုံကို CCTV မှတ်တမ်းများအရ အသေးစိတ်တွေ့မြင်ရသည်။ လူဝိုင်းလာသည့်အခါ ၎င်းတို့၏ကားကို ပစ်ထားပြီး ထွက်ပြေးကြသည်။ ကားပေါ်တွင် ဓားများ၊ တိုက်ခိုက်ရေး ပစ္စည်းများ တွေ့ရသည်။ အဆိုပါကားပေါ်တွင် ကျန်ရစ်ခဲ့သည့် ကားရေဆေး ဆီလိုက် နှင့် အော်ဒီယိုပစ္စည်းဘောက်ချာအရ ကားပိုင်ရှင်ကို စုံစမ်းရသည်။ ကာယကံရှင်များက ကိုယ့်ဘာသာ စုံစမ်းရခြင်းဖြစ်သည်။

CCTV မှတ်တမ်းများ၊ လက်ကိုင်ဖုန်း၊ စာရွက်စာတမ်း အထောက်အထားများ အပြည့်အစုံရှိပါလျက် ဓားဖြင့်ခုနစ်ချက်ပြင်း ထန်စွာဒဏ်ရာရရှိသည်အထိ တိုက်ခိုက်ခဲ့သူ ၂၅ ဦးကို (၁-၁-၂၀၁၉) ရက် အချင်းဖြစ်ချိန်ကစ၍ ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိ။ အရှိန်အဝါကြောင့် အဆိုပါတရုတ် ဆေးသမား လမ်းသရဲအုပ်စုကို မဖမ်းဝံ့ခြင်း လည်းဖြစ်နိုင်သည်ဟု ပြည်သူများက ထင်မြင်ချက် ပေးနေပါသည်။ ဤအတွေ့အကြုံများအရ တရားစွဲအဖွဲ့အစည်းဆိုသည်များကို ပြည်သူများ မယုံကြည်နိုင်သည်မှာ ဘာမှအံ့သြစရာမရှိ။

 

အမှုအခင်းများနှင့် တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေ

အမှုအခင်းဖြစ်သည်နှင့် သတင်းမီဒီယာများ၊ နိုင်ငံသားဂျာနယ်လစ် (CJ) တို့ သတိပြုသင့်သည့် အချက်များရှိသည်။ ယင်းမှာ ၂၀၁၃ ခုနှစ် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေပင်ဖြစ်သည်။ ယင်းဥပဒေ ပုဒ်မ-၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

ပုဒ်မ-၂

(ခ)တရားရုံးများကို မထီမဲ့မြင်ပြုမှုဆိုသည်မှာ တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုနှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုကို ဆိုသည်။

(ဂ)တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှုဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သော ဆင့်စာကို တမင်သက်သက် မလိုက်နာခြင်းကို ဆိုလိုသည်။

(ဃ)ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုဆို သည်မှာ အောက်ပါ အပြုအမူ တစ်ခုခုအတွက် အကြောင်းအရာတစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားတစ်နည်းဖြင့်ဖြစ်စေ၊ တမင်ထုတ်ဖော်ကြေညာခြင်း၊ သတင်းအဖြစ်ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကိုဆိုသည်-

(၁)တရားရုံးဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း သို့မဟုတ် သေးသိမ်ရန် ဖြစ်တန်စေခြင်း၊

(၂)တရားစီရင်သော မှုခင်းကိစ္စတွင် ဖြောင့်မှန်စွာ ဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း၊

(၃)မှန်ကန်လွတ်လပ်စွာ တရားစီရင် ရေးအပေါ်အများပြည်သူက ယုံကြည်ကိုးစားမှုလျော့နည်းစေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊

(၄)တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစ်စုံတစ်ရာအဆုံးအဖြတ် မပေးရသေးမီ ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း။

သို့ဖြစ်ရာ ပြည်သူများနှင့် အထူးသဖြင့် သတင်းမီဒီယာသမားတို့က ဤအချက်ကို လိုက်နာရလိမ့်မည်ဖြစ်သည်။

လသာမြို့နယ်တရားရုံး၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ်-၂၀၁၇/၈၅ တွင် ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ-၃၀၂ အရ စွဲဆိုသောအမှုကို တရားရုံးက စစ်ဆေးနေစဉ် “ဗိုလ်ချုပ်စျေးသစ်တွင် သေတ္တာထဲထည့်ထားသည့် မိန်းမအလောင်းနှင့် ပြည်လမ်းဘူတာအနီး ရေမြောင်းတွင် ပစ်ထားသည့် ကလေးအလောင်း” ဟူသော ခေါင်းစဉ်ဖြင့် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ကြောင်း ဖော်ပြပြီး ၁၉၈၆ ခုနှစ် စက်တင်ဘာလထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဆောင်းပါးများရေးသားသည်။ ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါကိစ္စအတွက် တရားခံ၏မိခင်က ဆောင်းပါးရှင်၊ မဂ္ဂဇင်းအုပ်ချုပ်ရေးမှူး၊ တာဝန်ခံ စာတည်းနှင့် ဖြန့်ချိရေးမှူးတို့ကို ၁၉၆၂ ခုနှစ် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေအရ တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုထင်ရှား တွေ့ရှိပြီး ဒဏ်ငွေ ၅၀၀ ကျပ်စီ ဒဏ်တပ်ရိုက်ခြင်း ခံခဲ့ရသည်။

အဆိုပါအမှုကို ၁၉၈၆ ခုနှစ်တွင် ထုတ်ဝေသည့် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စတုတ္ထသုံးလပတ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါစီရင်ထုံး ဒေါ်အေးကြည်နှင့် ဦးဝင်းသောင် ပါ-၄ ၁၉၈၆ ခုနှစ် မ.တ.စ၊ စာ-၉၁ အမှုတွင် အထူးသဖြင့် တရားရုံးတွင် လက်ခံစစ်ဆေးကြားနာလျက်ရှိသည့် အမှုများနှင့်စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းစဉ်အခါတွင်လည်းကောင်း၊ အမှုစစ်ဆေးဆောင်ရွက်ရာတွင်လည်းကောင်း ပါဝင်ပတ်သက်နေသူများသည် အဆိုပါအမှုအား တရားရုံးက အပြီးသတ် ဆုံးဖြတ်ခြင်းမပြုသေးမီ မိမိတို့ စုံစမ်းစစ်ဆေးတွေ့ရှိထားသည့် အမှုအကြောင်းအရာများကို ရေးသားထုတ်ဖော် ပြောဆိုခြင်းမှ ပိုမို သတိပြု ဆင်ခြင်သင့်ကြောင်း မှတ်ချက်ပြုလိုပေသည်”ဟု လမ်းညွှန်ထုံးဖွဲ့ထားပါသည်။

သို့ဖြစ်ရာ ဂျာနယ်များတွင် သတင်းလက်ဖက်ရည်ဝိုင်း၊ သတင်းကွမ်းယာဆိုင် စသဖြင့် မှုခင်းများကို အမည်နာမတပ်၍ တစ်တစ်ခွခွရေးသားဖော်ပြကာ တရားရုံးသဖွယ် အဆုံးအဖြတ်ပြုနေခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။

သမီးငယ်လေး Victoria ၏အမှုကို ဦးဆောင်ထုတ်ဖော်နေသူ ‘သက္ကမိုးညို’ Account အပိုင်ရှင်ကို ရဲတပ်ဖွဲ့က တရားစွဲထားသည်ဟုလည်း ကြားရပြန်သည်။

အမှန်ဖြစ်လျှင်မူကား မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ ဆန်းစစ်ဝေဖန်ခွင့်၊ ဒီမိုကရေစီရပိုင်ခွင့်များသည် သဏ္ဌာန်အမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် ရုပ်သိမ်းခံရဖွယ်ရှိနေပြီဟု ဝမ်းနည်းစွာ မှတ်ချက်ပြုရပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

Most Read

Most Recent