အမှုစစ်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သံသယရှိသူ သို့မဟုတ် စွပ်စွဲခံရသူများကို စောင့်ကြည့် လေ့လာခြင်း၊ ခိုင်မာသော သက်သေ အထောက်အထား ရှာဖွေပြုစုခြင်းများ မပြုလုပ်ဘဲ ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်၍ နှိပ်စက် ညှဉ်းပန်းပြီး အဓမ္မဝန်ခံစေခြင်း၊ ချက်ချင်း အမှုစွဲတင်၍ တရားရုံးသို့ တင်ပို့ခြင်းများကြောင့် အကျဉ်းထောင်များ ပိုမို ကျပ်တည်းစေသည်ဟု သုံးသပ်ရရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာ တင်သွင်း

အမှုစစ်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သံသယရှိသူ သို့မဟုတ် စွပ်စွဲခံရသူများကို စောင့်ကြည့် လေ့လာခြင်း၊ ခိုင်မာသော သက်သေ အထောက်အထား ရှာဖွေပြုစုခြင်းများ မပြုလုပ်ဘဲ ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်၍ နှိပ်စက် ညှဉ်းပန်းပြီး အဓမ္မဝန်ခံစေခြင်း၊ ချက်ချင်း အမှုစွဲတင်၍ တရားရုံးသို့ တင်ပို့ခြင်းများကြောင့် အကျဉ်းထောင်များ ပိုမို ကျပ်တည်းစေသည်ဟု သုံးသပ်ရရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာ တင်သွင်း
Published 17 July 2019

အမှုစစ် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သံသယရှိသူ သို့မဟုတ် စွပ်စွဲခံရသူများကို စောင့်ကြည့် လေ့လာခြင်း၊ ခိုင်မာသော သက်သေ အထောက်အထား ရှာဖွေပြုစုခြင်းများ မပြုလုပ်ဘဲ ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်၍ နှိပ်စက်ညှဉ်းပန်းပြီး အဓမ္မဝန်ခံစေခြင်း၊ ချက်ချင်း အမှုစွဲတင်၍ တရားရုံးသို့ တင်ပို့ခြင်းများကြောင့် အကျဉ်းထောင်များ ပိုမိုကျပ်တည်းစေသည်ဟု သုံးသပ်ရရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဇူလိုင် ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအား ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားခဲ့သည်။

ဦးဝင်းမြက “အများသူငှာ ဝင်ထွက် စားသောက်နေတဲ့ စားသောက်ဆိုင် အများသုံးအိမ်သာမှာ မူးယစ်ဆေးဝါး အနည်းငယ် တွေ့ရှိတဲ့အတွက် အကျဉ်းကျခံနေရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေ စသဖြင့် အကျဉ်းမကျသင့်ဘဲ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် အမှုဆင် ဖမ်းဆီးခံရတဲ့အတွက် အကျဉ်းကျနေသူတွေကြောင့်လည်း အကျဉ်းထောင် ကျပ်တည်းမှု ဖြစ်ပေါ်စေတယ်လို့ သုံးသပ်ရရှိပါတယ်။ ဒါ့အပြင် အမှုစစ် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သံသယရှိသူ သို့မဟုတ် စွပ်စွဲခံရသူတွေကို စောင့်ကြည့် လေ့လာခြင်း၊ ခိုင်မာတဲ့ သက်သေ အထောက်အထား ရှာဖွေပြုစုခြင်းတွေ မပြုလုပ်ဘဲ ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်၍ နှိပ်စက် ညှဉ်းပန်းပြီး အဓမ္မဝန်ခံစေခြင်း၊ ချက်ချင်း အမှုစွဲတင်၍ တရားရုံးသို့ တင်ပို့ခြင်းများကြောင့် အကျဉ်းထောင်များ ပိုမို ကျပ်တည်းစေသည်ဟု သုံးသပ်ရရှိပါတယ်”ဟု အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားသည်။

ထို့ပြင် အကျဉ်းထောင်မှ လွတ်မြောက်လာသော ခိုးဆိုးလုယက်သူများကို ရဲတပ်ဖွဲ့ဝင်များထံ အပ်နှံ၍ မည်သည့်ဒေသ၊ မည်သည့် နယ်မြေသို့ပြန်၍ လုပ်ကိုင် စားသောက်မည်ကို မှတ်တမ်း ရယူခြင်းများ ပြုလုပ်ပြီးမှသာ သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လွှတ်ပေးခြင်း၊ အဆိုပါ လွတ်မြောက် အကျဉ်းသားအနေဖြင့်လည်း တစ်ပတ် တစ် ကြိမ် သို့မဟုတ် သတ်မှတ်ကာလ တစ်ခုအတွင်း ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ပုံမှန် သတင်းပို့ အစီရင်ခံနေရခြင်း စသည့် အလေ့အထများ ယခင်က ရှိခဲ့သော်လည်း ယခုအခါ ရဲတပ်ဖွဲ့ဝင် အင်အား နည်းပါးနေသဖြင့် ထိုကဲ့သို့ ဆောင်ရွက်ရန် အားနည်းချက်များ ရှိနေခြင်းကြောင့် ခိုးဆိုး လုယက် ရာဇဝင် လူဆိုးများမှာ ရာဇဝတ်မှုများ အလွယ်တကူ ကျူးလွန်နိုင်ကြပြီး အကျဉ်းထောင်သို့ အကြိမ်ကြိမ် ပြန်လည် ရောက်ရှိလာခြင်းသည် အကျဉ်းထောင် ကျပ်တည်းမှုကို ပိုမိုဖြစ်စေသည်ဟု သုံးသပ်ရရှိကြောင်း ဦးဝင်းမြက ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း အကျဉ်းထောင်  ၂၅ ခုနှင့် အကျဉ်းစခန်း ၂၅ ခုကို စစ်ဆေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကျဉ်းထောင် ၄၄ ခုအား ၆၈  ကြိမ်၊ အကျဉ်းစခန်း ၅၀ ခုရှိသည့်အနက် ၄၁ ခုအား ၅၅ ကြိမ် ကြည့်ရှု စစ်ဆေးနိုင်ခဲ့ကြောင်း၊ စစ်ဆေးခဲ့သည့် အကျဉ်းထောင်များ၏ သတ်မှတ်ထားသည့် ဝင်ဆံ့အင်အား နှင့် စစ်ဆေးသည့်အချိန်တွင် တွေ့ရှိရသည့် အကျဉ်းသားနှင့် အချုပ်သား အင်အားများအရ ဝင်ဆံ့အင်အားထက် ပိုမိုများပြားနေသည့် အကျဉ်းထောင်များကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း ဦးဝင်းမြက ပြောကြားသည်။

ဆက်လက်၍ စစ်ဆေးခဲ့ပြီးသည့် အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေမှာ တစ်နှစ်ထက် တစ်နှစ်၊ တစ်ကြိမ်ထက် တစ်ကြိမ် တိုးတက် များပြားလာသည်ကို  တွေ့မြင်ခဲ့ရကြောင်း၊ ဥပမာအားဖြင့် မြစ်ကြီးနား အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ်က ရှိသင့်သည့် အင်အားထက် ၁၄၆ ရာခိုင်နှုန်း ကျော်လွန်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄၁ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၂၅၆ ရာခိုင်နှုန်း ကျော်လွန် များပြားနေခြင်း၊ ညောင်ရွှေ အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ်က ရှိသင့်သည့် အင်အားအောက် ၃၆ ရာခိုင်နှုန်း လျော့နည်းခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၂၄၃ ရာခိုင်နှုန်း ကျော်လွန် များပြားနေခြင်း၊ ရွှေဘိုအကျဉ်းထောင်၌ ၂၀၁၆ ခုနှစ်တွင် ရှိသင့်သည့် အင်အားထက် ၂၉ ရာခိုင်နှုန်း ကျော်လွန်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၁၂၇ ရာခိုင်နှုန်း ကျော်လွန် များပြားနေခြင်း၊ ကျိုင်းတုံ အကျဉ်းထောင်၌ ၂၀၁၇ ခုနှစ်တွင် ၈၆ ရာခိုင်နှုန်း ကျော်လွန်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၁၁၇ ရာခိုင်နှုန်း ကျော်လွန် များပြားနေခြင်းများကို တွေ့မြင်ခဲ့ရကြောင်း၊ ယင်းကဲ့သို့ အကျဉ်းသားဦးရေ ဆက်လက် ကျော်လွန်လာနေခြင်းကို ထိန်းချုပ်နိုင်ခြင်း မရှိပါက အကျဉ်းထောင်အတွင်း လူဦးရေကျပ်တည်းမှုကြောင့် မလိုလားအပ်သည့် အုပ်ချုပ်မှု ပြဿနာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ရရှိကြောင်း အစီရင်ခံစာ တင်သွင်းစဉ် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent