လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ထားရန်ကိစ္စနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီ၏ အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်မရ

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ထားရန်ကိစ္စနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီ၏ အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်မရ
Published 15 July 2019
စိုးမင်းထိုက်၊ စည်သူ

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ထားရန်ကိစ္စနှင့် ပတ်သက်၍  ပြည်ခိုင်ဖြိုးပါတီ၏ အရေးကြီးအဆိုအား  ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့် မရကြောင်း အဆိုတင်သွင်းသူ လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။

နေပြည်တော်၌ ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း တင်သွင်းခွင့် မရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောကြားသည်။

“ဒီနေ့ပဲ တင်လိုက်တာ။ လက်မခံဘူး။ မီတာခ တက်တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ ကုန်စျေးနှုန်း ကြီးနေတဲ့အချိန် အခွန်အကောက်တွေ များနေတဲ့အချိန် အဲ့ဒီအချိန်မှာ အခုမီတာခပါ ထပ်တက်လာရင် ကုန်စျေးနှုန်းလည်း ကြီးမယ်။ ဒါကြောင့်မို့ ဒီဥစ္စာလေးကို နေ့စဉ်ဘဝမှာ ပြည်သူတွေ သောက ဖြစ်နေတာကြောင့် ရပ်ဆိုင်းထားပေးဖို့အတွက် ဆိုင်းငံ့ထားပေးရန်ဆိုပြီး တင်သွင်းလိုက်တာကို ပယ်ချခဲ့ရတာပါ။ ပယ်ချလိုက်တယ် ဆိုတာကို ညွှန်ချုပ်က လာပြောတာပေ့ါနော်” ဟု ဒေါက်တာမောင်သင်း ကပြောသည်။

အဆိုအား လက်မခံခြင်းသည် အဆိုပါကိစ္စသည် လွှတ်တော်အနေဖြင့် ရှင်းလင်းရန် မလိုသောကြောင့်ဟု ပြောကြားခဲ့ကြောင်း ၎င်းကပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနသည် စီးပွားရေးလုပ်သည့်ဌာန မဟုတ်ဘဲ ပြည်သူအတွက် အလုပ်လုပ်သည့် ဌာနဖြစ်ကြောင်း၊ ပြည်သူ့အခွန်အကောက်ဖြင့် အလုပ်လုပ်ခြင်း ဖြစ်ကြောင်းနှင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် ဆောင်ရွက်ရန် အရေးကြီးကြောင်း အဆိုရှင်က ပြောကြားသည်။

အဆိုရှင် တင်သွင်းသော အရေးကြီးအဆိုသည် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် အထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝမှာ စိတ်သောကဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါသဖြင့် နိုင်ငံတော်အစိုးရမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ထားရန် အဆိုဖြစ်ကြောင်း သိရသည်။

ယင်းအဆိုတွင် ကျိုးကြောင်းဖော်ပြချက် အနေဖြင့် ပြည်သူများ၏ လက်တွေ့ဘဝတွင် နှစ်စဉ် မြင့်မားလာနေသည့် ကုန်စျေးနှုန်း၊ များပြားလွန်းနေသည့် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေ၊ တိုးမြှင့်ကောက်ခံလာသော အခွန်အမျိုးမျိုး၊ အမြင့်မားဆုံး ရောက်နေသည့် ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်း မြင့်တက်မှု စသည်တို့ကို ခါးသီးစွာ ခံစားနေရသည့်အချိန်တွင် ပြည်သူလူထုအတွက် လျှပ်စစ်မီတာခကိုပါ ထပ်မံ တိုးမြှင့်ကောက်ခံလိုက်ပါက ပြည်သူလူထု အနေဖြင့် ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာသည်ကို ခါးစီး ခံစားကြရမည်ဖြစ်ပြီး စားဝတ်နေရေးလည်း လွန်စွာ ခက်ခဲသွားနိုင်ကာ ပြည်သူများ၏ နေ့စဉ်ဘဝတွင် စိတ်သောကဖိစီးမှုကို ဖြစ်စေနိုင်ပါသဖြင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ထားရန် အရေးကြီးအဆို တင်သွင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

Most Read

Most Recent